News @ M-Media

လက်နက်နှင့် နွား လဲလှယ်မည့်အစီအစဉ်တစ်ခု နိုက်ဂျီးရီးယားတွင် စတင်

ဇူလိုင် ၁၈၊ ၂၀၂၀
M-Media

-လူဆိုးဂိုဏ်းတွေ၊ နွားခိုးဂိုဏ်းတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာဒေသမှာ သေနတ်နဲ့နွား လဲလှယ်ရေးအစီအစဉ်တစ်ခုကို နိုက်ဂျီးရီးယားအာဏာပိုင်တွေက စတင်ခဲ့ပြီး လက်နက်စွန့်ကာ ဒေသတွင်း ငြိမ်းချမ်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဇမ်ဖာရာမှာ လက်နက်ကိုင် လူဆိုးဂိုဏ်းတွေ လှုပ်ရှားမှုဟာ အချိန်အတော်ကြာ ရှိနေခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးနွေးနွေးမှုတွေကလည်း အောင်မြင်မှုမရပါဘူး။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဘယ်လို မာတာဝါလီက အခု အစီအစဉ်အသစ်အရ ရိုင်ဖယ်တစ်လက် အပ်နှံသူကို နွားနှစ်ကောင်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်နက်အပ်ရင် ငွေပေးတဲ့ အရင်အစီအစဉ်ဟာ လက်နက်တွေ ပိုဝယ်ဖို့ အားပေးသလိုဖြစ်နေတာကြောင့် အခုအစီအစဉ်က ရာဇဝတ်ဂိုဏ်းတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမယ့် ဇမ်ဖာရာဒေသအတွင်း နွားခိုး၊ ကျွဲခိုးအလုပ်၊ ပြန်ပေးဆွဲတဲ့ အလုပ်တွေဟာ အမြတ်အစွန်း အများအပြား ရရှိတာကြောင့် အစိုးရရဲ့ ဒီအစီအစဉ်က အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

နိုက်ဂျီးရီးယားအနောက်မြောက်ပိုင်းမှာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေကြောင့် အနည်းဆုံး လူပေါင်း ၈ ထောင်လောက် သေဆုံးခဲ့ပြီး ၂ သိန်းလောက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Ref: Aljazeera