News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားကိစ္စ အမေရိကန်၏ အစီအစဉ်တွင် စစ်ရေးတုန့်ပြန်မှု ပါဝင်နေဆဲ

    မြောက်ကိုရီးယားကိစ္စ အမေရိကန်၏ အစီအစဉ်တွင် စစ်ရေးတုန့်ပြန်မှု ပါဝင်နေဆဲ

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားအား စစ်ရေးဖြင့် တုန့်ပြန်မှုမှာ ကြောက်စရကောင်းမည်ဖြစ်သော်လည်း ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေဆဲဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ဖက် ထိပ်တန်းအကြံပေး ဂျိုးဆက်ပ် ဒွန်ဖော့ဒ်က ပြောကြားခဲ့သည်။

    တရုတ်သို့ ရောက်ရှိနေစဉ် ဒွန်ဖော့ဒ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်အတွက် အမေရိကန်က စစ်ရေးအရ အရေးယူမည်မဟုတ်ဟု ထရမ့်၏ အခြားအကြံပေးတစ်ဦးဖြစ်သူ စတီဗ် ဘန်နွန်၏ပြောကြားမှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် မြောက်ကိုရီးယားကို မည်သည်အခါကမှ မရှိခဲ့ဖူးသည့် စစ်ရေးတုန့်ပြန်မှုမျိုး ပြုလုပ်သွားမည်ဟု ထရမ့်က သတိပေးခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်မည်ဟု ပြန်လည်ခြိမ်းခြောက်ခဲ့သည်။

    သို့သော်လည်း ကင်ဂျုံအန်က ထိုအစီအစဉ်ကို ဆိုင်းငံ့ထားသည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများမှာ လျော့ပါးသွားခဲ့သည်။

    အိမ်ဖြူတော်၏ မဟာဗျူဟာအကြီးအကဲ စတီဗ် ဘန်နွန်က မြောက်ကိုရီးယားပြဿနာအတွက် စစ်ရေးအရ ဖြေရှင်းမည်မဟုတ်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    သို့သော်လည်း ဗိုလ်ချုပ် ဂျိုးဆပ်စ် ဒွန်ဖော့ဒ်က စစ်ရေးအရ တုန့်ပြန်မှုမှာ ကြောက်စရာကောင်းမည် ဖြစ်သော်လည်း စစ်ရေးဖြင့် အရေးမယူဆိုသည်မှာ မဟုတ်ဟုဆိုသည်။

    “အမေရိကန်နဲ့ ဒေသတွင်းကို ဆက်လက်ခြိမ်းခြောက်နေမယ့် နျူထိပ်ဖူးတပ်ဒုံးကျည် ထုတ်လုပ်ဖို့ (ကင်ဂျုံအန်) ကို ခွင့်ပြုဖို့ဆိုတာ စဉ်းစားလို့ကိုမရတဲ့ ကိစ္စပါ”

    ထို့ပြင် သမ္မတထရမ့်က စိတ်ချရပြီး အလုပ်ဖြစ်သည့် စစ်ရေးနည်းလမ်းကို စီစဉ်ထားရန် ပြောကြားခဲ့ပြီး မိမိတို့အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေကြောင်းလည်း ဒွန်ဖော့ဒ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • အမေရိကန်ပိုင် ဂူအိမ်ကျွန်းကို တိုက်ခိုက်ရန် ကင်ဂျုံအန်က အကြမ်းဖျင်းဆွေးနွေးထား

    အမေရိကန်ပိုင် ဂူအိမ်ကျွန်းကို တိုက်ခိုက်ရန် ကင်ဂျုံအန်က အကြမ်းဖျင်းဆွေးနွေးထား

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းသို့ တိုက်ခိုက်ရန် အစီအစဉ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အကြမ်းဖျဉ်းဆွေးနွေးခဲ့ပြီး လက်ရှိတွင် ထိုကိစ္စကို ခေတ္တဆိုင်းငံ့ထားသည်ဟု တောင်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့တွင် ဖော်ပြလိုက်သည်။

    မြောက်ကိုရီးယား၏ ဒုံးကျည်များကို ကြီးကြပ်ရသော မဟာဗျူဟာတပ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ယမန်နေ့တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ဖက်ဆိုင်ရာ မဆင်မခြင်လုပ်မှုကြောင့် အမေရိကန်၏ နယ်ချဲ့ဝါဒမှာ ၎င်းတို့၏လည်ပင်းကို ကြိုးကွင်းပြန်စွပ်နေသည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း ဂူအမ်သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အစီအစဉ်ကို လတ်တလော ပြုလုပ်မည် မဟုတ်သေးဘဲ ယန်ကီးများ၏ မိုက်ရူးရဲသောလုပ်ရပ်များကို အနည်းငယ် စောင့်ကြည့်ချင်သည်ဟု ကင်ဂျုံအန်က ထည့်သွင်းပြောဆိုခဲ့သည်။

    “တင်းမာမှုတွေ လျော့ကျစေဖိုနဲ့ ကိုရီးယားကျွန်းဆွယ်မှာ အန္တရာယ်ရှိတဲ့ စစ်ရေးပဋိပက္ခတွေကို ရှောင်ရှားဖို့အတွက် အမေရိကန်အနေနဲ့ သင်တော်တဲ့နည်းလမ်းမျိုး ရွေးဖို့လိုပြီး၊ လုပ်ရပ်တွေကနေတစ်ဆင့် ဒါကို ပြသဖို့ လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်းဆွယ်မှာ သူတို့ရဲ့ ကြီးမားတဲ့ နျူကလီးယား လက်နက်တွေကို ထားရှိပြီး ရန်စတာကြောင့် ဖြစ်ပါတယ်” ဟု KCNA က ဖော်ပြခဲ့သည်။

    ကင်ဂျုံအန်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို ဆန့်ကျင်သည့် မိုက်မဲသော ရန်စမှုများကို ချက်ခြင်း ရပ်တန့်ရန်လည်း တိုက်တွန်းခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်အတွက် ယခင်က မရှိခဲ့ဖူးသည့် လုပ်ရပ်မျိုးဖြင့် တုန့်ပြန်သွားမည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း မိမိတို့အနေဖြင့် ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

    Ref: CNA

  • ကန်-မြောက်ကိုရီးယားတင်းမာမှု လတ်တလော အန္တရာယ်မရှိသေးဟု CIA ဒါရိုက်တာပြော

    ကန်-မြောက်ကိုရီးယားတင်းမာမှု လတ်တလော အန္တရာယ်မရှိသေးဟု CIA ဒါရိုက်တာပြော

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား ဒုံးကျည်စွမ်းအား

    – မြောက်ကိုရီးယားနှင့် အမေရိကန်ကြား ဖြစ်ပွားနေသည့် တင်းမာမှုကြောင့် လတ်တလော မည်သည့်ကိစ္စမှ မဖြစ်နိုင်သေးဟု အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA ဒါရိုက်တာ မိုက်ခ် ပွမ်ပီယိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားတို့မှာ ပြီးခဲ့သည့်တစ်ပတ်အတွင်း အပြန်အလှန် ခြိမ်းခြောက်မှုများ ဖြစ်လာခဲ့ပြီး ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟုပင် မြောက်ကိုရီးယားက ကြေငြာခဲ့သည်။

    ထို့ကြောင့် အာရှဒေသနှင့် ကမ္ဘာတစ်ဝှမ်းတွင် စိုးရိမ်မှုများ မြင်တက်နေပြီး ပွမ်ပီယိုကမူ လတ်တလော စိတ်ပူစရာမရှိသေးဟု ဆိုသည်။

    “ဒီနေ့အထိတော့ ဘာမှဖြစ်ဖို့ မရှိသေးပါဘူး။ ဒါပေမယ့် အမှားတော့မခံဘူးပေါ့။ ဒန်ဗာမြို့မှာ နျူကလီးယားဒုံးကျည်တစ်စင်း ရောက်လာမယ်ဆိုတဲ့ အနေအထားမျိုးတွေ မြင့်တက်လာတာဟာ ခြိမ်းခြောက်မှုကြီတစ်ခု ဖြစ်ပါတယ်”

    ထို့ပြင် နျူကလီးယားစစ်ပွဲ ဖြစ်လာတော့မည်ဆိုသည့် လူအများ၏ ပြောကြားမှုကို မိမိ ကြားနေကြောင်း၊ သို့သော်လည်း ထိုကဲ့သို့ဖြစ်မည်ဆိုသည့် ထောက်လှမ်းရေးအချက်အလက်များ ယနေ့အချိန်အထိ မရှိသေးကြောင်း၊ မြောက်ကိုရီးယားတွင် ဖြစ်ပျက်နေသမျှအတွက် အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်းမှာ ကောင်းမွန်စွာ သိရှိနေကြောင်း စီအိုင်အေဒါရိုက်တာက ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ဒုံးကျည်စွမ်းဆောင်ရန် ပိုမိုမြင့်တက်လာစေရန် ဆက်လက် ဆောင်ရွက်သွားဖွယ် ရှိနေသည်ဟု ပွမ်ပီယိုက ဆိုသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စိတ်လျှော့ရန် ထရမ့်ကို တရုတ်က မေတ္တာရပ်ခံထား

    မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စိတ်လျှော့ရန် ထရမ့်ကို တရုတ်က မေတ္တာရပ်ခံထား

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြား စကားစစ်ထိုးပွဲများကြောင့် ကမ္ဘာကြီးက စိုးရိမ်မှုရှိနေချိန်တွင် မီးလောင်ရာလေပင့်စေမည့် စကားမျိုး မပြောရန်အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အး သတိပေးစကား ပြောကြားလိုက်သည်။

    ခေါင်းဆောင်နှစ်ဦးမှာ ယနေ့တွင် ဖုန်းပြောဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိတင်းမာနေသည့် အခြေအနေကို ပိုမိုဆိုးရွားစေမည့် စကားလုံးများ၊ လုပ်ရပ်များကို ရှောင်ကျဉ်ရန်အတွက် သမ္မတရှီက ဒေါ်နယ်ထရမ့်အား တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

    မြောက်ကိုရီးယားက ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းအနီးသို့ တာလတ်ပစ်ဒုံးကျည် ၄ လုံးအား ဂျပန်ကိုကျော်ကာ ပစ်ခတ်နိုင်မည့်အစီအစဉ်မှာ သြဂုတ်လလယ်ပိုင်းတွင် ပြီးစီးမည်ဟု ခြိမ်းခြောက်ထားပြီး၊ ထရမ့်က ကမ္ဘာကြီးအနေဖြင့် မည်သည့်အချိန်ကမှ မမြင်ဖူးခဲ့သည့် ပုံစံမျိုးဖြင့် မြောက်ကိုရီးယားကို တုန့်ပြန်သွားမည်ဟု သတိပေးချက်နောက်ပိုင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    ထို့ပြင် ယမန်နေ့ကလည်း ထရမ့်က မြောက်ကိုရီးယားအနေဖြင့် အမေရိကန်အပေါ် ရန်လိုသည့်လုပ်ရပ် လုပ်ဆောင်ပါက လုံးဝ နောင်တရသွားမည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာပြီးနောက် နိုင်ငံအနောက်ပိုင်းတွင် Patriot ဒုံးဖျက်စနစ်ကို ချထားနေသည်ဟု ဂျပန်က ပြာကြားခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားက အမေရိကန်ကို စတင်တိုက်ခိုက်လျှင် တရုတ်က ကြားနေအဖြစ် ရှိမည်

    မြောက်ကိုရီးယားက အမေရိကန်ကို စတင်တိုက်ခိုက်လျှင် တရုတ်က ကြားနေအဖြစ် ရှိမည်

    သြဂုတ် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် မြောက်ကိုရီးယား၏ လတ်တလောတင်းမာမှုတွင် မြောက်ကိုရီးယားဘက်မှ စတင် တိုက်ခိုက်လာပါက တရုတ်နိုင်ငံမှာ ကြားနေနိုင်ငံအဖြစ် ရှိသွားမည်ဟု အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ Global Times က ယနေ့တွင် ဖော်ပြခဲ့သည်။

    အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် မြောက်ကိုရီးယားတို့မှာ ‘နမော်နမဲ့ ကစားပွဲ’ တစ်ခုကို ကစားနေကာ ‘တွက်ချက်မှုအလွဲများနှင့် မဟာဗျူဟာမြောက် စစ်ပွဲတစ်ခု’ ကို ဦးတည်နေသည်ဟုလည်း ဆိုသည်။

    “မြောက်ကိုရိးယားက အမေရိကန်မြေကို ဒုံးကျည်နဲ့ ခြိမ်းခြောက်ပစ်ခတ်မယ်၊ အမေရိကန်ကလည်း လက်တုန့်ပြန်မယ်ဆိုရင် တရုတ်အနေနဲ့ ကြားနေနိုင်ငံအဖြစ်ရှိမယ်လို့ ရှင်းရှင်းလင်းလင်း ကြေငြာသင့်ပါတယ်” ဟု သတင်းစာတွင် ဖော်ပြထားသည်။

    သို့သော်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ တိုက်ခိုက်မှုများပြုလုပ်ကာ မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချရန်၊ ကိုရီးယားကျွန်းဆွယ်၏ နိုင်ငံရေးပုံစံကို ပြောင်းလဲရန် ကြိုးစားလာပါက တရုတ်အနေဖြင့် ထိုကိစ္စကို တားဆီးလိမ့်မည်ဟု ဆိုသည်။

    မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူလက်နက်အစီအစဉ်များအတွက် ကမ္ဘာတွင် မရှိဖူးသည့် ပုံစံမျိုးနှင့် တုန့်ပြန်သွားမည်ဟု အမေရိကန်သမ္မတထရမ့်က ယခုတစ်ပတ်အစောပိုင်းတွင် ပြောကြားခဲ့ပြီး၊ မြောက်ကိုရီးယားကလည်း မိမိတို့အနေဖြင့် ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    တရုတ်မှာ မြောက်ကိုရီးယားကို ထိန်းကျောင်းရန် ဆောင်ရွက်မှုမရှိဟု အမေရိကန်က စွပ်စွဲထားပြီး တရုတ်ကမူ ထိုပြဿနာအတွက် နိုင်ငံရေးဆွေးနွေးညှိနှိုင်းခြင်းကသာလျှင် တစ်ခုတည်းသော အဖြေဖြစ်သည်ဟု ပြောကြားထားသည်။

    Ref: Aljazeera