News @ M-Media

Tag: north korea

  • နျူဗုံး စမ်းသပ်အောင်မြင်မှုအတွက် မြောက်ကိုရီးယားက အောင်ပွဲခံအခမ်းအနား ပြုလုပ်

    နျူဗုံး စမ်းသပ်အောင်မြင်မှုအတွက် မြောက်ကိုရီးယားက အောင်ပွဲခံအခမ်းအနား ပြုလုပ်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ အောင်ပွဲခံ အခမ်းအနား

    – နိုင်ငံ၏ နောက်ဆုံး ဆောင်ရွက်ခဲ့သည့် နျူကလီးယားလက်နက် စမ်းသပ်မှုတွင် ပါဝင်သော သိပ္ပံပညာရှင်များကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် မြောက်ကိုရီးယားမှာ ယမန်နေ့တွင် မြို့တော်ပြုံးယမ်၌ အောင်ပွဲခံအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    သိပ္ပံပညာရှင်များအား တင်ဆောင်ထားသော ကားများ မောင်းနှင်လာစဉ် ပြည်သူများမှာ လမ်းဘေးဝဲယာတွင်ရပ်၍ သြဘာပေးခဲ့ကြပြီး Kim Il-Sung ရင်ပြင်တွင်လည်း သောင်းနဲ့ချီသော ပြည်သူများက စုရုံးခဲ့ကြသည်။ အောင်ပွဲခံအခမ်းအနားတွင် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြသည်။

    အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သူများက မြောက်ကိုရီးယား စစ်တပ်အနေဖြင့် “အမေရိကန်နှင့် သစ္စာဖောက်များ စစ်ပွဲဖန်တီးလျှင် ဂိုဏ်းစတားပုံစံ အမေရိကန်နယ်ချဲ့များ၏ ကံကြမ္မာကို အညှာတာအမဲ့ဆုံး၊ အပြင်းထန်ဆုံး ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်သွားမည်” ဟု ပြောကြားခဲ့ကြသည်။

    တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားက စမ်းသပ်ခဲ့သည့် နျူဗုံးမှာ ၎င်းတို့ စမ်းသပ်ခဲ့သမျှတွင် အကြီးမားဆုံးဖြစ်သည်။

    မြောက်ကိုရီးယားက ၎င်းတို့မှာ တိုက်ချင်းပစ်ဒုံးကျည်တွင် တပ်ဆင်ပစ်လွှတ်နိုင်သည့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုစမ်းသပ်မှုအတွက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့က နိုင်ငံတောင်ပိုင်းတွင် THAAD ဒုံးခွင်းစနစ်၏ လောင်ချာများကို ယနေ့တွင် တပ်ဖြန့်ချထားခဲ့သည်။

    Ref: AP

  • အမေရိကန်ကို လက်ဆောင်များ ထပ်ပို့သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    အမေရိကန်ကို လက်ဆောင်များ ထပ်ပို့သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    စက်တင်ဘာ ၅၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ဟန်တေဆွန်

    – နိုင်ငံ၏ အကြီးမားဆုံး နျူလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အတွက် လက်ဆောင်များ အထုပ်လိုက် ထပ်ပို့ပေးမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောဆိုလိုက်သည်။

    အင်္ဂါနေ့က မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်၍ ကုလတွင် ပြုလုပ်သော အစည်းအဝေး၌ မြောက်ကိုရီးယားဆိုင်ရာ ကုလသံတမန် ဟန်တေဆွန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “လွန်ခဲ့တဲ့ ၂ ရက်ဖြစ်တဲ့ စက်တင်ဘာ ၃ ရက်နေ့က မြောက်ကိုရီးယားဟာ မဟာဗျူဟာ နျူကလီးယားအင်အား တည်ဆောက်ရေး စီမံကိန်းအောက် တိုက်ချင်းပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် ဟိုဒရိုဂျင်ဗုံး စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်တိုင်းပြည်ရဲ့ လတ်တလော ကာကွယ်ရေးဆောင်ရွက်ချက်တွေဟာ အခြားသူတွေအတွက် မဟုတ်ဘဲ အမေရိကန်အတွက် လက်ဆောင်ထုပ် ဖြစ်ပါတယ်။ အဆင်ခြင်မဲ့ ရန်စမှုတွေ၊ မြောက်ကိုရီးယားအပေါ် အလုပ်မဖြစ်တဲ့ ဖိအားပေးမှုတွေ ပြုလုပ်နေသမျှ အမေရိကန်ဟာ ဒီလို လက်ဆောင်တွေကို ပိုပြီး ရရှိမှာဖြစ်ပါတယ်”

    မြောက်ကိုရီးယား၏ စစ်ရေးဆောင်ရွက်ချက်များမှာ ထိန်းချုပ်မှုရှိပြီး မိမိကိုယ်ကို ကာကွယ်ရေးသာဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်ကို အထီးကျန်စေရန်အတွက် ၁၀ စုနှစ်ချီ လုပ်ဆောင်လာသည့် အမေရိကန်၏ နျူခြိမ်းခြောက်မှုနှင့် ရန်လိုသည့် ပေါ်လစီများကို တုန့်ပြန်ခြင်းဖြစ်ကြောင်း သံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပိတ်ဆို့မှုများမှာ မည်သည့်အခါမှ အလုပ်ဖြစ်မည်မဟုတ်ဘဲ၊ ဆွေးနွေးပွဲ စကားဝိုင်းသို့ နျူလက်နက် ရပ်တန့်ရေး ကိစ္စကို ယူဆောင်လာမည်မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

    အမေရိကန်၏ လက်နက်ဖျက်သိမ်းရေး သံတမန် ရောဘတ်ဝုဒ်က မြောက်ကိုရီးယားမှာ ထိုကဲ့သို့ စမ်းသပ်မှု လုပ်ခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို အာခံနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားတင်းမာမှုကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ကို ပိုမို အဆင့်မြင်သည့် အမေရိကန်လက်နက်များကို ၀ယ်ယူခွင့်ပြုသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပြင်းထန်သည့် စစ်ရေးတုန့်ပြန်မှုကို ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    ပြင်းထန်သည့် စစ်ရေးတုန့်ပြန်မှုကို ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်

    – မြောက်ကိုရီးယား၏ မည်သည့်ခြိမ်းခြောက်မှုမျိုးမဆို ကြီးမားသည့် စစ်ရေးတုန့်ပြန်မှုဖြင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က သတိပေး ပြောကြားလိုက်သည်။

    နိုင်ငံသမိုင်းတစ်လျှောက်တွင် စွမ်းအားအပြင်းဆုံးဖြစ်သည့် ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် အမေရိကန်က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    “အမေရိကန် ဒါမှမဟုတ် ဂူအမ်အပါအ၀င် နိုင်ငံရဲ့ ပိုင်နက်တွေ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေအပေါ် ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆို ကြီးမားပြင်းထန်တဲ့ စစ်ရေးတုန့်ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်” ဟု မာတစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် လုံခြုံရေးကောင်စီ၏ ပြောကြားမှုကို ဂရုစိုက်ရန် လိုအပ်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    လုံခြုံရေးကောင်စီမှ အဖွဲ့ဝင်အားလုံးမှာ ယမန်နေ့ အရေးအပေါ်အစည်းအဝေးတွင် မြောက်ကိုရီးယားက ခြိမ်းခြောက်မှုပြုလုပ်နေသည်ဟု တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြပြီး၊ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး သဘောထားကိုလည်း ဆက်လက်ဆုပ်ကိုင်ထားခဲ့ကြသည်။

    ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက KCNA က ကင်ဂျုံအန်၏အမိန့်ဖြင့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို ယမန်နေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး၊ ခြွင်းချက်မရှိသော အောင်မြင်မှုဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    ထိုစမ်းသပ်မှုမှာ သမ္မထရမ့် တက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယား၏ ပထမဆုံး နျူစမ်းသပ်မှုဖြစ်သည်။

    မာတစ်က ၎င်းအနေဖြင့် သမ္မတထရမ်ပါဝင်သည့် ထိပ်ပိုင်းခေါင်းဆောင်များ၏ အမျိုးသားလုံခြုံရေး အစည်းအဝေးကို တက်ရောက်ခဲ့သည်ဟု ပြောကြားခဲ့ပြီး သမ္မတမှာ စစ်ရေးတုန့်ပြန်မှု နည်းလမ်းတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို သိရှိလိုသည်ဟု ဆိုသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှု ပြုလုပ်

    မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှု ပြုလုပ်

    စက်တင်ဘာ ၃၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း မြေငလျင်ကဲ့သို့ လှုပ်ခါမှု ဖြစ်ပွားခဲ့ပြီးနောက် မိမိတို့အနေဖြင့် ၆ ကြိမ်မြောက်နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်ဟု မြောက်ကိုရီးယားက အတည်ပြု ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက KCNA က ခေါင်းဆောင် ကင်ဂျုံအန်၏ အမိန့်ဖြင့် ယနေ့မနက်ပိုင်းတွင် ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ခဲ့ပြီး ခြွင်းချက်မရှိ အောင်မြင်ခဲ့ကြောင်း၊ ယခုဗုံးမှာ စွမ်းအား ကြီးမားပြီး၊ တိုင်းပြည်၏ နျူအင်အား ပြည့်စုံကောင်းမွန်ရေး ရည်မှန်းချက်ပြည့်မီရန်အတွက် အရေးပါသည့် စမ်းသပ်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ယနေ့မနက် အစောပိုင်းကလည်း မြောက်ကိုရီးယားမှာ ၎င်းတို့၏ နောက်ဆုံး လက်နက်အကြောင်းကို အသေးစိတ် ထုတ်ပြန်ခဲ့ပြီး မိမိတို့အနေဖြင့် ပိုမိုအဆင့်မြင့်ပြီး တိုက်ချင်းပစ်ဒုံးကျည်တွင် တပ်ဆင် ပစ်လွှတ်နိုင်မည့် နျူဗုံးကို ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ကင်ဂျုံအန်က ထိုလက်နက်ကို စစ်ဆေးနေသည့် ဓာတ်ပုံကို KCNA က ထုတ်ပြန်ခဲ့ပြီး၊ ထို ဟိုက်ဒရိုဂျင်ဗုံးကို မြင့်မားသည့် အမြင့်တွင် ဖောက်ခွဲနိုင်ကြောင်း၊ ပြည်တွင်းဖြစ် အဆိုပါထုတ်လုပ်မှုက နိုင်ငံအတွက် လိုချင်သလောက် နျူထိပ်ဖူးများကို ဖန်တီးစေနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားမှာ ၂၀၀၆ ခုနှစ်ကတည်းက နျူစမ်းသပ်မှုများကို စတင်ပြုလုပ်ခဲ့သည်။

    ဇူလိုင်လကည်း အမေရိကန်ပြည်မကြီးကို ပစ်ခတ်နိုင်သည်ဟု ယုံကြည်ရသော တိုက်ချင်းပစ်ဒုံးကျည် ၂ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။

    ယခု နျူဗုံးစမ်းသပ်မှုအတွက် လွတ်လပ်ပြီး ခိုင်မာသည့် အတည်ပြုချက်မျိုး မရရှိသေးပေ။

    Ref: Aljazeera

  • အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု မြင်ကွင်းတစ်ခု

    – မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံကို ကျော်ကာ ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဖက်ပိုင်းကို ကျသွားခဲ့သည်ဟု သိရသည်။

    ယခုစမ်းသပ်ပစ်လွှတ်မှုမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုကျော်က ပစ်လွှတ်သည့် ပထမဆုံး ဒုံးကျည်ဖြစ်ပြီး၊ အမေရိကန်၏ အနီးကပ် မဟာမိတ်နိုင်ငံတစ်ခုအပေါ် ထိုကဲ့သို့ ဆောင်ရွက်ခြင်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်သော စစ်ရေးလေ့ကျင့်မှုအပေါ် မနှစ်မြို့ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်က ဒုံးကျည်မှာ ၂၇၀၀ ကီလိုမီတာအထိ ပျံသန်းသွားပြီး အမြင့်ဆုံး ၅၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ကာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကို ကျော်၍ ပင်လယ်ပြင်ထဲ ကျဆင်းသွားသည်ဟု ပြောကြားခဲ့သည်။

    ဂျပန်အစိုးရက ဒုံးခွင်းစနစ်ဖြင့် အဆိုပါဒုံးကျည်ကို ဖျက်ဆီးမှု မပြုလုပ်ခဲ့ဘဲ နိုင်ငံမြောက်ပိုင်းရှိ ပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သတိပေးထားသည်။

    Ref: Aljazeera