News @ M-Media

Tag: north korea

  • ကင်ဂျုံအွန်နှင့် စင်ကာပူတွင်တွေ့မည်ဟု ထရမ့်ကြေငြာ

    ကင်ဂျုံအွန်နှင့် စင်ကာပူတွင်တွေ့မည်ဟု ထရမ့်ကြေငြာ

    မေ ၁၀၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာလိုက်ပါတယ်။

    မြောက်ကိုရီးယားနိုင်ငံက လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက်ကို ဒီကနေ့ သွားကြိုပြီးတဲ့နောက် နာရီပိုင်းအကြာ Twitter စာမျက်နှာမှာ ထရမ့်က ဒီလိုကြေငြာလိုက်တာ ဖြစ်ပါတယ်။

    ထရမ့်နဲ့ ကင်တို့ရဲ့ တွေ့ဆုံမှုဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား ခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံ နယ်ခြားက စစ်မဲ့ဇုန်မှာ တွေ့ဆုံမယ်လို့ စောစောပိုင်းက သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ စင်ကာပူက အတည်ဖြစ်လာခဲ့ပါတယ်။

    ဆွေးနွေးပွဲမှာ ထရမ့်ဟာ မြောက်ကိုရီးယားအနေနဲ့ နျူလက်နက် စွန့်လွှတ်ရေး တောင်းဆိုဖို့ ရှိနေပါတယ်။

    Trump က Twitter စာမျက်နှာ၌ ရေးသားမှု

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုဟာ အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားကို လာရောက်ခဲ့ပြီး ဒါဟာ ၆ ပတ်အတွင်း ဒုတိယအကြိမ်မြောက် လာရောက်မှု ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူတို့ ဖမ်းဆီးထားတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ၃ ဦးကို ပွမ်ပီယိုနဲ့ ပြန်ထည့်ပေးခဲ့ပါတယ်။

    Ref: Aljazeera

  • ကန်အကျဉ်းသားများကို မြောက်ကိုရီးယား ပြန်လွှတ်ပေး

    ကန်အကျဉ်းသားများကို မြောက်ကိုရီးယား ပြန်လွှတ်ပေး

    မေ ၉၊ ၂၀၁၈
    M-Media

    ကင်ဂျုံအွန်နှင့်အတူ တွေ့ရသည့် ပွမ်ပီယို

    – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယို ပြုံးယမ်ကို လာရောက်ပြီးတဲ့နောက် မြောက်ကိုရီးယားဟာ သူတို့ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ၃ ဦးကို လွှတ်ပေးလိုက်ပါတယ်။

    အခုတစ်ပတ်အတွင်း လာရောက်ခဲ့တဲ့ ပွမ်ပီယိုရဲ့ ခရီးစဉ်ဟာ ၆ ပတ်အတွင်း ဒုတိမြောက်ဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံဖို့အတွက် လာရောက်တာဖြစ်ပါတယ်။ ဖမ်းထားသူတွေကို ပွမ်ပီယိုနဲ့အတူ ပြန်ထည့်ပေးလိုက်တာဖြစ်ပြီး ထရမ့်က အဲဒီ ၃ ဦးဟာ ကျန်းမာရေးကောင်းပုံရတယ်လို့ ဒီကနေ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မြောက်ကိုရီယားမှာ ဖမ်းဆီးခံထားရသူတွေဟာ ကင်ဒွန်ချူ၊ တိုနီကင်နဲ့ ကင်ဟတ်ဆွန်တို့ဖြစ်ပြီး ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ ဖြစ်ပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်တယ်ဆိုပြီး မြောက်ကိုရီးယားက သူတို့ကို ဖမ်းဆီး အကျဉ်းချထားခဲ့တာပါ။

    ပွမ်ပီယိုနဲ့အတူ သူတို့ ၃ ယောက်ဟာ မနက်ဖြန်မှာ မေရီလန်းကို ရောက်ဖို့ရှိနေပြီး ထရမ့်က သူကိုယ်တိုင် သွားကြိုမယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ဖြူတော်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ သူတို့နိုင်ငံသားတွေကို ဒီလို လွှတ်ပေးခဲ့တဲ့ ကင်ဂျုံအွန်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထရမ့်က ချီးကျူးခဲ့ပြီး၊ စိတ်ထားဖြူစင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။

    ထရမ့်က သူ့နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံမယ့်ရက်၊ နေရာတို့ကို သတ်မှတ်ထားပြီး ဖြစ်တယ်လို့လည်း Twitter စာမျက်နှာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်၏သဘောထားက ကိုရီးယားကျွန်းဆွယ်ကို ခြိမ်းခြောက်နေဟု ကင်ဂျုံအွန်ပြော

    အမေရိကန်၏သဘောထားက ကိုရီးယားကျွန်းဆွယ်ကို ခြိမ်းခြောက်နေဟု ကင်ဂျုံအွန်ပြော

    မေ ၆၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်

    – နျူလက်နက်စွန့်မှ ပိတ်ဆို့မှုတွေ ဖယ်ရှားမယ်ဆိုတဲ့စကားဟာ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ လာမယ့် သီတင်းပတ်အနည်းငယ်မှာ တွေ့ဆုံဖို့ရှိနေပြီးသမိုင်းတစ်လျှောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

    ကင်ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်း နျူလက်နက်ဖျက်သိမ်းရေးကို သဘောတူခဲ့ကြပါတယ်။

    မြောက်ကိုရီးယားအနေနဲ့ နျူလက်နက်ကို လုံးဝ စွန့်လွှတ်မှသာ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်လို့ အမေရိကန်ကပြောကြားခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံခြားရေးတာဝန်ရှိသူတစ်ဦးက အမေရိကန်ဟာ မြာက်ကိုရီးယားအပေါ် တမင် ရန်စနတာဖြစ်ပြီး၊ ပိတ်ဆို့မှုတွေလုပ်မှ၊ အခြား ဖိအားတွေလုပ်မှ နျူလက်နက်ဖျက်သိမ်းရေး ကတိက၀တ် ရမယ်ဆိုပြီး ပြည်သူတွေ အတွေးမှားအောင် ပြုလုပ်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်ကို မြောက်ကိုရီးယားက ပုံမှန်လိုလို ပြစ်တင်ပြောဆိုခဲ့ပေမယ့် ထိပ်သီးအစည်းအဝေးလုပ်ဖို့ စီစဉ်နေတဲ့အချိန် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာတော့ ဒီလိုပြောဆိုမှုတွေ မရှိခဲ့ပါဘူး။

    ဒါပေမယ့် ဒီကနေ့ပေါ်ထွက်လာတဲ့ မြောက်ကိုရီးယားရဲ့ဝေဖန်မှုကြောင့် လတ်တလော တိုးတက်မှုတွေကို စောင့်ကြည့်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

    Ref: BBC

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၅၊ ၂၀၁၈
    M-Media

    မလေးရှား ရဲတပ်ဖွဲ့ဝင်များ

    မီးတောင်လှုပ်ရှားမှုကြောင့် ဟာဝိုင်ယီတွင် အရေးပေါ် ပြောင်းရွှေ့ရ
    ===============
    အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီက ဘစ်ဂ်ကျွန်းမှာ Kilauea မီးတောင် လှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ ၁၇၀၀ လောက်ကို နေအိမ်တွေကနေ အရေးပေါ်ရွှေ့ပြောင်းဖို့အတွက် အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ကျွန်းပေါ်က လမ်းအက်ကြောင်းတွေကနေ ချော်ရည်တွေ ထွက်တဲ့အထိဖြစ်ခဲ့ပြီး ကြာသာပတေးနေ့မနက်ပိုင်းက အင်အား ၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု အပါအ၀င် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ငလျင်အသေးတွေလည်း လှုပ်ခပ်ခဲ့ပါတယ်။

    ၂၀၁၈ စာပေဆိုင်ရာနိုဘယ်ဆုချီးမြှင့်မှုကို ရွှေ့ဆိုင်း
    =============
    အဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေးပြဿနာတွေ ရှိနေတာကြောင့် ၂၀၁၈ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်မှုကို ရွှေ့ဆိုင်းမယ်လို့ ဆွီဒင်အကယ်ဒမီက ပြောကြားလိုက်ပါတယ်။ အကယ်ဒမီဟာ စာပေဆိုင်ရာနိုဘယ်ဆုကို ရွေးချယ်ပေးရတဲ့အဖွဲ့ဖြစ်ပြီး ထင်ရှားတဲ့ အဖွဲ့ဝင် ဂျန် ကလော့ဒီ
    အာနော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ခဲ့တယ်လို့ သတင်းတွေထွက်နေတာကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။ တစ်ခြားနယ်ပယ်တွေအတွက် ဆုတွေကို ဆက်လက်ချီးမြှင့်သွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ၂၀၁၉ ခုနှစ်မှာ ချီးမြှင့်မယ်လို့ အကယ်ဒမီက ထုတ်ပြန်ခဲ့ပါတယ်။

    မြောက်ကိုရီးယားက စံတော်ချိန်ကို တောင်ကိုရီးယားနှင့် တူအောင် ရှေ့တိုး
    ===========
    မြောက်ကိုရီးယားဟာ သူတို့ရဲ့စံတော်ချိန်ကို တောင်ကိုရီးယားနဲ့တူအောင် ဒီကနေ့မှာ မိနစ် ၃၀ ရှေ့တိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စံတော်ချိန်ကို တူအောင်ညှိသွားမယ်လို့ ကတိပေးခဲ့တာပါ။ မြောက်ကိုရီးယားသတင်း
    ဌာနကတော့ ဒီလို အချိန်ရှေ့တိုးမှုဟာ နှစ်နိုင်ငံပေါင်းစည်းရေးအတွက် လက်တွေ့ကျတဲ့ ပထမဆုံးဆောင်ရွက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ကိုရီးယားနှစ်နိုင်ငံနဲ့ ဂျပန်တို့ဟာ စံတော်ချိန် တူသွားပြီ ဖြစ်ပါတယ်။

    မလေးရှားလက်နက်ကိုင်တပ်ဖွဲ့များ လွတ်လပ်စွာ မဲပေးခွင့်ရမည်
    =============
    မေလ ၅ ရက် (ယနေ့) မှာပြုလုပ်တဲ့ ကြိုတင်မဲပေးမှုအတွင်း ကိုယ်နှစ်သက်ရာပါတီကို မဲထည့်လို့ရတယ်လို့ မလေးရှား ရေတပ်နဲ့ ရဲတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင်တွေကို ပြောကြားလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် မဟာသီယာ မိုဟာမက်က တပ်ဖွဲ့ဝင်တွေ လွတ်လပ်စွာ မဲပေးခွင့်ပေးရေး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို တိုက်တွန်းပြီးတဲ့နောက်ပိုင်း ရေတပ်နဲ့ ရဲတပ်ဖွဲ့အကြီးအကဲတွေက ဒီလိုအခွင့်အရေးပေးထားကြောင်း မေလ ၂ ရက်နေ့က Facebook စာမျက်နှာမှာ ကြေငြာခဲ့ပါတယ်။

    Ref: CNA, Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၃၀၊ ၂၀၁၈
    M-Media

    ထိုင်းပြည်သူများ၏ ဆန္ဒပြမှု

    တရုတ်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားမည်
    ================
    နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီဟာ ဒီတစ်ပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်မယ်လို့ တရုတ်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုရဲ့ ဖိတ်ကြားမှုနဲ့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးတွေမှာ သွားရောက်မှာဖြစ်ကာ ၂၀၀၇ ခနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို သွားရောက်တဲ့ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း မေလမှာ တွေ့ဆုံဖို့ရှိပါတယ်။

    အစိုးရဇိမ်ခံအိမ်ယာစီမံကိန်း ဖျက်သိမ်းရေး ထိုင်းပြည်သူများ ဆန္ဒပြ
    ==============
    သစ်တောမြေမှာ အစိုးရဇိမ်ခံအိမ်ယာ ဆောက်လုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဒီစီမံကိန်းကို ရပ်တန့်ဖို့ အစိုးရကို အချိန်တစ်ပတ်ပေးထားပြီး ဒီလိုမှမလုပ်ရင် နောက်ထပ် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးခဲ့ကြပါတယ်။

    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၃ ဦး ထပ်မံသေဆုံး
    =============
    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာမှာ မနေ့က ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းအရပ်သား ၃ ဦး ထပ်မံသေဆုံးသွားပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကတည်းက စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဟာ ၅၀ နီးပါးရှိလာကာ ဒဏ်ရာရသူတွေက ၅၅၀၀ ကျော်လောက် ရှိလာပြီ ဖြစ်ပါတယ်။

    IS နှင့်ပေါင်းသည့် နိုင်ငံခြားအမျိုးသမီးများကို အီရတ်က ထောင်တစ်သက်ချ
    ===============
    IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံမှုနဲ့ ပူးပေါင်းမှုအတွက် ရုရှားနိုင်ငံသား အမျိုးသမီး ၁၉ ဦး၊ အဇာဘိုင်ဂျန်နဲ့ တာဂျီကစ္စတန်က အမျိုးသမီး ၆ ဦးတို့ကို အီရတ်က မနေ့မှာ ထောင်ဒဏ် တစ်သကတ်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ဟာ လိမ်လည်ခေါ်ဆောင်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အခုလအစောပိုင်းကလည်း အီရတ်ဟာ ပြင်သစ်အမျိုးသမီးတစ်ဦးကို IS နဲ့ ပူးပေါင်းမှုအတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ဖူးပါတယ်။

    Ref: Aljazeera, CNA