News @ M-Media

Tag: north korea

  • နျူစီမံကိန်းကို ပြီးစီးအောင် ဆက်လုပ်မည်ဟု ကင်ဂျုံအန်ပြော

    နျူစီမံကိန်းကို ပြီးစီးအောင် ဆက်လုပ်မည်ဟု ကင်ဂျုံအန်ပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – နိုင်ငံတကာမှ ပိတ်ဆို့မှုများကို တိုးမြှင့်ပြုလုပ်ထားသော်လည်း နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို ပြီးဆုံးအောင် ဆောင်ရွက်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားမှာ သောကြာနေ့က ၎င်းတို့၏ တာလတ်ပစ် ဒုံးကျည်အသစ်ကို စမ်းသပ်ခဲ့ပြီး ဂျပန်နိုင်ငံကိုကျော်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ကျရောက်ခဲ့သည်။ အဆိုပါဒုံးကျည်မှာ မြောက်ကိုရီးယား စမ်းသပ်ခဲ့သည့် ဒုံးကျည်များတွင် အဝေးဆုံ အကွာအဝေးကို ရောက်ခဲ့သည့် ဒုံးကျည်လည်း ဖြစ်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက KCNA က ဒုံးကျည်မှာ Hwasong-12 ဖြစ်ပြီး ပစ်မှတ်ကို တည့်မတ်စွာ ထိသွားခဲ့ကြောင်း၊ ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံ၏ နျူစီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်မည်ဟု သန္ဓိဌာန်ချထားကြောင်း ယနေ့တွင် ဖော်ပြခဲ့သည်။

    သောကြာနေ့က ပြုလုပ်ခဲ့သော ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချခဲ့ပြီး အမေရိကန်ကလည်း မြောက်ကိုရီးယားကိစ္စ ဖြေရှင်းရေး စဉ်းစားမှုများတွင် စစ်ရေးနည်းလမ်းကိုလည်း ထည့်သွင်းထားကြောင်း ထပ်မံပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လ နှောင်းပိုင်းက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုအတွက် ကုလ လုံခြုံရေးကောင်စီက ယခုသီတင်းပတ် အစောပိုင်းတွင် ပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်ခဲ့သည်။

    Ref: Aljazeera

  • ဂျပန်ကိုကျော်၍ မြောက်ကိုရီးယားက ဒုံးကျည်လွှတ်

    ဂျပန်ကိုကျော်၍ မြောက်ကိုရီးယားက ဒုံးကျည်လွှတ်

    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကိုကျော်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ကျရောက်ခဲ့သည်ဟု သိရသည်။

    “ဒီပစ်လွှတ်မှုကို ဂျပန်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး၊ ကုလနဲ့ အခြားနေရာတွေကနေတစ်ဆင့် သင့်လျော်တဲ့ ဆောင်ရွက်ချက်တွေကို လျင်လျင်မြန်မြန် ပြုလုပ်သွာမှာပါ။ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့လည်း အနီးကပ် ဆက်သွယ်ဆောင်ရွက်သွားပါမယ်” ဟု ဂျပန်ကက်ဘိနတ် အတွင်းရေမှူး ယိုရှီဟီဒီ ဆူဂါက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ထိုကဲ့သို့ ထပ်တလဲလဲ ရန်စသည့်လုပ်ရပ်မျိုးကို လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည်မှာ ကီလိုမီတာ ၃၇၀၀ အကွာအဝေအထိ ပျံသန်းသွားခဲ့ပြီး အမြင့် ကီလိုမီတာ ၇၇၀ အထိ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ အကွာအဝေးနှစ်ခုစလုံးမှာ ယခင်က စမ်းသပ်ပစ်လွှတ်မှုများထက် ပိုမိုများပြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဆိုပါပစ်လွှတ်မှုကို တုန့်ပြန်သည့်အနေဖြင့် မိမိတို့မှာလည်း ကျည်အစစ်ဖြင့် စစ်ရးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်ဟု တောင်ကိုရီးယားက ထည့်သွင်းပြောဆိုခဲ့သည်။

    အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က ယခုပစ်လွှတ်မှုမှာ အမေရိကန်၊ အမေရိကန်၏ မဟာမိတ်များကို ခြိမ်းခြောက်မှုမဖြစ်ဆိုသည်ကို ကနဦး သုံးသပ်မှုများအရ သိရှိရကြောင်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ပြီးခဲ့သည့်လနှောင်းပိုင်းက ၆ ကြိမ်မြောက် နျူဗုံးကို စမ်းသပ်ခဲ့ပြီး ကုလက ထိုကိစ္စအတွက် တနင်္လာနေ့တွင် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။

    Ref: Aljazeera

  • ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    စက်တင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    နောက်ဆုံ စမ်းသပ်ခဲ့သည့် ဟိုက်ဒရိုဂျင်ဗုံးကို ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးစဉ်

    – မိမိတို့နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများအတွက် အမေရိကန်အနေဖြင့် အကြီးအကျယ် ထိခိုက်ခံစားရမည်ဟု မြောက်ကိုရီးယားက ယနေ့တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်က တင်သွင်းသော မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်ကို ကုလ လုံခြုံရေးကောင်စီက တနင်္လာနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။

    ထိုဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက ပြုလုပ်သော ၉ ခုမြောက် ဖြစ်ပြီး နိုင်ငံ၏ ချည်ထည်တင်ပို့မှု၊ ရေနံတင်သွင်းမှုများကို ထိခိုက်စေမည်ဖြစ်သည်။

    “နောက်ထပ် ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် သမိုင်းမှာ မကြုံဖူးတဲ့အနေအထားနဲ့ အကြီးမားဆုံး နာကျင်မှုကို အမေရိကန်က ခံစားရမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယးသံအမတ် ဟန်တေဆွန်က ပြောကြားခဲ့သည်။

    အဆိုပါပိတ်ဆို့မှုမှာ ဥပဒေဘောင်မ၀င်ဘဲ အမေရိကန်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထိုးနှက်နေခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် အလုံးစုံသော နည်းလမ်းများဖြင့် တုန့်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA မှ ယနေ့တွင် ထုတ်ပြန်ခဲ့သော အစိုးရ၏ ကြေငြာချက်၌ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုမှာ ‘မြောက်ကိုရီးယား၏ မိမိကိုယ်ကို ကာကွယ်ခွင့်ကို ပျက်ဆီးအောင် ရည်ရွယ်သော၊ စီးပွားရေး အလုံးစုံ ပိတ်ဆို့ခြင်းအားဖြင့် နိုင်ငံနှင့် ပြည်သူလူထု ထွက်ပေါက်မရှိအောင် ပြုလုပ်သော စက်ဆုပ်သည့် ရန်စမှုမျိုး’ ဖြစ်သည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

     

  • လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်

    လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ကုလ လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူစမ်းသပ်မှုအတွက် စီးပွားရေးပိတ်ဆို့မှုများကို ယမန်နေ့တွင် ထပ်မံပြုလုပ်လိုက်သည်ဟု သိရသည်။

    မြောက်ကိုရီးယား၏ ချည်ထည်တင်ပို့မှုနှင့် ရေနံတင်သွင်းမှု အားလုံးကို ပစ်မှတ်ထားသည့် ပိတ်ဆို့မှုဖြစ်ပြီး အမေရိကန်က တင်သွင်းသော ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားတို့ အပါအ၀င် အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။

    ကနဦးမူကြမ်းတွင် ကင်ဂျုံအန်၏ ပိုဆိုင်မှုများကို သိမ်းဆည်းရန် ပါဝင်သော်လည်း မြောက်ကိုရီးယား၏ မဟာမိတ်များဖြစ်သော တရုတ်နှင့် ရုရှားတို့ကပါ ထောက်ခံနိုင်ရန်အတွက် တောင်းဆိုမှုတစ်ချို့ကို အမေရိကန်က လျှော့ပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်အတွက် ၂၀၀၆ ခုနှစ်မှစတင်ကာ ကုလလုံခြုံရေးကောင်စီက ပြုလုပ်သည့် ၉ ကြိမ်မြောက် ဆုံးဖြတ်ချက် ဖြစ်သည်။

    ကုလသမဂ္ဂ၏ အမေရိကန်ဆိုင်ရာသံအမတ် နစ်ကီဟာလေးက မိမိတို့မှာ မြောက်ကိုရီးယားနှင့် စစ်ဖြစ်အောင် ဆောင်ရွက်နေခြင်းမဟုတ်ဟု ယမန်နေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယးမှာ ပြီးခဲ့သည့်တစ်ပတ်က ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံသမိုင်းတွင် အင်အားအပြင်းဆုံး စမ်းသပ်မှုဖြစ်သည်။ ပိတ်ဆို့မှု ထပ်လုပ်ရန် စီစဉ်မှုအတွက် ထိုက်တန်သည့် တန်ဖိုးကို ပြန်လည်ပေးဆပ်ရမည်ဟုလည်း အမေရိကန်ကို မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသည်။

    Ref: Aljazeera

  • နျူအင်အားကြီးနိုင်ငံဖြစ်ရေး နှစ်ဆအားထုတ်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

    နျူအင်အားကြီးနိုင်ငံဖြစ်ရေး နှစ်ဆအားထုတ်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    အောင်ပွဲခံအခမ်းအနားတွင် တွေ့ရသည့် ကင်ဂျုံအန်

    – ပြီးခဲ့သည့်တစ်ပတ်က ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ‘ခြွင်းချက်မရှိသော အောင်မြင်မှု’ အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပြီး လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများကို ဆက်လက် အောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    စက်တင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ထိုစမ်းသပ်မှုမှာ မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူစမ်းသပ်မှုဖြစ်ပြီး နိုင်ငံသမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး နျူလက်နက်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    အမေရိကန် ပြည်မကြီးအထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည် ၂ လုံးကို စမ်းသပ်ပြီးနောက် ပေါ်ထွက်လာခဲ့သည့် အဆိုပါ နျူလက်နက်အတွက် ကမ္ဘာတစ်ဝှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

    ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ကင်ဂျုံအန်က ‘နိုင်ငံသမိုင်း၌ အလွန် မင်္ဂလာရှိသော အောင်မြင်မှု’ ဖြစ်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုခံရသည့် နျူအင်အားကြီးနိုင်ငံတစ်ခု ဖြစ်ရေး ကြိုးပမ်းမှုများကို ၂ ဆတိုးသွားရန်လည်း တိုက်တွန်းခဲ့သည်။

    မြောက်ကိုရီးယားမှာ ယခုတစ်ပတ် အစောပိုင်းကလည်း နျူစမ်းသပ်မှု အောင်မြင်သည့်အထိမ်းအမှတ်အဖြစ် အောင်ပွဲခံအခမ်းအနားကို အကြီးအကျယ် ကျင်းပခဲ့သည်။

    Ref: Aljazeera