News @ M-Media

Tag: Nigeria

  • နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုကြောင့် သေဆုံးသွာသူများ

    -နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းမှာ စနေနေ့က မွတ်စလင် ၉၀ ပါတဲ့ ခရီးသွားတွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပါတယ်။

    ​နိုက်ဂျီးရီးယားရဲ့ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စားကျက်၊ မြေနဲ့ ရေရင်းမြစ် ထိန်းချုပ်လိုမှုတွေကြောင့် မွတ်စလင်မွေးမြူရေးသမားတွေနဲ့ ခရစ်ယာန် လယ်သမားတွေအကြား မကျေလည်မှုဖြစ်နေတာ နှစ်ချီရှိနေပါပြီ။

    အဲဒီပြဿနာတွေကနေတစ်ဆင့် အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်လေ့ရှိပါတယ်။ အလယ်ပိုင်း ပလက်တိုပြည်နယ်မြို့တော် ဂျို့စ်ရဲ့ ဆင်ခြေဖုံးမှာ ဖြစ်ခဲ့တဲ့ စနေနေ့အဖြစ်အပျက်မှာ ဘတ်စ်ကား ၅ စီးနဲ့ လိုက်ပါလာတဲ့ မွတ်စလင်တွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ Irigwe က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း ၂၁ ဦးသေဆုံးကာ၊ ၁၄ ဦး ဒဏ်ရာရခဲ့ပြီး ၂၁ ဦးကို ကယ်ဆယ်နိုင်တယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပလက်တိုပြည်နယ်အစိုးရ တာဝန်ရှိသူ ဒန်လာဒီ အာတူက သေဆုံးသူအရေအတွက်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တာထက် များပြားကာ ပျောက်ဆုံးနေသူတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Irigwe အဖွဲ့ဟာ တိုက်ခိုက်မှုမှာ ဓားတွေ၊ ကျောက်ခဲတွေ အသုံးပြုခဲ့တယ်လို့ မျက်မြင်ကြုံရသူတွေက ဆိုပါတယ်။

    ပလက်တိုမြို့တော် ဂျို့စ်ဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားလေ့ရှိရာ နေရာဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာက အပြန်အလှန် တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၉၁၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Alarabiya

  • ကလေးများအား အဓမ္မကျင့်သူကို သေဒဏ်ပေးမည့် ဥပဒေတစ်ခု နိုက်ဂျီးရီးယားတွင် ပြဌာန်း

    ကလေးများအား အဓမ္မကျင့်သူကို သေဒဏ်ပေးမည့် ဥပဒေတစ်ခု နိုက်ဂျီးရီးယားတွင် ပြဌာန်း

    စက်တင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    operating equipment

    -အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို အဓမ္မကျင့်တဲ့သူတွေကို ကွပ်မျက်မယ့် ဥပဒေကို နိုက်ဂျီးရီးယားနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ပြဌာန်းလိုက်ပါတယ်။

    ကိုရိုနာကပ်ရောဂါကြောင့် Lock Down ချထားတဲ့အချိန် အဓမ္မကျင့်မှု မြင့်တက်လာတာကို တားဆီးဖို့အတွက် နိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်မှာ ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    အသက် ၁၄ နှစ်အထက် လူငယ်တွေကို အဓမ္မကျင့်သူတွေကိုတော့ အခုဥပေဒသစ်အရ သင်းကွပ်မှာ ဖြစ်ပါတယ်။

    ကာဒူနာပြည်နယ်အုပ်ချုပ်ရေးမှူး နာဆီရ် အဟ်မန် အလ်-ရူဖိုင်က ကလေးငယ်တွေအပေါ် ဆိုးရွားတဲ့ ရာဇ၀တ်မှု ကျူးလွန်တာကို တားဆီးဖို့အတွက် ဒီလို ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလရဲ့ အချက်အလက်တွေအရ နိုက်ဂျီးရီးယား အမျိုးသမီး ၄ ဦးမှာ ၁ ဦးက အသက် ၁၈ နှစ်ပြည့်ခင်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရတယ်လို့ ဆိုပါတယ်။

    Ref: RT

  • တမန်တော်မိုဟမ္မဒ်ကို စော်ကားမှုဖြင့် အဆိုတော်တစ်ဦးကို နိုက်ဂျီးရီးယားက သေဒဏ်ချ

    တမန်တော်မိုဟမ္မဒ်ကို စော်ကားမှုဖြင့် အဆိုတော်တစ်ဦးကို နိုက်ဂျီးရီးယားက သေဒဏ်ချ

    ဩဂုတ် ၁၁၊ ၂၀၂၀
    M-Media

    အမီနူကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြမှု

    -တမန်တော်မိုဟာမ္မဒ်ကို စော်ကားပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွတ်စလင်အဆိုတော်တစ်ဦးကို နိုက်ဂျီးရီးယား ရှရီအာတရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

    နိုင်ငံမြောက်ပိုင်း ကာနိုပြည်နယ်က အသက် ၂၂ နှစ်အရွယ် အဆိုတော် ယာယာ ရှာရစ်ဖ် အမီနူဆိုသူဟာ သူရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို မတ်လအတွင်းက WhatsApp မှာ ဖြန့်ဝေခဲ့တာပါ။

    ဒီသီချင်းမှာ ဆူဖီဝိပဿနာဂိုဏ်းတစ်ခုက အကြီးအကဲတစ်ဦးကို တမန်တော်မိုဟမ္မဒ်ထက် ပိုမိုကြီးမြတ်သယောင်ယောင် ရေးသားစပ်ဆိုထားတယ်လို့ ဝေဖန်မှုတွေရှိလာခဲ့ပြီးတဲ့နောက် အမီနူဟာ ဖမ်းဆီး တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။

    ကာနိုပြည်နယ်ရဲ့ ရရှီအာ တရားရုံးက အမီနူဟာ ဘာသာသာသနာကို ညှိုးနွမ်းစေမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် ကြိုးပေးကွပ်မျက်ဖို့ မနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ အမီနူကတော့ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ ကာနိုပြည်နယ်မှာ ပြစ်မှုဆိုင်ရာဥပဒေအပြင်၊ ရရှီအာဥပဒေကိုလည်း ပြဌာန်းထားပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ လက်ထပ်မှု၊ ကွာရှင်းမှု၊ ဘာသာရေးအရ တားမြစ်ထားတဲ့ကိစ္စတွေ ကျူးလွန်လုပ်ဆောင်မှုတွေကို ကိုင်တွယ်ပါတယ်။ ရှရီအာဥပဒေဟာ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာပဲ သက်ရောက်တာ ဖြစ်ပါတယ်။

    နိုက်ဂျီးရီးယားနိုင်ငံမှာ ရှရီအာ တရားရုံးတွေကို ၁၉၉၉ ခုနှစ်ကစတင်က ပြန်လည် အသုံးပြုခဲ့တာဖြစ်ပြီး အခုအချိန်အထိ ကွပ်မျက်မှုတစ်ခုသာ ရှိပါတယ်။ ဒါကတော့ ​ဇနီးနဲ့ သားသမီး ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို ၂၀၀၂ ခုနှစ်မှာ ကြိုးပေးကွပ်မျက်ခဲ့တာပါ။

    အမီနူရဲ့သီချင်းကြောင့် ပြည်နယ်အတွင်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သူ့ရဲ့ မိသားစုနေအိမ်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

    ယာယာ ရှာရစ်ဖ် အမီနူဟာ Tijaniya ဆူဖီဝိပဿနာဂိုဏ်းဝင်ဖြစ်ပြီး ဂိုဏ်းဝင်တွေအကြား ဓမ္မတေးသီဆိုသူအဖြစ် သိကြပါတယ်။

    Ref: BBC

  • လက်နက်နှင့် နွား လဲလှယ်မည့်အစီအစဉ်တစ်ခု နိုက်ဂျီးရီးယားတွင် စတင်

    လက်နက်နှင့် နွား လဲလှယ်မည့်အစီအစဉ်တစ်ခု နိုက်ဂျီးရီးယားတွင် စတင်

    ဇူလိုင် ၁၈၊ ၂၀၂၀
    M-Media

    -လူဆိုးဂိုဏ်းတွေ၊ နွားခိုးဂိုဏ်းတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာဒေသမှာ သေနတ်နဲ့နွား လဲလှယ်ရေးအစီအစဉ်တစ်ခုကို နိုက်ဂျီးရီးယားအာဏာပိုင်တွေက စတင်ခဲ့ပြီး လက်နက်စွန့်ကာ ဒေသတွင်း ငြိမ်းချမ်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ဇမ်ဖာရာမှာ လက်နက်ကိုင် လူဆိုးဂိုဏ်းတွေ လှုပ်ရှားမှုဟာ အချိန်အတော်ကြာ ရှိနေခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးနွေးနွေးမှုတွေကလည်း အောင်မြင်မှုမရပါဘူး။

    ပြည်နယ်အုပ်ချုပ်ရေးမှူး ဘယ်လို မာတာဝါလီက အခု အစီအစဉ်အသစ်အရ ရိုင်ဖယ်တစ်လက် အပ်နှံသူကို နွားနှစ်ကောင်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်နက်အပ်ရင် ငွေပေးတဲ့ အရင်အစီအစဉ်ဟာ လက်နက်တွေ ပိုဝယ်ဖို့ အားပေးသလိုဖြစ်နေတာကြောင့် အခုအစီအစဉ်က ရာဇဝတ်ဂိုဏ်းတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

    ဒါပေမယ့် ဇမ်ဖာရာဒေသအတွင်း နွားခိုး၊ ကျွဲခိုးအလုပ်၊ ပြန်ပေးဆွဲတဲ့ အလုပ်တွေဟာ အမြတ်အစွန်း အများအပြား ရရှိတာကြောင့် အစိုးရရဲ့ ဒီအစီအစဉ်က အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    နိုက်ဂျီးရီးယားအနောက်မြောက်ပိုင်းမှာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေကြောင့် အနည်းဆုံး လူပေါင်း ၈ ထောင်လောက် သေဆုံးခဲ့ပြီး ၂ သိန်းလောက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    Ref: Aljazeera

  • နိုက်ဂျီးရီးယားတွင် ‘လာဆာအဖျား’ ကူးစက်ဖြစ်ပွားပြီး လူ ၇၀ သေဆုံး

    နိုက်ဂျီးရီးယားတွင် ‘လာဆာအဖျား’ ကူးစက်ဖြစ်ပွားပြီး လူ ၇၀ သေဆုံး

    ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀
    M-Media

    -နိုက်ဂျီးရီးယားနိင်ငံမှာ ‘လာဆာ’ ဆိုတဲ့ အဖျားတစ်မျိုး ပြန့်နှံ့ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၇၀ လောက် ရှိလာပြီလို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

    လာဆာအဖျားဆိုတာ ကြွက်ရဲ့ ကျင်ငယ်၊ ကျင်ကြီးတို့နဲ့ ရောနှောနေတဲ့ အစားအသောက်တွေ အိမ်သုံးပစ္စည်းတွေကနေတစ်ဆင့် လူတွေကို ကူးစက်တဲ့အဖျားတစ်မျိုးဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းက ပြည်နယ် ၃ ခုမှာ ဇန်နဝါရီ အလယ်ပိုင်းလောက်ကစပြီး ဖြစ်ပွားနေတာပါ။

    အခုတစ်တစ်ပတ်အတွင်း ‌ဒီရောဂါကြောင့် သေဆုံးသူဟာ ၈ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇၀ လောက် ရှိလာတာ ဖြစ်ပါတယ်။ ကူးစက်နေသူကတော့ ၄၇၂ ဦးရှိတယ်လို့ နိုင်ငံဂျီးရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ (NCDC) က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ဒါဟာ စတင်ဖြစ်ပွားတဲ့အချိန်ကထက်စာရင် သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ကူးစက်တယ်လို့ သံသယရှိသူအရေအတွက်ကတော့ ၁၇၀၈ ဦးအထိ ရှိလာပါတယ်။

    ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ပါးစပ်မှာ ပြည်တည်နာဖြစ်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ အရေပြားမှာ အနီစက်တွေထွက်တာ၊ နှလုံးနဲ့ ကျောက်ကပ် ပျက်ဆီးတာတွေဖြစ်ပါတယ်။ ရောဂါပိုး ပေါက်ဖွားပြန့်နှံ့တဲ့ကာလက ၂၁ ရက်ဖြစ်ပြီး လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ စွန့်ပစ္စည်းပစ္စည်းတွေကနေတစ်ဆင့် ကူးစက်ပါတယ်။

    ၁၉၆၉ ခုနှစ် နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း လာဆာဆိုတဲ့မြို့မှာ ပထမဆုံးတွေ့ရှိခဲ့ရာကနေ အစွဲပြုပြီး လာဆာအဖျားလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ အီဘိုလာနဲ့ မာဘာ့ဂ်တို့လို ဗိုင်းရပ်စ်မျိုးနဲ့ ဆင်တူပေမယ့် လာဆာအဖျားက အသေအပျောက် ပိုမိုနည်းပါးပါတယ်။

    အာဖရိကမှာ လာဆာအဖျားကူးစက်မှုဟာ နှစ်စဉ် ၁ သိန်းကနေ ၃ သိန်းလောက်ရှိနေပြီး သေဆုံးသူကတော့ ၅၀၀၀ လောက်ရှိပါတယ်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာ သိရှိမယ်ဆိုရင်တော့ ribavirin ဆေးမျိုးနဲ့ ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    Ref : Aljazeera