News @ M-Media

Tag: north korea

  • မြောက်ကိုရီးယားခေါင်းဆောင်ကို ထရမ့် တိုက်ရိုက်ဝေဖန်

    မြောက်ကိုရီးယားခေါင်းဆောင်ကို ထရမ့် တိုက်ရိုက်ဝေဖန်

    မတ် ၂၀၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ အင်မတန့် အင်မတန် ဆိုးရွားစွာ ပြုလုပ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပြီး မြောက်ကိုရီးယားက ဒုံးကျည်အင်ဂျင်သစ်ကို စမ်းသပ်မှုအပြီး နာရီအနည်းငယ်တွင် ထိုမှတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ဖလော်ရီဒါရှိ Mar-a-Lago အဖန်းဖြေစခန်းတွင် ယမန်နေ့က သတင်းထောက်များအား ထရမ့်က ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနှင့်ပတ်သက်၍ အုပ်ချုပ်ရေးတာဝန်ရှိသူများမှာ ယခုသီတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။

    “မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ သူက တော်တော်လေး ဆိုးဆိုးဝါးဝါး လုပ်နေတာပါ။ ထပ်ပြောပါ့မယ်။ သူက ဆိုးဆိုးဝါးဝါးကို ပြုမူနေတာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    မြောက်ကိုရီး နိုင်ငံပိုင်သတင်းဌာန KCNA က ကင်ဂျုံအန်မှာ ဆိုဟေး ဂြိုဟ်တု လွှတ်တင်ရေးစခန်းတွင် စွမ်းအားမြင့်မားသော ဒုံးကျည်အင်ဂျင်တစ်ခု စမ်းသပ်မှုအား ကြီးကြပ်ခဲ့ကြောင်း၊ ကမ္ဘာကြီးမှာ သိပ်မကြာမီတွင် သိသာသော အောင်မြင်မှုကြီးကို တွေ့မြင်ရတော့မည်ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ကင်မှာ ယခုနှစ် အစောပိုင်းကလည်း မိမိတို့စစ်တပ်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကင်ဂျုံနမ်အသတ်ခံရမှုကိစ္စ အင်တာပိုလ်က ပါဝင်ဆောင်ရွက်လာ

    ကင်ဂျုံနမ်အသတ်ခံရမှုကိစ္စ အင်တာပိုလ်က ပါဝင်ဆောင်ရွက်လာ

    မတ် ၁၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူအမေကွဲအစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရမှုအတွက် မလေးရှားက အလိုရှိနေသည့် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က အနီရောင်နို့တစ်စာ ထုတ်ပြန်လိုက်ပြီး နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် နီးစပ်လာပြီဖြစ်သည်။

    မလေးရှားရဲတပ်ဖွဲ့မှာ အဆိုပါ သံသယရှိသူများကို ဖမ်းဆီးရန်အတွက် ပြီးခဲ့သည့်လက အင်တာပိုသို့ အကူအညီတောင်းခဲ့သည်။

    “လုပ်ကြံမှုဖြစ်ပွားတဲ့နေ့က လေဆိပ်မှာရှိခဲ့ပြီး အဲဒီကတည်းက ပျောက်သွားခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးအတွက် အနီရောင်နို့တစ်စာကို ကျွန်တော်တို့ ရရှိခဲ့ပါပြီ။ အင်တာပိုကနေတစ်ဆင့် သူတို့ကို ကျွန်တော်တို့ ရမယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်က ယနေ့တွင် ပြောကြားခဲ့သည်။

    အင်တာပို၏ အဆိုပါအနီရောင် နို့တစ်စာမှာ သံယရှိသူများကို ယာယီ ရှာဖွေဖမ်းဆီးထားရန် တောင်းဆိုခြင်းဖြစ်ပြီး လွှဲပြောင်းပေးအပ်ခြင်း မပါဝင်ပေ။

    ကင်ဂျုံနမ်မှာ VX ဓာတုအဆိပ်ဖြင့် လုပ်ကြံခံရခြင်းဖြစ်သည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနှင့် ဗီယက်နမ်အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကာ လူသတ်မှုနှင့် စွဲချက်တင်ထားသည်။

    ထို့ပြင် ထိုလုပ်ကြံမှုနှင့်ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံသား ၇ ဦးကို သံသယရှိသူအဖြစ် ကြေငြာထားပြီး ထိုအထဲမှ ၄ ဦးမှာ မြောက်ကိုရီးယားသို့ ပြန်သွားပြီဟု ယုံကြည်ရသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားကို ကိုင်တွယ်ရန် နည်းလမ်းအားလုံးကို အမေရိကန် စဉ်းစားနေ

    မြောက်ကိုရီးယားကို ကိုင်တွယ်ရန် နည်းလမ်းအားလုံးကို အမေရိကန် စဉ်းစားနေ

    မတ် ၉၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် နည်းလမ်းအားလုံးကို စဉ်းစားထားသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ပြောကြားလိုက်သည်။

    တနင်္လာနေ့က မြောက်ကိုရီးယားမှာ တိုက်ချင်းပစ်ဒုံးကျည် ၃ စင်းကို ဂျပန်ပင်လယ်ထဲသို့ စမ်းသပ်ပစ်လွှတ်ခဲ့မှုနှင့်ပတ်သက်၍ ယမန်နေ့ ကုလ လုံခြုံရေးကောင်စီ၏ အစည်းအဝေးတွင် ဟာလေးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်ကိုလည်း ရှုတ်ချခဲ့သည်။

    “ကျွန်မတို့ဟာ သာမန်ပုဂ္ဂိုတစ်ယောက်နဲ့ ဆက်ဆံနေရတာ မဟုတ်ပါဘူးး။ ဒီတစ်ခေါက် ကင်ဂျုံအန်ဆီကနေ ထွက်လာမှုဟာ မယုံကြည်နိုင်လောက်တဲ့၊ တာဝန်မယူတတ်တဲ့ အသိဉာဏ်မဲ့မှုဆိုတာကို ကျွန်မတို့ မြင်နေရပါတယ်” ဟု ဟာလေးက ဆိုသည်။

    ထို့ပြင် ထရမ့်အစိုးရအနေဖြင့် မြောက်ကိုရီးယားကို မည်ကဲ့သို့ ကိုင်တွယ်မည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ပြန်လှန် သုံးသပ်နေပြီး၊ နည်းလမ်းအားလုံးကို စဉ်းစားထားကြောင်း၊ ဆုံးဖြတ်ချက်ကို ယခု ချမှတ်သွားမည်ဖြစ်ပြီး သင့်တော်သလို တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို မြောက်ကိုရီးယား ပိတ်ပင်

    မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို မြောက်ကိုရီးယား ပိတ်ပင်

    မတ် ၇၊ ၂၀၁၇
    M-Media

    မလေးရှားလေဆိပ်တွင် လုပ်ကြံခံရသည့် ကင်ဂျုံနမ်

    – ကွာလာလမ်ပူတွင် ကင်ဂျုံနမ် လုပ်ကြံခံရမှုကြောင့် မြောက်ကိုရီးယားနှင့် မလေးရှားတို့၏ တင်းမာမှု မြင့်တက်နေစဉ် မြောက်ကိုရီးယားက ၎င်းတို့နိုင်ငံအတွင်းရှိ မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို ပိတ်ပင်လိုက်ပြီး ဓားစာခံများအဖြစ် ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး မလေးရှားတွင် ဖြစ်ပွားနေသည့်ပြဿနာ ကျေကျေလည်လည် ဖြေရှင်းပြီးသည်အထိ ပိတ်ပင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား ၁၁ ဦး ရှိနေပြီး ၎င်းတို့ထဲမှ ၃ ဦးမှာ သံရုံးဝန်ထမ်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ ထိုလုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် မြောက်ကိုရီးယား သံရုံးမှ ၀န်ထမ်းအားလုံးနှင့် သံတမန်များကို မလေးရှားက ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး အဟ်မဒ် ဇာဟ်စ် ဟာမီဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနမ် အသတ်ခံရမှုမှာ မြောက်ကိုရီးယား အစိုးရလက်ချက်ဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲထားသည်။ မြောက်ကိုရီးယားက ကင်ဂျုံနမ်၏ အလောင်းကို ပြန်လိုချင်သော်လည်း မလေးရှားက ပြန်မပေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ မြောက်ကိုရီးယားနိုင်ငံသားများကိုလည်း သံသယရှိသူများအဖြစ် ကြေငြာခဲ့သောကြောင့် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်လာခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က မလေးရှားမှာ မြောက်ကိုရီးယားသံအမတ်ကို နှင်ထုတ်ခဲ့ပြီး သောကြာနေ့နှောင်းပိုင်းကလည်း မြောက်ကိုရီးယားက မလေးရှားသံအမတ်ကို နှင်ထုတ်ခဲ့သည်။

    Ref: CNA

  • ဂျပန်ရှိ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားနေသည်ဟု မြောက်ကိုရီးယား ကြေငြာ

    ဂျပန်ရှိ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားနေသည်ဟု မြောက်ကိုရီးယား ကြေငြာ

    မတ် ၇၊ ၂၀၁၇
    M-Media

    – တနင်္လာနေ့က ဂျပန်ဘက်သို့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုမှာ ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ပစ်မှတ်ထားသော လေ့ကျင်မှု အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။

    ဂျပန်ပင်လယ်ပြင်သို့ ဒုံးကျည် ၄ လုံး ပစ်ခတ်ရာတွင် ၃ လုံးမှာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က အဆိုပါ ပစ်လွှတ်မှုမှာ ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် တာဝန်ပေးခံထားရသည့် ကြည်းတပ်အဖွဲ့တစ်ခုက ပစ်လွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “လေ့ကျင့်မှုမှာ ပါဝင်တာက KPA မဟာဗျူဟာတပ်ဖွဲ့ရဲ့ Hwasong လက်နက်ကြီးတပ်ဖြစ်ပြီး ဂျပန်က အမေရိကန် နယ်ချဲ့ကျူးကျော်သူရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်နိုင်ချေအတွက် စမ်းသပ်တာဖြစ်ပါတယ်။ လက်နက်ကြီး တပ်သားတွေရဲ့ နှလုံးသားထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ စစ်လိုလားသူတွေကို အညှာတာမဲ့ လက်စားချေချင်တဲ့ ဆန္ဒတွေ ပြင်းပြနေပါတယ်” ဟု KCNA က ကြေငြာခဲ့သည်။

    အဆိုပါ ပစ်လွှတ်မှုမှာ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်ခြင်း ဖြစ်နိုင်ပြီး ထိုကဲ့သို့ စစ်ရေးလေ့ကျင်မှုမှာ ၎င်းတို့အား တိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ယူဆထားသည်။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာက ထိုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုမှာ မြောက်ကိုရီးယား၏ မပြောင်းလဲသော ရန်စမှုလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ တောင်ကိုရီးယားတွင် အမေရိကန်၏ THAAD ဒုံးခွင်းစနစ်ကို ချသွားမည်ဟု ဆိုသည်။

    Ref: RT