News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားကို သည်းခံသည့်ကာလ ကုန်ဆုံးသွားပြီဟု အမေရိကန်ပြော

    မြောက်ကိုရီးယားကို သည်းခံသည့်ကာလ ကုန်ဆုံးသွားပြီဟု အမေရိကန်ပြော

    ဧပြီ ၁၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားအပေါ် မိမိတို့၏ သည်းခံသည့်ကာလမှာ ကုန်ဆုံးသွားပြီဟု အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ရှိနေသည့် စစ်မဲ့ဇုန်သို့ ယနေ့ သွားရောက်စဉ် ပြောကြားလိုက်သည်။

    ဒုတိယသမ္မတမှာ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာပြီး ယမန်နေ့က မြောက်ကိုရီးယား၏ မအောင်မြင်သော ဒုံးကျည်စမ်းသပ်မှုပြီးနောက် နာရီအနည်းငယ်အကြာတွင် ဆိုလ်းမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    ထိုနောက် ယနေ့တွင် နှစ်နိုင်ငံ အပစ်ရပ်ရေး စာချုပ်ချုပ်ဆိုခဲ့သည့် Panmunjom ရွာသို့ သွားရောက်ခဲ့ပြီး မိမိတို့၏ မဟာဗျူဟာအရ သည်းခံမှုအချိန်ကာလတစ်ခု ရှိခဲ့ကြောင်း သို့သော်လည်း အဆိုပါ ကာလမှm ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေးအတွက် လက်ခံနိုင်လောက်သည့် နည်းလမ်းများ၊ ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ဆောင်ရွက်လိုကြောင်း သို့သော်လည်း ထိုရွေးချယ်မှုများအားလုံး စားပွဲဝိုင်းတွင် ရှိနေဆဲဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် တောင်ကိုရီယားအပေါ် အမေရိကန်၏ သဘောထားနှင့်ပတ်သက်၍ မိမိတို့မှာ ‘သမဏိ မဟာမိတ်’ ဖြစ်သည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကို မိုက်ပန့်စ်က ရှုတ်ချခဲ့ပြီး ရန်စခြင်ဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : BBC

  • မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်

    မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်

    ဧပြီ ၁၆၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေသော်လည်း မြောက်ကိုရီးယားမှာ ယနေ့မနက် အစောပိုင်းတွင် ဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ချက်ခြင်းဆိုသလို ပေါက်ကွဲခဲ့သည်ဟု သိရသည်။

    နိုင်ငံကို တည်ထောင်သူ ကင်အီဆွန်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြို့တော်ပြုံးယမ်တွင် ကြီးမားသည့် စစ်ရေးပြအခမ်းအနားတစ်ခု ပြုလုပ်ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ စမ်းသပ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တာဝန်ရှိသူများကမူ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုမှာ မအောင်မြင်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်၏ ပစိဖိတ်စစ်ဌာနချုပ်ကလည်း တနင်္ဂနွေနေ့မနက်ပိုင်းက မြောက်ကိုရီးယားမှ ပစ်လွှတ်သည့် ဒုံးကျည်ကို မိမိတို့က သိရှိ ခြေရာခံမိခဲ့ကြောင်း၊ ပစ်လွှတ်ပြီး ချက်ခြင်းဆိုသလိုပင် ပေါက်ကွဲခဲ့ကြောင်း၊ ဒုံးကျည်အမျိုးအစားကို ဆန်းစစ်နေဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရေတပ် တပ်မှူး ဒေ့ဗ် ဘန်ဟမ်က ပြောကြားခဲ့သည်။

    လတ်တလောတွင် မြောက်ကိုရီးယားဘက်မှ မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

  • နျူလုပ်ငန်းစွန့်လျှင် ကာကွယ်ပေးမည်ဟု မြောက်ကိုရီးယားကို တရုတ် ကမ်းလှမ်း

    နျူလုပ်ငန်းစွန့်လျှင် ကာကွယ်ပေးမည်ဟု မြောက်ကိုရီးယားကို တရုတ် ကမ်းလှမ်း

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    ကိုရီးယားကျွန်းဆွယ်အနီး ရောက်ရှိနေသည့် အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson မှ မြင်ကွင်းတစ်ခု

    – မြောက်ကိုရီးယားနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် တင်းမာမှုကို စစ်ရေးဖြင့် ဖြေရှင်း၍မရဟု တရုတ်နိုင်ငံက ယမန်နေ့တွင် ပြောကြားလိုက်ပြီး မိမိတို့၏ ကာကွယ်မှုကို ရယူလိုပါက နျူအစီအစဉ်ကို ရပ်တန့်ရန်လည်း မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။

    အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့် တိုက်ရေယာဉ်အုပ်စုမှာ ကိုရီးယားကျွန်းဆွယ်အနီးသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်ရှိခဲ့ပြီး၊ မြောက်ကိုရီးယားကလည်း အမေရိကန်ကို နျူ လက်နက်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    တောင်ကိုရီးယားကမူ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို လက်ဦးမှု ရယူတိုက်ခိုက်မှု မပြုလုပ်ခင်အရင် မိမိတို့ဆီမှ အကြံအဉာဏ်ရယူမည်ဟု ယုံကြည်နေသည်။

    “စစ်တပ်အင်အားက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ စိန်ခေါ်မှုတွေကြားထဲမှာ အခွင့်အလမ်းဆိုတာ ရှိပါတယ်။ တင်းမာမှုတွေကြားထဲကပဲ ဆွေးနွေးပွဲတွေ ပြန်စဖို့ အခွင့်အလမ်းတစ်ခုလိုမျိုး ရှာတွေ့မှာပါ” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဘေဂျင်း၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဒေသတွင်းပြဿနာကို စတင်သူမှာ သမိုင်းနှင့်ချီ၍ တာဝန်ယူရမည်ဟုလည်း ၀န်ကြီးက ဆိုသည်။

    အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ Global Times ၏ အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် တရုတ်က ကြေငြာထားသည့် အကြံပြုချက်ကို လိုက်နာပြီး နျူလုပ်ငန်းစဉ်များကို ရပ်တန့်ပါက မိမိတို့မှာ နျူကင်းစင် မြောက်ကိုရီးယားနိုင်ငံနှင့် အစိုးရအတွက် လုံခြုံရေးကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်မှုကို မကြာခင် လုပ်ဆောင်တော့မည်ဆိုသည့် သတင်းများကလည်း ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေသည်။

    Ref: Aljazeera

  • ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်ရန် မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

    ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်ရန် မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှာ Punggye-ri နျူကလီးယားစခန်းတွင် ၎င်းတို့၏ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြောက်ကိုရီးယား စောင့်ကြည့်အဖွဲ့ 38 North က ပြောကြားလိုက်သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားမှာ ဆာရင်း အဆိပ်ဓာတ်ငွေ့ပါသည့် ဒုံးကျည်များ ပစ်လွှတ်နိုင်စွမ်းရှိသည်ဟု ယနေ့တွင် ပြောကြားခဲ့ပြီးနောက် 38 North က ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၆ ပတ်အတွင်း ဆောင်ရွက်မှုများကို ကြည့်ခြင်းအားဖြင့် စမ်းသပ်မှုအတွက် နောက်ဆုံးပြင်ဆင်မှု ပြုလုပ်နေသည်ကို ညွှန်ပြနေသည်ဟု အဖွဲ့မှ လေ့လာဆန်းစစ်သူ ဂျိုးဆက်ပ် ဘာရ်မူဒက်ဇ်က ဆိုသည်။

    စီးပွားရေးသုံး ဂြိုဟ်တုတစ်ခုမှ ဖမ်းယူရရှိသည့် ဓာတ်ပုံအရ အဆိုပါ နျူကလီးယားစခန်းတွင် ယခင်စမ်းသပ်မှုများ မပြုလုပ်ခင်အရင် အခြေအနေနှင့် တူညီသော ပုံစံမျိုးကို တွေ့ရှိရသည်။

    ဘာရ်မူဒက်ဇ်နှင့် ၎င်းတို့အဖွဲ့မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နောက်ဆုံး နျူစမ်းသပ်မှုကိုလည်း မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည်။

    မြောက်ကိုရီးယားမှာ Punggye-ri စခန်းတွင် စက်ကိရိယာအသစ်များ ပို့ဆောင်ခြင်း၊ ထိန်းချုပ်ရေးစင်တာတွင် လှုပ်ရှားမှုများရှိနေခြင်း၊ မြေအောက်ရှိ နျူစမ်းသပ်မည့်နေရာသို့ ရေများဖြည့်သွင်းခြင်းကဲ့သို့ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘရ်မူဒက်ဇ်တို့အဖွဲ့က ဖေဖော်ဝါရီလကတည်းက သတိပေးခဲ့သည်။

    မြောက်ကိုရီးယားမှာ ဧပြီလ ၁၅ ရက်နေ့တွင် တိုင်းပြည်ကိုတည်ထောင်သူ ကင်အီဆွန်၏ ၁၀၅ ကြိမ်မြောက် မွေးနေ့အခမ်းအနားကို ပြုလုပ်ရန်ရှိနေပြီး ထိုနေ့တွင် နျူစမ်းသပ်မှု ပြုလုပ်မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားပြဿနာကို အမေရိကန်တစ်ဦးတည်း တုန့်ပြန်နိုင်သည်ဟု မကြာသေးမီက ပြောကြားထားပြီး ၎င်းတို့၏ တိုက်ရေယာဉ်အုပ်စုကိုလည်း ကိုရီးယားကျွန်းဆွယ်အနီးသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပို့ဆောင်ခဲ့သည်။

    Ref: CNN

  • မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော တင်းမာမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် တရုတ်သမ္မတ ဇီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းဆက် တိုက်တွန်းခဲ့သည်ဟု သိရသည်။

    ယမန်နေ့တွင် ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို တစ်ဦးတည်း ရင်ဆိုင်သွားရန် ကြောက်ရွံ့နေမည်မဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လေယာဉ်တင်သင်္ဘောတစ်စီး အပါအ၀င် တိုက်ရေယာဉ်အုပ်စုတစ်ခုကို ကိုရီးယားကျွန်းဆွယ်အနီသို့ စေလွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း မိမိတို့မှာ အမေရိကန်ကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

    ဇီနှင့် ထရမ့်တို့မှာ ပြီးခဲ့သည့်တစ်ပတ် ဖလော်ရီဒါ၌ တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ယနေ့မနက်က ဖုန်းပြောဆိုမှုတွင် ဇီက တရုတ်နိုင်ငံမှာ ကိုရီးယားကျွန်းဆွယ်တွင် နျူလက်နက် ကင်းစင်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် စိတ်နှစ်မြှုပ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရေး လိုလားကြောင်း ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်ကမူ ထိုဖုန်းပြောဆိုမှုနှင့် ပတ်သက်၍ မည်သည့်ကြေငြာချက်မှ မထုတ်သေးပေ။

    တရုတ်အစိုးရအာဘော်သတင်းစာ Global Times က ယနေ့တွင်ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် ငြိမ်းချမ်းရေးအတွက် အရှိန်သတ်ရန် လိုအပ်ကြောင်း၊ အမေရိကန်မှာ နျူလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနှင့် အတူယှဉ်တွဲတည်ရှိရန် အစီအစဉ်မရှိကြောင်း ဖော်ပြထားသည်။

    Ref: BBC