News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ထိပ်တန်းအကြံပေး စင်ကာပူရောက်လာ

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ထိပ်တန်းအကြံပေး စင်ကာပူရောက်လာ

    မေ ၂၉၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ထိပ်တန်းအကြံပေး ကင်ချန်ဆွန်ဟာ မနေ့က စင်ကာပူကို ရောက်လာခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ဖြစ်လာရေး ဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ကင်ချန်ဆွန်ဟာ တရုတ်ကနေတစ်ဆင့် လေယာဉ်နဲ့ စင်ကာပူကို ရောက်ရှိလာတာပါ။ စင်ကာပူသွားရောက်တဲ့ကိစ္စဟာ အမေရိကန်နဲ့ ဆွေးနွေးမှုလုပ်ဖို့လားလို့ ဘေဂျင်းလေဆိပ်မှာ သတင်းထောက်တစ်ယောက်က မေးတဲ့အခါ သူက ‘သွားကစားမှာ’ လို့ ဖြေခဲ့ကြောင်း Nippon Television Network က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

    အိမ်ဖြူတော်က ထိပ်တန်းတာဝန်ရှိသူ ဂျိုး ဟာဂင်ဦးဆောင်တဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာလည်း ဂျပန်က US Yokota လေတပ်စခန်းကနေ မနေ့က စင်ကာပူကို ထွက်ခွာခဲ့တယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။

    အိမ်ဖြူတော်ကတော့ အဲဒီရှေ့ပြေးအဖွဲ့ဟာ မြောက်ကိုရီးယားအဖွဲ့နဲ့ တွေ့ဆုံဖို့ သွားရောက်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ဒုတိယဥက္ကဌ ကင်ယွန် ချိုလ်ကလည်း တရုတ်အာဏာပိုင်တွေနဲ့ ဘေဂျင်းမှာတွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သွားဖို့ ရှိနေတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

    မြောက်အမေရိကဆိုင်ရာ ကိစ္စတွေမှာ ပါဝင်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ချိုကန်အီလ်ကိုလည်း ဘေဂျင်းနိုင်ငံတကာလေဆိပ်မှာ တွေ့ခဲ့ရတယ်လို့ Yonhap က ဆိုပြီး ကင်ယွန်ချိုလ်နဲ့ အမေရိကန်လိုက်သွားမလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာ သမ္မတထရမ့်က ကင်ဂျုံအွန်နဲ့ တွေ့ဆုံမယ့်ကိစ္စကို ဖျက်သိမ်းတယ်လို့ ပြောကြားခဲ့ပေမယ့် မြောက်ကိုရီးယားဖက်က အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေကြောင့် ဇွန်လ ၁၂ ရက်နေ့ ထိပ်သီးအစည်းအဝေး ဖြစ်မြောက်ရေး ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။

    အဲဒီထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်လည်း တက်ရောက်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: CNA

  • ကိုရီးယားခေါင်းဆောင်နှစ်ဦး ရုတ်တရက် တွေ့ဆုံ

    ကိုရီးယားခေါင်းဆောင်နှစ်ဦး ရုတ်တရက် တွေ့ဆုံ

    မေ ၂၆၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့ဟာ ဒီကနေ့မှာ ရုတ်တရက်တွေ့ဆုံခဲ့ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေး အောင်မြင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းရွာမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တစ်လအတွင်း ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ကင်နဲ့ မွန်တို့ဟာ ပြီးခဲ့တဲ့လ တွေ့ဆုံမှုတွင်း ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် အကောင်အထည်ဖော်ရေး၊ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ဖြစ်မြောက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    ဆွေးနွေးမှုအသေးစိတ်ကို တနင်္ဂနွေနေ့မနက်ပိုင်းမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၂ ရက်နေ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားမှုကို ဖျက်သိမ်းတယ်လို့ ကြာသာပတေးနေ့မှာ ကြေငြာခဲ့ပါတယ်။

    မြောက်ကိုရီးယားက ထိပ်သီးအစည်းအဝေးအတွက် တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ တုန်ပြန်ခဲ့ပြီးတဲ့နောက် အမေရိကန်က တွေ့ဆုံမှုပြန်ဖြစ်ရေး ဆွေးနွေးမှုတွေ ပြလုပ်နေပါတယ်။

    Politico မဂ္ဂဇင်းက အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူ ၃၀ လောက်ပါဝင်တဲ့ ရှေ့ပြေးအဖွဲ့တစ်ခုဟာ အခုသီတင်းပတ်နှောင်းပိုင်းမှာ စင်ကာပူကို သွားဖို့ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: CNA

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၆၊ ၂၀၁၈
    M-Media

    ဖီဖာဥက္ကဌနှင့် တွေ့ဆုံနေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    ထရမ့်-ကင်ဂျုံအွန်တို့ ဆွေးနွေးပွဲ ပြန်ဖြစ်လာမည်
    ==============
    ဇွန်လ ၁၂ ရက်နေ့မှာ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံရေးကိစ္စ ပြန်လည်ဖြစ်မြောက်လာအောင် ဆွေးနွေးမှုတွေလုပ်နေပြီး အခြေအနေကောင်းနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့ညပိုင်းမှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်လိုမှု၊ ဒေါသတွေကို တွေ့ရတဲ့အတွက် တွေ့ဆုံပွဲကို ဖျက်သိမ်းတယ်လို့ ထရမ့်က ကြာသာပတေးနေ့မှာ ကြေငြာခဲ့တာပါ။ ဒါပေမယ့် မြောက်ကိုရီးယားဖက်က တံခါးဖွင့်ထားဆဲလို့ ထုတ်ပြန်တာကြောင့် အမေရိကန်က ဆွေးနွေးပွဲကို ပြန်အသက်သွင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

    အသတ်ခံရသည်ဟု သတင်းထွက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား လူမြင်ကွင်းပြန်ထွက်
    =====================
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ အန်ဖန်တီနိုနဲ့ တွေ့ဆုံခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်း ပထမဆုံး လူမြင်ကွင်းကို ပြန်ထွက်လာတာ ဖြစ်ပါတယ်။ ပြီ ၂၁ ရက်နေ့က ရီယာ့ဒ်မှာရှိတဲ့ နန်းတော်မှာ သေနတ်သံတွေကြားခဲ့ရပြီး ဘင်ဆလ်မန်ကို မကျေနပ်တဲ့ တော် ၀င်မင်းသားတွေက အာဏာသိမ်းတာဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆော်ဒီအစိုးရကတော့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချတာလို့ သတင်းထုန်ပြန်ပါတယ်။ ဘင် ဆလ်မန်ဟာ အဲဒီအဖြစ်အပျက်အပြီးမှာ လူမြင်ကွင်းကနေ လုံးဝပျောက်သွားခဲ့ပြီး အာဏာသိမ်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပါတယ်။

    ကနေဒါရှိ အိန္ဒိယစားသောက်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်
    ===============
    ကနေဒါနိုင်ငံ တိုရွန်တိုဆင်ခြေဖုံးက အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ ကြာသာပတေးနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ရှာဖွေနေတယ်လို့ ကနေဒါရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီသံသယရှိသူနှစ်ယောက်ဟာ Bombay Bhel ဆိုတဲ့ စားသောက်ဆိုင်ကို မျက်နှာတွေဖုံးကာ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ လက်ရှိအချိန်အထိ အကြမ်းဖက်မှုလုပ်ရပ်၊ အမုန်းဆောင်ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အနေအထားမျိုးကို မတွေ့ရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဟောလီးဝုဒ် နာမည်ကြီးထုတ်လုပ်သူ လိင်စော်ကားမှုဖြင့် တရားစွဲခံရ
    ================
    ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ၀ိုင်စတိန်းဟာ အဓမ္မကျင့်မှု လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ မနေ့မှာ တရားစွဲခံခဲ့ရပါတယ်။ မင်းသမီးဟောင်း လူစီယာ အီဗန်စ်က ၀ိုင်စတိန်းဟာ ၂၀၀၄ ခုနှစ်မှာ သူမကို လိင်စော်ကားမှုလုပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီးတဲ့နောက်ပိုင်း အခြား ရုပ်ရှင်လောကသား တော်တော်များ များကလည်း ၀ိုင်စတိန်းရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ မနေ့က ၀ိုင်စတိန်းကို အမျိုးသမီးနှစ်ဦးအပေါ် ကျူးလွန်မှုနဲ့ နယူးယောက်က တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး ဒေါ်လာ တစ်သန်းတန် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ၀ိုင်စတိန်းက နှစ်ဦးသဘောတူခြင်းမရှိဘဲ လိင်ပိုင်းဆိုင်ရာ ပတ်သက်တာမျိုး မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ GPS နောက်ယောက်ခံစနစ် ၀င်ဆင်ဖို့၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ဖို့ စတာတွေကိုလည်း ၀ိုင်စတိန်းက သဘောတူခဲ့ရပါတယ်။

    Ref: Aljazeera, CNN, BBC

  • ကင်ဂျုံအွန်နှင့်တွေ့ရန် စီစဉ်မှုကို ဖျက်သိမ်းကြောင်း အမေရိကန်ကြေငြာ

    ကင်ဂျုံအွန်နှင့်တွေ့ရန် စီစဉ်မှုကို ဖျက်သိမ်းကြောင်း အမေရိကန်ကြေငြာ

    မေ ၂၄၊ ၂၀၁၈
    M-Media

    – လာမယ့် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    ပြီးခဲ့တဲ့လက ကင်ဂျုံအွန်ဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက်ကင်းရှင်းအောင် ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တောင်ကိုရီးယားရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကင်ဂျုံအွန်နဲ့ထရမ့်တို့ တွေ့ဆုံဖို့ ဖြစ်လာတာပါ။

    ဒါပေမယ့် မြောက်ကိုရီးယားထံကနေ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင်မှုအပေါ် ဆန့်ကျင်တဲ့ ပြောကြားမှုတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ ထွက်လာပြီးတဲ့နောက် တင်းမာမှုတွေ ပြန်လည် မြင့်တက်လာပါတယ်။

    ဒေါ်နယ်ထရမ့်လက်မှတ်ထိုးကာ အိမ်ဖြူတော်ကထုတ်ပြန်ခဲ့တဲ့ ဒီကနေ့ကြေငြာချက်မှာ မြောက်ကိုရီးယားရဲ့ သည်းခံမှု၊ ကြိုးစားအားထုတ်မှုတွေကို ကျေနပ်ပြီး ထိပ်သီးအစည်းအဝေးဖြစ်လာရေး ဆွေးနွေးမှုတွေကို လေးစားကြောင်း၊ ဒါပေမယ့် လတ်တလော မြောက်ကိုရီးယားရဲ့ စကားတွေမှာ ဒေါသတွေ၊ ရန်လိုမှုတွေကို တွေ့ရတဲ့အတွက် အခုအချိန်ဟာ ဆွေးနွေးပွဲလုပ်ဖို့ မသင့်လျော်ဘူးလို့ ယူဆကြောင်း ဖော်ပြထားပါတယ်။

    အိမ်ဖြူတော်၏ ကြေငြာချက်

    “ဒါ့ကြောင့် နှစ်ဖက်စလုံးအတွက် ကောင်းမွန်ပြီး၊ ကမ္ဘာကြီးအတွက် အဆုံးအဖြစ် ဖြစ်စေမယ့် စင်ကာပူထိပ်သီးအစည်းအဝေး ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဒီကြေငြာချက်က ကိုယ်စားပြုပါစေ။ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ နျူလက်နက်အစွမ်းတွေအကြောင်း ပြောပေမယ့်၊ ကျွန်တော်တို့ကတော့ ပိုပြီးအစွမ်းထက်တဲ့ ကျွန်တော်တို့ရဲ့ လက်နက်တွေကို ဘယ်တော့မှ အသုံးမပြုပါရစေနဲ့လို့ ဘုရားသခင်ထံမှာ နှစ်နှစ်ကာကာ ဆုတောင်းမှာ ဖြစ်ပါတယ်”

    ထိပ်သီးဆွေးနွေးမှုကို ဘယ်တော့ ပြန်လုပ်မလဲဆိုတာကို ကြေငြာချက်မှာ တိတိကျကျ ဖော်ပြထားခြင်းမရှိဘဲ၊ အမေရိကန် ဓားစားခံနှစ်ယောက်ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဒေါ်နယ်ထရမ့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “တကယ်လို့ အရေးပါဆုံး ဒီထိပ်သီးအစည်းအဝေးအတွက် ခင်ဗျားအနေနဲ့ စိတ်ပြောင်းသွားမယ်ဆိုရင် ကျွန်တော့်ကို ဖုန်းခေါ်ပါ၊ ဒါမှမဟုတ် စာရေးပါ။ ကမ္ဘာကြီး၊ အထူးသဖြင့် မြောက်ကိုရီးယားဟာ ငြိမ်ချမ်းရေး၊ သာယာဝပြောရေးနဲ့ ချမ်းသာကြွယ်ဝရေး မဟာခွင့်အလမ်းကြီးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါပြီ။ ဒါဟာ သမိုင်းမှာ
    တကယ့်ကို ၀မ်းနည်းစရာ ဆုံးရှုံးမှုကြီးပါပဲ” လို့ ကြေငြာချက်ကို အဆုံးသတ်ထားပါတယ်။

    Ref: CNA

  • နျူစမ်းသပ်ရာနေရာကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီး

    နျူစမ်းသပ်ရာနေရာကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီး

    မေ ၂၄၊ ၂၀၁၈
    M-Media

    ဂြိုဟ်တုမှတွေ့ရသည့် Punggye-ri နျူစမ်းသပ်ရာနေရာ

    – မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံခြား ဂျာနယ်လစ်တွေရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ နျူစမ်းသပ်ရာနေရာကို ဒီကနေ့ ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။

    နိုင်ငံ အရှေ့မြောက်ပိုင်း လူသူအရောက်အပေါက်နည်းရာ တောင်တန်းဒေသမှာ တည်ရှိတဲ့ Punggye-ri နျူစမ်းသပ်ရာနေရာကို အခုလို ဖြိုချလိုက်ခြင်းဟာ ခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ကတိက၀တ်တစ်ခုကို အကောင်အထည်ဖော်လိုက်တာပါ။

    တောင်ကိုရီးယားအစိုရကတော့ ဒါဟာ ‘နျူကင်းစင်ရေးအတွက် ပထမခြေလှမ်းဖြစ်တယ်’ လို့ ထုတ်ပြန်ခဲ့ပါတယ်။

    “ဒါဟာ လုံးဝ နျူကင်းစင်ရေး ရှေ့ဆက်ဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုကျူဒက်က ပြောကြားခဲ့ပါတ
    ယ်။

    မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူစမ်းသပ်မှု ၆ ခုစလုံးကို Punggye-ri မှာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့လမှာ တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ ကင်ဂျုံအွန်ဟာ လာမယ့်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။

    ဒါပေမယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်တဲ့အနေနဲ့ တွေ့ဆုံမှုကို ဖျက်သိမ်းသွားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပါတယ်။ ထရမ့်ကလည်း သူနဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံမှုကို ရွှေ့ဆိုင်းနိုင်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Re: Alajazeera