News @ M-Media

Tag: obama

  • ဘာသာပေါင်းစုံမှ လူငယ်များ English Access Students အဖွဲ့ အိုဘားမား မိန့်ခွန်းပြောကြားပွဲသို့ တက်ရောက်ခွင့်ရခဲ့

    ဘာသာပေါင်းစုံမှ လူငယ်များ English Access Students အဖွဲ့ အိုဘားမား မိန့်ခွန်းပြောကြားပွဲသို့ တက်ရောက်ခွင့်ရခဲ့

    နိုဝင်ဘာ ၂၀၊၂၀၁၂
    M-Media
    မောင်လျှောက်(မြယာမြေ)

    ဘာသာပေါင်းစုံမှ လူငယ်များပါဝင်သော English Access Students အဖွဲ့

    ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၊ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့  အလုပ်သဘော ၁ ရက်တာ လာရောက်လည်ပတ်ခဲ့သည့်  ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် အမေရိကန်-မြန်မာချစ်ကြည်ရေးမိန့်ခွန်းပြောကြား သွားသော အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား မိန့်ခွန်းပြောကြားပွဲအခမ်းအနားသို့ ရန်ကုန်မြို့မှ ဘာသာပေါင်းစုံလူငယ်များပါဝင်သော ကျောင်းသားများတက်ရောက်ခဲ့ကြသည်။

    အဆိုပါကျောင်းသားလူငယ်အဖွဲ့သည် English Access Program ကိုတက်ေ၇ာက်နေသော Wisdom Villa Access Group မှဖြစ်ပြိး မြန်မာမွတ်စလင်မ်လူငယ် မောင်မယ်များက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

    မစ္စတာ ဘားရက်အိုဘားမားမိန့်ခွန်းပြောကြားမှုအပြိး Wisdom Villa Access Group မှ လူမှုရေးလုပ်ငန်းများလိုက်ပါ ဆောင်ရွက်ပေးနေသူ ကိုဘီလာဟ်(ခေါ်) ကိုဌေးဝင်းက M-Media သို့ ယခုလိုမှတ်ချက်ပြုပြောဆိုသွားပါတယ်။

    “Mr. OBAMA IS MY MOST ADMIRABLE PRESIDENT. President Obama Speech was fascinating. it has a lot of messages for Muslims.He mentioned about the top most issues which is mainly concern in Myanmar as the current situation. Stating about Rohinga is also one the key issue which can shake the whole world was also mentioned in his speech and i feel really impressed and so interested about How Myanmar Official. Authorities will make changes ans work hand in hand with The US.”

    မစ္စတာ အိုဘာမားက ကျွန်တော် အလေးစားရဆုံး သမ္မတကြီးပါပဲ။ သမ္မတကြီးရဲ့ မိန့်ခွန်းက အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မွတ်စလင်တွေအတွက် အချက်အလက်တွေ အများကြီးပါပါတယ်။ သမ္မတကြီးက မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အရေးကြီးဆုံးကိစ္စရပ်တွေကို ဖော်ပြသွားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေတဲ့ အဓိက အရေးတစ်ခုဖြစ်တယ်ဆိုတာကိုလည်းပဲ သူ့မိန့်ခွန်းမှာ ပြောသွားပါတယ်။ ကျွန်တော် တကယ်ကိုပဲ အထင်ကြီးလေးစားမိပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေ အနေနဲ့ ပြောင်းလဲမှုတွေကို ဘယ်လိုပြုလုပ်မယ်၊ အမေရိကန်နဲ့ ဘယ်လိုလက်တွဲ သွားမယ်ဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။

    ဘာသာပေါင်းစုံမှ လူငယ်များပါဝင်သော English Access Students အဖွဲ့

    အလားတူ အဖွဲ့မှမိန့်ခွန်းပြောကြားပွဲအခမ်းအနားသို့တက်ရောက်ခဲ့သူမြန်မာမွတ်စလင်မ်အမျိုးသမိးတစ်ဦးက “အိုဘားမားမိန့်ခွန်းနှင့် ပတ်သက်ပြီး အင်အားကြီးနိုင်ငံရဲ. ခေါင်းဆောင် အနေနဲ. မြန်မာပြည်အရေးနှင့် အဲလိုထောက်ပြပေးတာ အရမ်းကို ကောင်းတယ်ပေါ. ” ဟု  M-Media ကို ပြောဆိုပါတယ်။

    ” အိုဘားမားလိုလူမျိုးကဒီလိုမြန်မာနိုင်ငံကိုလာပြီးပြောတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ် နောက်လည်း ဒီလိုမျိုးအလုပ်တွဲလုပ်သွားဖို့ ဆန္ဒတွေရှိပါတယ် အရင်တုန်းကမှေးမှိန်နေတဲ့ မျှော်လင့်ချက်တွေက အခုအချိန်မှာပြန်ပြီးနိုးကြားလာသလိုပါပဲ၊တကယ်ဆို ဒီလိုမျိုး အမေရိကန်သမ္မတရဲ့မိန့်ခွန်းကိုနားထောင်ရမယ်ဆိုတာ အိမ်မက်တောင် မမက်ခဲဘူးတဲ့ကိစ္စပါ၊ အရမ်းလည်း အံ့သြခဲ့သလို အရမ်းလည်း ၀မ်းသာအားရခဲ့ပါတယ် ကိုယ့်ကိုယ်ကိုလည်းဂုဏ်ယူမိပါတယ် သမ္မတရဲ့မိန့်ခွန်းကိုကြားနေချိန်မှာ ဆိုရင်တော့ စိတ်ထဲမှာ တကယ်ပဲကျေနပ်မိပါတယ်” ဟုမြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်တစ်ဦးဖြစ်သူ ကိုဥာဏ်လင်းထက်ကမှတ်ချက်ပြုပါတယ်။

    အဆိုပါကျောင်းသားလူငယ်အဖွဲ့ English Access Students များသည် မြန်မာပြည်တွင်းတွင် English ဘာသာစာပေကိုသင်ယူနေသူများဖြစ်ပြီး လူမှုကူညီရေးလုပ်ငန်းများကို English Access ကျောင်းသားဟောင်းများနှင့် လက်တွဲကာပူးပေါင်းဆောင်ရွက်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
    ဘာသာပေါင်းစုံမှလူငယ်များပါဝင်သော English Access Microscholarship Program ကို ဘာသာပေါင်းစုံမှဆ၇ာ ဆရာမများက အားဖြည့် ကူညီပေးလျက်၇ှိသည်။

  • တတိယကြိမ် အကြမ်းဖက်မှု့ဖြစ်လျှင် အိုဘားမားတာဝန် ဟု Dr အေးမောင် ခြိမ်းခြောက်ပြောဆို

    တတိယကြိမ် အကြမ်းဖက်မှု့ဖြစ်လျှင် အိုဘားမားတာဝန် ဟု Dr အေးမောင် ခြိမ်းခြောက်ပြောဆို

    နိုဝင်ဘာ ၂၀ ၊ ၂၀၁၂

    M-Media

    RNDP ဥက္ကဌ ဒေါက်တာအေးမောင်

    ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ရောက်ရှိခဲ့သော အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မြန်မာပြည်သူများသို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်း သုံးစွဲခဲ့ခြင်းကြောင် ရခိုင်တွင် တတိယအကြိမ်အကြမ်းဖက် တိုက်ခိုက်မှု့များ ဖြစ်လာခဲ့လျှင် သမ္မတ အိုဘားမား တာဝန် ဟု VOA နှင့် တွေ့ဆုံသည့် အစီအစဉ်တွင် ခြိမ်းခြောက် ပြောဆိုလိုက်ပါသည်။

    အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး အမြင်များ VOA မှ လူထုလူတန်းစားအသီးသီးထံ တွေ့ဆုံ မေးမြန်းခဲ့ရာမှာ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ၊ ပြည်သူလွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောကြားရာမှာ ” ဒီမိုကရေစီ အရေးနှင့် ပတ်သက်ပြီးပြောကြားချက်များ၊ အပြန်အလှန်ထိန်းကြောင်း ပြုပြင်ရေးနှင့် ပတ်သက်ပြီးပြောကြားချက်များ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပြောကြားချက်များကို ကြိုဆိုပါကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံေ၇းပါတီအချို့နှင့် လူထုအဖွဲ့အစည်း အသီးသီးတို့ကို သီးသန့် ဖိတ်ကြားတွေ့ဆုံသည့် အခမ်းအနားမှာ ရခိုင်ပါတီများကို ဖိတ်ကြားခြင်းမရှိကြောင်း၊

    အိုဘားမားသုံးနှုန်းတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းအတွက် အိုဘားမားမှာ တာဝန်ရှိကြောင်း၊ ရိုဟင်ဂျာလို့ သုံးနှုန်းလို့ ရခိုင်ပြဿနာဖြစ်တယ်ဆိုတာ မိမိတို့ သုံးသပ်ထားတာရှိကြောင်း၊ ဒုတိယလှိုင်းပြီးခါနီးပြီးဖြစ်ကြောင်း အိုဘားမားရဲ့ အသုံးအနှုန်းကြောင့် တဖက် ဘင်္ဂါလီတွေ စစ်သွေးကြပြီးကာမှ အပြန်အလှန် တုံပြန်လာတာမျိုး ၊ အမေရိကားလို့ တခြားဒေသက အခြေချနေထိုင်လာတဲ့သူတွေ သမ္မတဖြစ်နေတဲ့ခေတ်ကြီးမှာ သူတို့ရည်မှန်းချက်တိုင်းဖြစ်ပြီးကာမှ တတိယလှိုင်းတက်လို့ ပဋိပက္ခဖြစ်ရင် အိုဘားမားတာဝန်ရှိကြောင်း “VOA နဲ့ တွေ့ဆုံသည့် အစီအစဉ်မှာပြောကြားသွားတာဖြစ်ပါတယ်။

  • ရန်ကုန်တက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ အမေရိကန် သမ္မတအိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း

    ရန်ကုန်တက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ အမေရိကန် သမ္မတအိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း

    နိုဝင်ဘာ ၁၉ ၊၂၀၁၂

    Source: ဧရာဝတီ

    ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် မွန်းလွဲ ၂ နာရီခွဲကျော်က ပြောကြားခဲ့ သော အမေရိကန်သမ္မတအိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း

    (အချို့နေရာများတွင် အသံများလုံးထွေးနေမှုကြောင့် ဖော်ပြနိုင်ခြင်းမရှိပါ)

    ကျနော်ဒီတက္ကသိုလ်ကို ရောက်လာခဲ့ရတဲ့အတွက် ဒီနိုင်ငံကို ပထမဆုံး တက်ခွင့်ရတဲ့ အမေရိကန်သမ္မတဦးဖြစ်တဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူမိပါတယ်။ ကျနော်ကို ဒီကိုလာတာက ဒီနိုင်ငံရဲ့အရေးပါမှုကြောင့်ပါပဲ။ လူကြီးမင်းတို့က အရှေ့နဲ့တောင်အာရှဆက်စပ်ပေးတဲ့လမ်းဆုံလမ်းခွမှာ ရောက်နေတဲ့အတွက် အရေးပါနေတာ။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံတွေနဲ့ လူကြီးမင်းတို့က နယ်မြေချင်းဆက်နေပါတယ်။ ဒါ့အပြင် လူကြီးမင်းတို့ရဲ့နိုင်ငံသမိုင်းက လည်း နှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်သလို ကမ္ဘာ့အလျှင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသရဲ့ကံကြမ္မာကိုပံ့ပိုးပေး နိုင်တဲ့စွမ်းအား တွေရှိနေပါတယ်။

    ကျနော် ဒီကိုရောက်လာတာက လူကြီးမင်းတို့နိုင်ငံရဲ့လှပတင့်တယ်မှုနဲ့ ထူးခြား မတူကွဲပြားမှုတွေကြောင့်။ ကျနော်ရွှေတိဂုံ စေတီတော်ကြီးကို စောစောကပဲ မြင်တွေ့ခဲ့ရပါတယ်။

    ဒီကိုရောက်လာခြင်းတခုကတော့ ဒီတက္ကသိုလ်ကို လေးစားလို့ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးမှာ ကိုလိုနီဆန့်ကျင်ရေးကို စတင်ခဲ့ပါတယ်။ ဒီကျောင်းတော်ကြီးမှာပဲ ကိုအောင်ဆန်းက လွတ်လပ်ရေးလှုပ်ရှားမှုကို မစတင်ခင်မှာ မဂ္ဂဇင်းအယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာပဲ ဦးသန့်က ကုလသမဂ္ဂကို မဦးဆောင်ခင်မှာ ဒီကျောင်းတော်ကြီးမှာပဲ ကမ္ဘာကြီးအကြောင်းကို ဆည်းပူးခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ပညာရှင်တွေရုန်းကန်ကြိုးစား ခဲ့ကြသလို ကျောင်းတော်သူ ကျောင်းတော်သားတွေကလည်း သူတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေ ကို တောင်းဆိုခဲ့ကြပါတယ်။ အခုအခါမှာတော့ လွှတ်တော်က ဒီတက္ကသိုလ်ကို အားသစ်ပြန်လောင်းဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို အနည်းဆုံးချမှတ်ခဲ့ပြီးပါပြီ။ ဒီနိုင်ငံရဲ့အနာဂတ်ကို ဒီနိုင်ငံရဲ့လူငယ်တွေရဲ့ ပညာရေးကသာ အဆုံးအဖြတ်ပေးမှာဖြစ်လို့ ဒီကျောင်းတော်ကြီးက တချိန်က သူရဲ့ကြီးကျယ်မြင့်မြတ်မှု ကို ပြန်လည်ဆောင်ကြဉ်းရမှာမလွဲတော့ပါဘူး။

    နောက်ဒီကို ရောက်လာခြင်းက ကျနော်တို့နှစ်နိုင်ငံကြားက ဆက်စပ်မှုကြောင့်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေက အမေရိကန်ကုန်သည်တွေ၊ သာသနာပြုသူတွေက ကုန်သွယ်မှု၊ သာသနာပြုမှုတွေ အတွက် ရောက်ရှိခဲ့ကြပါတယ်။ ဒီနယ်နိမိတ်အတွင်းမှာပဲ ဒုတိယကမ္ဘာစစ်အတွင်းက ကျနော်တို့ရဲ့ လေသူရဲတွေက တရုတ်ပြည်ကို ပျံသန်းခဲ့ကြသလို ကျနော်တို့ရဲ့ တပ်ဖွဲ့အများအပြားကလည်း ဒီမြေပေါ်မှာပဲ အသက်ပေးခဲ့ကြပါတယ်။ ကျနော်တို့နှစ်နိုင်ငံနှစ်ခုစလုံးက ဗြိတိသျှအင်ပါယာ အတွင်းက ပေါ်ထွန်းလာတဲ့ နိုင်ငံဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုပါဝင်ခဲ့ပါတယ်။

    အမေရိကန်ယာဉ်ကျေးမှုဗဟိုဌာနကို ရန်ကုန်မှာထူထောင်နိုင်ခဲ့ပြီး ဒီကျောင်းတော်ကြီးမျိုးတွေနဲ့ ပညာအပြန်အလှန်တည်ဆောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ မတူကွဲပြားမှုတွေရှိနေတဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာပဲ အမေရိကန်လူမျိုးတွေက ဒီနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် သံယောဇဉ်ရှိခဲ့ကြပါတယ်။

    အားလုံးထဲက အရေးကြီးတချက် ဒီကိုရောက်လာခဲ့တာက လူ့ဂုဏ်သိက္ခာအပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ကျနော်တို့နိုင်ငံတွေက တစိမ်းတွေဖြစ်ခဲ့ကြပါတယ်။

    ဒါပေမယ့် ဒီနေ့မှာတော့ မြန်မာပြည်သူတွေအတွက် အမြဲတမ်းပဲမျှော်လင့်ချက်ထားခဲ့ကြတယ်ဆိုတာကိုပြောနိုင်ပါတယ်။ မြန်မာပြည်သူတွေက ကျနော်တို့ကို  မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေရဲ့ သတ္တိတွေကိုလည်း ကျနော်တို့မျက်မြင်တွေ့ခဲ့ရပါတယ်။ အဖြူရောင်ဝတ်ထားကြတဲ့ လှုပ်ရှားတက်ကြွသူတွေက တနင်္ဂနွေနေ့မှာ နိုင်ငံရေးမိသားစုတွေဆီ သွားတွေ့ခဲ့ကြတာတွေ။ ရွှေဝါရောင်သင်္ကန်းဝတ်ထားတဲ့ သံဃာတော်တွေက လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာတွေကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းကို တုံ့ပြန်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့စည်းခဲ့ကြတဲ့ မြန်မာပြည်သူတွေအကြောင်းလည်း သိခဲ့ရပါတယ်။ လွတ်လပ်မှုအသံကို ဟစ်ကြွေးခဲ့ကြတဲ့ ကျောင်းသားတွေရဲ့အသံတွေ၊ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေကိုလည်းကျနော်တို့ကြားခဲ့ရပါတယ်။ မိမိတို့ရဲ့ မိသားစုတွေနဲ့ပဲဖြစ်ဖြစ် ဘိုးဘွားတွေနဲ့ပဲဖြစ်ဖြစ် အဆက်အသွယ်မပြတ်ခဲ့ကြတဲ့ ပြည်ပရောက် မြန်မာတွေကိုလည်း သိခဲ့ရပါတယ်။

    ရင်ထဲက မျှော်လင့်ချက်ရှင်သန်နေမျှ ဘယ်လူသားကိုမှ အမှန်တကယ် အကျဉ်းချထားလို့မရဘူးဆိုတာ သက်သေပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်မှုတွေ၊ ဂုဏ်သိက္ခာတွေကြောင့် ကျနော်တို့မှာ အတွေးသစ်တွေနိုးကြားခဲ့ရပါတယ်။
    သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေက ရုပ်လုံးပေါ်လာပါတယ်။ အခုဆိုရင် အရပ်သားဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော်တွေ ခိုင်ခိုင်မာမာရှိနေပြီ။ အရင်က ဥပေဒပြင်ပလို့ သတ်မှတ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်းရွေးကောက်ပွဲဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်လာခဲ့ပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ရာပေါင်းများစွာကို လွှတ်ပေးခဲ့သလို အဓမ္မစေခိုင်းမှုတွေကိုလည်း တားမြစ်နိုင်ခဲ့ပါပြီ။

    တိုင်းရင်းသားတပ်မတော်များနဲ့ကနဦးအပစ်အခတ်ရပ်စဲနိုင်ခဲ့သလို ပိုမိုပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်များကိုလည်း ဖွင့်ပေးနေပါပြီ။ ဒီတော့ ကျနော်က ကျနော့်ကတိတည်ဖို့ ခင်မင်ရင်းနှီးမှုကမ်းလင့် လက်ကို ဆန့်တန်းဖို့ရောက်လာခဲ့တာပါ။ ဒီနေ့ အမေရိကန်သံအမတ်ရန်ကုန်မှာရှိနေပြီ၊ စီးပွားရေးပိတ်ဆို့မှုတွေ ကိုလည်းဖြေလျော့ထားပါပြီ။ ဒီနိုင်ငံရဲ့ လူထုအတွက် အခွင့်အရေးတွေပေးလာမယ့် ကမ္ဘာ့ကြီးရဲ့ တိုးတက်မှုကို မောင်းနှင်ပေးမယ့်အင်ဂျင်တလုံးအဖြစ် ရပ်တည်လာမယ့် စီးပွားရေးတရပ်ကို ပြန်လည်တည်ဆောက်ရာမှာ ကျနော်တို့ကူညီပံ့ပိုးသွားပါ့မယ်။ ဒါပေမဲ့ ဒီထူးခြားလှတဲ့ ခရီးက အခုက အစသာရှိပါသေးတယ်။ ကျနော်တို့ အများကြီးဆက်သွားရဦးမယ်။

    ထိပ်ပိုင်းက ပြုပြင်ပြောင်းလဲမှုတွေက ဒီမိုကရေစီအခြေခံဖြစ်တဲ့ နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီရပါလိမ့်မယ်။ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှု
    ရောင်ခြည်ဖြိုးဖျ ကလည်း ငြိမ်းသွားလို့မရပါဘူး။ ဒီမီးလျှံလေးက ဒီနိုင်ငံရဲ့ လူထုအတွက် ထိန်လင်းတဲ့ ဓူဝံကြယ်ကြီးမဖြစ်မနေ ဖြစ်လာရပါတယ်။ ဒီအတွက် အားထုတ်ရာမှာ မြန်မာပြည်သူတွေရဲ့အောင်မြင်မှုက ကျနော့်အတွက် ၊ အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးလှပါတယ်။ ကျနော်တို့ လာခဲ့ကြတဲ့ လမ်းကြောင်းတွေမတူညီကြပေမယ့် ကိုယ့်ခေါင်းဆောင်ကို ကိုယ်ရွေးချင်တာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ချင်တာ၊ ပညာရေးတရပ်ကို ရရှိပြီး ကောင်းမွန်စွာ အသက်မွေးချင်တာ၊ ကိုယ့်မိသားစုတွေနဲ့ ကိုယ့်အသိုင်းအ၀ိုင်းတွေအပေါ် မေတ္တာထားချင်တာဆိုတဲ့ ကျနော်တို့အိမ်မက်တွေက တူညီကြပါတယ်။

    ဒါကြောင့် လွတ်လပ်မှုနဲ့ ကျနော်တို့ရဲ့ယုံကြည်ချက်တွေက ဒြပ်မဲ့သဘောတရားမဟုတ်ပါဘူး။ လွတ်လပ်မှုက လူသားတို့ရဲ့အောင်မြင်မှုကို ဖြစ်လာစေတဲ့ တခုတည်းသော အရာဖြစ်ပါတယ်။ လွတ်လပ်မှုက မဲရုံမှာသာမဟုတ်ဘဲ ကျနော်တို့်ရဲ့ နေ့စဉ်ဘ၀မှာပါ ရှိနေရမှာပါ။ အမေရိကန်နိုင်ငံရဲ့ကြီးမြတ်တဲ့ သမ္မတတဦးဖြစ်တဲ့ ရုစဖဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့အရေးက မဲပေးပိုင်ခွင့်ထက် ထက်ပိုတယ်လို့ဖွင့်ဆိုခဲ့ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လိုချင်မှုများက လွတ်လပ်ခွင့်၊ သက်ဝင်မှုများက လွတ်လပ်ခွင့်ဆိုတဲ့ အခြေခံလွတ်လပ်ခွင့်လေးရပ်ကို လက်ကမ်းကြဖို့ ကမ္ဘာကြီးကိုတောင်းဆိုခဲ့ပါတယ်။ ဒီလွတ်လပ်ခွင့်လေးခုက တခုအပေါ် တခုအပြန်အလှန် အားဖြည့်နေပါတယ်။ ပြီးတော့လည်း ဒီလေးခုထဲက တခုကိုမဖော်ဆောင်ဘဲ ကျန်တခုကို မရနိုင်ပါဘူး။ အဲဒါက လူအားလုံးအတွက် ကျနော်တို့လိုချင်တဲ့ အနာဂတ်ပါပဲ။ အားလုံးပြောချင်တဲ့ အကြောင်းအရာပါပဲ။

    ကျနော်တို့က လွတ်လပ်စွာပြောဆိုခွင့်ကို ယုံကြည်ပါတယ်။ ဒါမှသာ ပြည်သူတွေရဲ့အသံတွေကို ကြားနိုင်ပြီး အစိုးရတွေအနေနဲ့ သူတို့ရဲ့သဘောဆန္ဒကို သိနိုင်မှာပါ။
    ဒီအခွင့်အရေးတွေကို ဖော်ဆောင်တဲ့နေရာမှာ တနိုင်ငံနဲ့တနိုင်ငံမတူညီနိုင်ပါဘူး။ဒီနိုင်ငံရဲ့ပြည်သူတွေအားလုံးရဲ့ အင်အားကိုသာ စုစည်းသွားမယ်ဆိုရင် ဒီနိုင်ငံက ပိုပြီး ခိုင်မာတောင့်တင်းမယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ အဲဒီအချက်ကပဲ နိုင်ငံများကို အောင်မြင်စေတာဖြစ်ပါတယ်။ အဲဒီအချက်ကိုသာ ပြုပြင်ပြောင်းလဲရေးက စတင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အမိန့်နဲ့ ချုပ်ခြယ်ထားမယ့်အစား လူထုရဲ့စုဝေးခွင့်ကို အခုအခါမှာ အပြည့်အ၀လေးစားရမယ်။ မီဒီယာဆင်ဆာဖြတ်တောက်မှု အသံတွေကိုပိတ်ဆို့ထားမယ့်အစား မီဒီယာလွတ်လပ်ခွင့်ကို ဆက်ပေးထားရပါလိမ့်မယ်။ ဒီခြေလှမ်းတွေကို လှမ်းသွားရင်းနဲ့ဒီမိုကရေစီခရီးကို ရောက်ရှိဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

    မြစ်ဆုံဆည်တည်ဆောက်ရေးကို ဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံသားများရဲ့ အသံကို လျစ်လျူရှုထားမယ့်အစား ကြားနာပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီများကိုလည်း ဥပဒေပြင်ပကလို့သတ်မှတ်မယ့်အစား နိုင်ငံရေးပါဝင်ဆောင်ရွက်ခွင့်ပေးခဲ့တယ်။ လွှတ်တော်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်တဦးက ပြောခဲ့ပါတယ်။ ကျနော်တို့ မိဘတွေ၊ ဘိုးဘွားတွေ အခုလို မဲပေးခွင့်ရအောင်အစောင့်ကြီး စောင့်ဆိုင်းခဲ့ရပေမယ့် မြင်မသွားကြရပါဘူးတဲ့။ မဲဆန္ဒရှင်တွေရဲ့လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အာဏာရှိသူများက လုပ်ရပါလိမ့်မယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အမေရိကန်စနစ်ကို ရေးဆွဲထားတာပါ။

    အမေရိကန်က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပေမယ့် အရပ်သားထိန်းချုပ်မှုအောက်ကို စစ်တပ်ကို ထားရှိပါတယ်။ အခု ကာကွယ်ရေးဦးစီးချုပ်တဦးအနေနဲ့ ကျနော်ဖြစ်ချင်တာတွေကို ဇွတ်အတင်းပြဋ္ဌာန်းလို့မရပါဘူး။ အဲလိုလုပ်လို့ရရင် သိပ်ကောင်းမှာပဲလို့ တွေးရုံသာ တွေးမိပါတယ်။ တရားသူကြီးတွေကိုလည်း ကျနော်ခန့်ထားပါတယ်။ သူတို့ကလည်းကျနော့်ကိုစစ်တယ်၊ ကျနော်ရဲ့အာဏာကို စစ်ပါတယ်။ ဘယ်လိုတရားစီရင်ရမယ်လို့ ကျနော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတဲ့ကလေးတဦးကစပြီး သမ္မတအထိ လူတိုင်းလူတိုင်းက ဥပဒေအရ တန်းတူညီတူ ခံစားခွင့်ရှိလို့ပါပဲ။ ဒါကြောင့် တရားသူကြီးတွေက ကျနော် ဥပဒေလိုက်နာသလား၊ မလိုက်နာဘူးလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။

    ကျနော်ပြောချင်ပါတယ်။ ဒါက မြန်မာပြည်သူတွေ လှမ်းကိုင်ရမယ့် အနာဂတ်ပါပဲ။ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတဦး တည်းရှိနေရင်တောင်မှ များလှပါပြီဆိုတဲ့ အနာဂတ်။ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုလို့ ခိုင်မာအားရှိတဲ့အနာဂတ်၊ တာဝန်ခံတဲ့ အစိုးရတွေ၊ ဘယ်ကလေးမှ စစ်သားမလုပ်ရ၊ ဘယ်အမျိုးသမီးမှ ခေါင်းပုံမဖြတ်ခံရတဲ့ အနာဂတ်၊ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အနာဂတ်၊ အရပ်သားများရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုနေတဲ့ တပ်မတော်ကသာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာစေတဲ့ အနာဂတ်၊ လူထုက ရွေးကောက်တင်မြှောက်လိုက်သူများကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးတဲ့ အနာဂတ်ကို ဆိုလိုပါတယ်။

    အဲဒီခရီးကို ချီတက်ရာမှာ အရပ်သားလူ့အဖွဲ့အစည်းကို အားရှိလာအောင် ကျနော်တို့ ကူညီထောက်ပံ့မှု အသုံးပြုပြီးတော့သော်လည်းကောင်း တပ်မတော်ကိုလည်း တပ်ကိုကျွမ်းကျင် ပြုလုပ်ပြီး လူ့အခွင့်အရေးများကို ပူးပေါင်းဖော်ဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးရောက်ရေးမှာ စီးပွားရေးနဲ့ချိတ်ဆက်တဲ့ အကျိုးဆက်တွေကို ဖော်ဆောင်ပေးခြင်းဖြင့်လည်းကောင်း အမေရိကန်နိုင်ငံက ဒီလမ်းကြောင်းတလျှောက် ကို ဖော်ဆောင်ရေးကို ကူညီသွားမှာပါ။

    ဒီခရီးကို ရှေ့ဆက်သွားရာကနေ လူတိုင်းက လိုအင်ဆန္ဒများ လွတ်လပ်သင့်တယ်ဆိုတဲ့ ယုံကြည်မှုကိုအခြေခံတဲ့ ဒုတိယလွတ်လပ်ခွင့်ကိုရောက်ရှိလာပါလိမ့်မယ်။

    ဟာနေတဲ့ ၀မ်းတွေ ဖြည့်ပေးရုံနဲ့ မလုံလောက်ပါဘူး။ လူထုက တင်မြှောက်တဲ့ အစိုးရ ၊ လူထုအတွက် အစိုးရက ပိုပြီးကြွယ်ဝမှုပေးနိုင်တယ်ဆိုတာက သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။ မြန်မာပြည်သူတွေနဲ့ တွဲဖက်ဆောင်ရွက်ချင်တယ်ဆိုတာ အဲဒါပါပဲ။ မြန်မာပြည်သူတွေရဲ့အနာဂတ်အတွက် ပြောခွင့်ရှိလာတဲ့အခါ မြန်မာပြည်သူတွေရဲ့ မြေကို ယူလို့မရပါဘူး။

    ဒါကြောင့် ပြုပြင်ပြောင်းလဲရေးများမှာ ကိုယ်နေထိုင်ရာမြေ ကိုယ်အလုပ်လုပ်ရာ မြေပိုင်ဆိုင်ခွင့် အထောက်အထားဆိုတဲ့ပိုင်ဆိုင်မှုအားလုံးအနက် အခြေခံအကျဆုံး  နိုင်ငံသူနိုင်ငံသားများရရှိအောင်ဆောင်ရွက်ပေးဖို့လိုတယ်။

    လူတွေရဲ့ပါရမီအစွမ်းအစတွေကို ဆွဲထုတ်လိုက်တဲ့အခါ အခွင့်အလမ်းတွေကို လူတိုင်းအတွက်ဖန်တီးပေးနိုင်မှာပါ။

    အကျင့်ပျက်ခြစားမှုကို ထားရစ်နိုင်ခဲ့မှ စီးပွားရေးတိုးတက်မှုဖန်တီးနိုင်မှာပါ။အမေရိကန်ကုမ္ပဏီတွေက ပွင့်လင်းမှုနဲ့အမြင့်ဆုံးစံသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်းနေပါတယ်။

    ပြုပြင်ပြောင်းလဲရေးက ဆာလောင်နေသူတွေ၊ ဖျားနာသူတွေ၊ လျှပ်စစ်ဓာတ်အားမရှိ၊ ရေမရှိဘဲ နေရသူတွေဆီ ရောက်ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက သူ့တာဝန်သူယူသွားပါမယ်။ အာရှစပါးကျီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ကိုယ့်လူထုကို ထမင်း၀၀ကျွေးနိုင်၊ ကိုယ့်ကလေးတွေကို စာသင်ပေးနိုင်အောင်၊ကိုယ့်ပြည်သူတွေ အိမ်ဆောက်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ မိတ်ဖက်နိုင်ငံတဦးအဖြစ် အမေရိကန်က ရပ်တည်သွားမယ်။

    တတိယလွတ်လပ်ခွင့်က လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာပါပဲ။ ဒီတိုင်းပြည်မှာလည်း မတူကွဲပြားမှုတွေ အများကြီးရှိပါတယ်။ လူတိုင်းလူတိုင်းက ဘာသာတခုတည်းကို ကိုးကွယ်ကြတာမဟုတ်ဘူး။ ဘုရားတွေ၊ ခရစ်ယာန်တွေ၊ ဗလီတွေ ရှိနေကြပါတယ်။ တိုင်းရင်းသားလူမျိုးတရာကျော်ကလည်း အခန်းကဏ္ဍတခုကနေ ပါဝင်နေပါတယ်။ မရေမတွက်နိုင်တဲ့အသက်ပေါင်းများစွာပေးဆပ်ခဲ့ရတယ်။ အမျိုးသားပြန်လည်သင့်မြတ်မှုမရှိဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး။အခုအခါမှာတော့ အပစ်အခတ်ရပ်စဲရေး အသွင်ပြောင်းနိုင်တဲ့ ကချင်ပြည်နယ်အပါအ၀င် ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တဲ့ ထူးခြားတဲ့အခွင့်အလမ်းတခုကို ရရှိနေပါပြီ။ ဒီအားထုတ်မှုက လိုအပ်နေသူအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိနိုင်ဖို့၊ ရွှေ့ပြောင်းခံရသူတွေ ကိုယ့်နေရပ်ကိုယ်ပြန်နိုင်ဖို့ အပါအ၀င် ပိုမိုတရားမျှတပြီး ပိုမိုတည်တံ့တဲ့ငြိမ်းချမ်းရေးဖော်ဆောင်သွားဖို့လိုပါတယ်။

    ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကိုမြင်နေရပါတယ်။ ရခိုင်တိုင်းရင်းသားများအပါအ၀င် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန်ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ကာလရှည်ကြာစွာရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း အခြားပြည်သူတွေလို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့သူတို့ရှိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက် ဒီနိုင်ငံရဲ့အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ။ တရားမျှတမှု၊ တာဝန်ခံမှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဒီပြည်နယ်က ပြည်သူပြည်သားများရဲ့ အရေးကိစ္စ အစိုးရဆောင်ရွက်မှုကို ကျနော်ကြိုဆိုပါတယ်။

    မတူကွဲပြားမှုဆိုတာက အင်အားဆိုတာ ကျနော်ယုံကြည်ပါတယ်။ အားသာချက်ပါ။ အားနည်းချက်မဟုတ်ပါဘူး။ ဒီလိုပြောရတာ ကျနော့်နိုင်ငံနဲ့ ကျနော့်ရဲ့ဘ၀ပေးအတွေ့အကြုံရ ကျနော်သိလာတာပါ။ ဒီခရီးစဉ်ကြောင့် လူတွေအများစုကို အားကျစေမယ်။ ဒီနိုင်ငံအနေနဲ့ပြုပြင်ပြောင်းလဲမှုတွေကို အောင်အောင်မြင်မြင်လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလားဆိုတဲ့ စမ်းသပ်မှုကြီးလည်းဖြစ်တယ်။

    မြောက်ကိုရီးယားခေါင်းဆောင်တွေကို ရွေးချယ်စရာ ကမ်းလှမ်းချင်ပါတယ်။ နူကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့တိုးတက်မှုလမ်းကြောင်းပေါ် တက်လှမ်းလာခဲ့ပါ။ အမေရိကန်ဘက်က လက်ကမ်းကြိုဆိုပါ။ ၂၁ ရာစုမှာ တောင်မြောက်ကွဲပြားမှုတွေကို ဆက်စွဲစရာမလိုပါဘူး။ အဲလိုကမ္ဘာမျိုးကို သမိုင်းဝင်ရန်ကုန်ခရီးကနေ စတင်တည်ဆောက်လို့ရပါပြီ။ ဒီနိုင်ငံအနေနဲ့ အများကြီး ၀ိုင်းပစ်ပယ်ခံခဲ့ရပါတယ်။ အခုတော့ ဒီနိုင်ငံက ပြနိုင်တာက အစကောင်းမှုရဲ့ စွမ်းအားပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ တပါတည်း တွဲယူသွားနိုင်တာကို ပြနိုင်တာပဲဖြစ်ပါတယ်။

    ဒီနိုင်ငံထဲမှာ ခင်ဗျားတို့ ရနေတဲ့ အခွင့်အလမ်းတွေကို မရဘဲ ဆုံးရှုံးနေရသူတွေ မရေမတွက်နိုင်အောင် ရှိတယ်ဆိုတာ သိထားလို့ပါ။ လျှပ်စစ်မီးမရတဲ့သူတွေ၊ လွတ်မယ့် ရက်ကိုစောင့်ဆိုင်းနေတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ၊ မျှော်လင့်ချက်တွေ အလှမ်းဝေးနေတဲ့ နေရပ်ပျောက်ဆုံးနေတဲ့ ဒုက္ခသည်တွေ၊ ထွက်ပြေးနေရသူတွေလည်း စခန်းတွေမှာ ဆက်ရှိနေပါတယ်။ ဒီနေ့ပြောပါရစေ၊

    ဒီနေ့ဒီနိုင်ငံမှာရှိတဲံ ပြည်သူအားလုံးကိုလည်း ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ပြီး ရပ်တည်သွားမယ်။ မြန်မာပြည်သူတွေ ဖြစ်ပျက် ခံစားရတာတွေ ကျနော်တို့ခေါင်းထဲမှာရှိနေပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေလည်း ကျနော်တို့ရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၁ ရာစုမှာ နည်းပညာတွေ တိုးတက်လာတာ၊ နိုင်ငံတွေကြားက အတားအဆီးတွေ ပြိုလဲသွားတာတွေကြောင့် လွတ်လပ်မှုရဲ့ရှေ့တန်းနယ်မြေတွေက နိုင်ငံအတွင်းမှာပဲ ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူတိုင်းရဲ့အလုပ်ပါ။ နိုင်ငံရေးသမား တွေရဲ့အလုပ်သက်သက်မဟုတ်ပါဘူး။ နိုင်ငံသားတဦးကောင်းဖြစ်ဖို့ အဲဒီအချက်ရှိဖို့လိုပါတယ်။တာဝန်သိတဲ့ နိုင်ငံသားတွေဖြစ်ဖို့။ အခုလို ထူးခြားတဲ့ကာလ စိန်ခေါ်ချက်တွေအများကြီးရှိနေပေမယ့် အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ နောက်ဆုံးကျရင် ရလာမယ့် လွတ်လပ်မှုအတိမ်အနက်ကို အဆုံးအဖြတ်ပေးရမှာက မြန်မာပြည်သူတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ တဦးချင်စီတိုင်းမှာကို စစ်မှန်တဲ့တော်လှန်ရေး၊ ပြောင်းလဲလိုစိတ်တွေ စမွေးမြူပေးဖို့လိုပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေပြခဲ့တဲ့ သတ္တိမျိုးရှိဖို့လိုပါတယ်။ လာမယ့် ရှေ့ခရီးလမ်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပါတယ်။ အပြောင်းအလဲလုပ်လိုသူတွေကို ခုခံဆန့်ကျင်မယ့်သူတွေရှိလာမှာပါ။

    ဒါပေမယ့်ယုံကြည်မှု အပြည်နဲ့ မြန်မာပြည်သူတွေနဲ့ ကျနော်ရပ်တည်နေပါတယ်။ ဒီနိုင်ငံမှာ ရွေ့လျားမှုတွေ၊ လှုပ်ရှားမှုတွေစတင်နေပါပြီ။ နောက်ပြန်ဆွဲလို့ မရနိုင်ပါဘူး။ ပြည်သူတွေရဲ့စိတ်အင်အားနဲ့ ဒီနိုင်ငံကို တိုးတက်အောင်လုပ်ယူပြီး ကမ္ဘာကြီးအတွက်လည်း အတုယူစရာသင်ခန်းစာဖြစ်သွားလိမ့်မယ်။ ခရီးလမ်းကြီးက ရှည်ပါသေးတယ်။ ဆက်လျှောက်ရဦးမှာပါ။ ပန်းတိုင်ရောက်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

  • အိုဘားမား မိန့်ခွန်းအပေါ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အားရကျေနပ်

    အိုဘားမား မိန့်ခွန်းအပေါ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အားရကျေနပ်

    နိုဝင်ဘာ ၁၉ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော အမေရိကန်သမ္မတ အိုဘားမားက  ရန်ကုန်တက္ကသိုလ် ခန်းမတွင် မြန်မာပြည်သူများသို့  ပြောကြားခဲ့သော မိန့်ခွန်းအပေါ် အကောင်းမြင် အားရကျေနပ်ခဲ့ကြောင်း အိုဘားမား မိန့်ခွန်း တက်ရောက် နားထောင်ခဲ့သူ မြန်မာမွတ်စလင်များက ပြောပါသည်။

    အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မြန်မာပြည်သူများအား မိန့်ခွန်းပြောနေစဉ်

    ‘မွတ်စလင်အရေး ဆိုတာထက် လူအခွင့်ရေးပိုင်းကိုပြောတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုပြောတယ်။ သူ့နိုင်ငံနဲ့ ယှဉ်ပြီး မတူကွဲပြားတာတွေကို အားအဖြစ် အသုံးချဖို့ သူ့နိုင်ငံနဲ့ ယှဉ်ပြီး ပြောပါတယ်။ ဘယ်သူက ဘယ်နေရာက လာတယ်ဆိုတာထက် နိုင်ငံသားဖြစ်ဖို့ပဲ အရေးကြီးတယ်ဆိုတာကို ပြောသွားပါတယ်။ ဒါက မွတ်စလင်တွေအတွက် အများကြီးကောင်းပါတယ်”  ဟု အစ္စလာမ်ဓမ္မဗိမာန် မှ ဓမ္မကထိက ဦးအေးလွင်က သုံးသပ်ပါသည်။

    အိုဘားမား လူ့အခွင့်ရေး ရှုထောင်မှာ ပြောကြားသော မိန့်ခွန်းအပေါ် မြန်မာမွတ်စလင် ကွန်ရက်ဝင် တစ်ဦးမှလည်း ထောက်ခံကြောင်းပြောကြားသည်။

    “အားရပါတယ်။ သူပြောတဲ့ အထဲမှာ ရိုဟင်ဂျာကိစ္စလည်းပါတယ်။ လူ့အခွင့်အရေးရှုထောင်ကနေ ပြောသွား တာကောင်းပါတယ် ” ဟု မြန်မာမွတ်စလင်ကွန်ရက်မှာ ဦးမျိုးဝင်းက ပြောပါသည်။

    “ဒီလို Transition Period မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အရေးကြီးဆုံးပဲတဲ့  ။ အိုဘားမားရဲ့ မိန့်ခွန်းက လက်ရှိဖြစ်နေ တဲ့အခြေ အနေနဲ့ အချိန်ကိုက်ပါပဲ။ ပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို သူကောင်းကောင်း သိနေတယ်” ဟု မြန်မာမွတ်စလင် ကွန်ရက်မှာ ဦးမျိုးဝင်းက သုံးသပ်သည်။

    သမ္မတ အိုဘားမား ၏ မိန့်ခွန်းတွင် မတူကွဲပြားမှူ များအား နားလည်ခြင်း ၊ ရိုဟင်ဂျာများ၏ ဂုဏ်သိက္ခာ ၊ တိုင်းပြည်ညီညွတ်ရေး တို့နှင့် စပ်လျဉ်း၍ သူ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ အမေရိကန်ပြည်ထောင်စုဟာ မတူကွဲပြားခြားနားမှုတွေကို ကျော်လွှားနိုင်တယ်ဆိုရင် ခင်ဗျားတို့လည်း ကျော်လွှားနိုင်ကြမှာဖြစ် ပါတယ်။ မတူကွဲပြားခြားနားမှုဆိုတာ ခွန်အားရှိမှုရဲ့အရင်းအမြစ်တစ်ခုဖြစ်နိုင်ပါတယ်… ခင်ဗျားတို့၊ ကျွန်တော်တို့မှာရှိတဲ့ ဂုဏ်သိက္ခာမျိုး ရို ဟင်ဂျာတွေမှာလည်းရှိကြပါတယ်… ဒီတိုင်းပြည်မှာ မတူကွဲပြားမှုတွေ ရှိနေပါတယ်။ စေတီပုထိုးတွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ ဗလီတွေ ဟာ ဘေးချင်း ယှဉ်လျက်ရှိနေကြတယ်… အမေရိကန်တွေဟာ ဆယ်စုနှစ်များစွာ မတူကွဲပြားမှုတွေ ရှိနေတဲ့ ကာလတစ်လျှောက် တိုင်းပြည်နဲ့ ပြည်သူအတွက် ချစ်ခြင်းမေတ္တာထားရှိတဲ့နေရာမှာ ညီညီညွတ်ညွတ်ရှိခဲ့ကြပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    မြန်မာမွတ်စလင်မ် ခေါင်းဆောင်များဖြစ်ကြသော ဒေါက်တာမြင့်သိန်(တိုက်ပုံအဖြူ)၊၊ အစ္စလာမ်ဓမ္မဗိမာန် မှ ဓမ္မကထိက ဦးအေးလွင်(တိုက်ပုံအညို)အား သမ္မတ အိုဘားမား မိန့်ခွန်းပြောသည့် အခမ်းအနားသို့ တက်ရောက်လာစဉ်တွေ့ရပုံ

    ကုလသမဂ္ဂမှ ကမ္ဘာတွင်အဖိနှိပ်ခံဆုံးလူမျိုး အဖြစ် သတ်မှတ်ခံထားရသော ရိုဟင်ဂျာများကလည်း သမ္မတ အိုဘားမား မိန့်ခွန်းပေါ် လှိုက် လှိုက်လှဲလှဲ ထောက်ခံကြသည်။ “ရိုဟင်ဂျာတမျိုးသားလုံး ကကြိုဆိုပါ တယ်။ ဒါက မြန်မာ့ သမိုင်းဝင် မိန့်ခွန်းပဲ လို့ မြင်ပါတယ်” ဟု ရိုဟင်ဂျာအမျိုးသား ဦးကျော်အောင်က ထင်မြင်ချက်ပေးပါ သည်။

    မိန့်ခွန်းတက်ရောက် နားထောင်ခွင့်ရသူ မြန်မာမွတ်စလင်အမျိုးသမီး မသဉ္စာ အမြင်ကတော့  “ ပညာရေး အကြောင်း အဓိက ပြောသွားတယ်။ နောက်ပြီး Diversity နဲ့ ပတ်သက်လို့ကတော့ မတူညီမှုတွေကို နိုင်ငံ တည်ဆောက်ရေးမှာ အသုံးပြုဖို့ တိုက်တွန်း သွားပါတယ်’ ဟု  ပြောပါသည်။

    အိုဘားမား မိန့်ခွန်းသည် ဘက်စုံထောင့်စုံက ဖိနှိပ်မှု  ခွဲခြားဆက်ဆံမှု ခံနေရသော မြန်မာနိုင်ငံက အစ္စလာမ် ဘာသာဝင် များအတွက် အားအင်တစ်ရပ်ဟု  သဘောထားကြသည်။

    “လူနည်းစုဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်တွေ အမြင်အရပြောရတော့ သူ့မိန့်ခွန်းက တော်တော်ကောင်းပါတယ်။ လူမျိုးရေး ဘာသာရေးအရ ခွဲခြားတာတွေ မလုပ်ဖို့ပြောပါတယ် ။ သူသဘောထားက ရခိုင်ကိစ္စက ဒေသတွင်း တင်မကဘူး ကမ္ဘာကိုပါကူးစက်သွားနိုင်တဲ့ သဘောကို သူပြောသွားတယ်။ မိန့်ခွန်းကိုခြုံငုံကြည့်ရင်  မြန်မာ မွတ်စလင် တွေ အတွက်အားဖြစ်စေပါတယ် ” ဟု မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပါ သည်။

    အမေရိကန် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရသည့် မြန်မာမွတ်စလင်မ် အမျိုးသမီးငယ်တစ်ဦးအား တွေ့ရစဉ်
    (ဓါတ်ပုံ – Popular Myanmar News Journal)

    “အိုဘားမားက နိုင်ငံတကာ စံချိန်စံညွှန်းတွေကို အဓိက ထားပြီး ပြောတာကို သမ္မတဦးသိန်းစိန်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် နဲ့ အခြား ဒီမိုကရေစီ ခေါင်း ဆောင် တွေ ၊ အစိုးရအဖွဲ့ တွေအားလုံးကို အကောင်အထည်ဖေါ်ဖို့ ရှေ့တိုးဆောင်ရွက်သင့်ပါ တယ်” ဟု ရိုဟင်ဂျာ အမျိုးသား ကိုကျော်စိုးက ပြောပါသည်။

    အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၉ နံနက် နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကာ ညနေ ၃း၄၀  နာရီ ဝန်းကျင်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန် လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

  • အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး

    အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး

    နိုဝင်ဘာ၊၁၅ ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ဒေါက်တာအောင်မော်

    ၁။ နိုင်ငံတကာအလယ်မှာ နိုင်ငံရေးပုံရိပ်ကောင်းပြီးရင်း၊ ကောင်းရန် လိုသော National Figure အမေစု

    အာဏာရှင်နိုင်ငံများတွင် ပြည်သူတို့၏ထောက်ခံမှုကို သေနတ်ပြ ချိန်းချောက်၍လည်းကောင်း၊ နည်းမျိုးစုံသော မဲလိမ်၊ မဲခိုးနည်းများကို အသုံးပြု၍လည်ကောင်း ရယူလေ့ရှိသည်ကို မြန်မာများ ကောင်းကောင်း သိပါသည်။
    ပြည်သူများ၏ ထောက်ခံမှု၊ ဆန့်ကျင်မှုတို့ကို လုံးဝ ဂရုစိုက်လေ့မရှိသော အာဏာရှင်တို့သည် နိုင်ငံတကာ၏ ဖိအားကိုတော့ ကြောက်လေ့ရှိကြပါသည်။ ထို့ကြောင့် နိုင်ငံရေးသမား သက်သက်မဟုတ်သော လူထုခေါင်းဆောင် (National Figure) ဖြစ်သည့် အမေစုအနေဖြင့် နိုင်ငံတကာတွင် နိုင်ငံရေး ပုံရိပ် (Image) ဆက်လက် ကောင်းနေပါမှ ကမ္ဘာ့ခေါင်းဆောင်များ၏  ထောက်ခံ၊ စောင်မ၊ စောင့်ရှောက်မှုကို အပြည့်အဝ ရရှိနိုင်ပါမည်။
    တိုင်းပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်လို့ အမေစု ခဏခဏပြောဘူးပေမဲ့ ၈ လေးလုံး လူထုအုံကြွမှုနဲ့တောင် မပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံဟာ International Figure ဖြစ်တဲ့ အမေစုကို အရင်းခံတဲ့ ကမ္ဘာကြီးရဲ့ ပြိုင်တူဖိအား ကြောင့်သာ မယုံနိုင်ဘွယ်ရာ အပြောင်းအလဲတွေ ဖြစ်လာတာလို့ ကျနော် ယုံကြည်တယ်။

    ၂။ တပ်မတော်ကပေးသည့် အတိုင်းအတာနှင့် အချိန်အထိသာ ဒီမိုကရေစီရနိုင်သောကြောင့် (Diplomacy) အရေးကြီးသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအရဖြစ်စေ၊ လွှတ်တော်တွင်း အခြေအနေအရဖြစ်စေ တပ်မတော်က ခွင့်ပြုသော အတိုင်းအတာနှင့်အချိန်အထိသာ ဒီမိုကရေစီအခွင့်အရေးရနိုင်ပါသည်ဟု အမေစုပြောဘူးပါသည်။
    ယနေ့တိုင် မငြိမ်သက်သေးသော ရခိုင်နှင့် ကချင် ပြည်နယ် ပြဿနာများသည် တပ်မတော်က အချိန်မရွေး နိုင်ငံတော်အာဏာကို ပြန်လည်ရယူနိုင်သည့် အခြေအနေမျိုးဖြစ်သည်ဟု နိုင်ငံရေး လေ့လာ သူများက တွက်ဆထားကြပါသည်။
    ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် အာဏာရပါတီက စိတ်ကြိုက်ရွေးချယ်ဖွဲ့စည်းထားသော၊ ကြိုတင်မဲဖြင့် နာမည်ကြီးခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်က ဦးစီးကျင်းပမည်ကိုလည်းမမေ့သင့်ပါ။
    ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရန် ပြည်တွင်းထောက်ခံမှုကို အသားပေး၊ မျှော်လင့် လွန်းခြင်း ထက်စာလျှင်၊ နိုင်ငံရေး တိုးတက်မှုများ နောက်ကြောင်းပြန်မလှည့်စေရန်နှင့် အာဏာရ ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို ထိန်းကြောင်းတည့်မတ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ထောက်ခံမှု၊ စောင့်ကြည့်မှု၊ အားပေး မှုနှင့် ဖိအားတို့လျှော့မသွားအောင် (International Diplomacy) အထူး လိုအပ်သည်ဟု ဆင်ခြင်မိပါသည်။

    ၃။ ကမ္ဘာကြီးကို အမေစုရဲ့ သြဇာညောင်း အောင်လုပ်ရန်လိုသည်။

    ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် အမေစုအဖို့ပြည်တွင်းမှ တခဲနက် ထောက်ခံမှု လျှော့နည်း မသွားစေရအောင် တစ်ချို့သော အမှန်၊ အမှား ဖြေရှင်းရခက်သော နိုင်ငံရေးပြဿနာများ (Political Dilemma) နှင့်ပတ်သက်လာလျှင် မည့်သည့်ဖက်မှ ဘက်မလိုက်ဘဲ လိမ်မာပါးနပ်စွာ ရှောင်တိမ်းနေတာ မှန်သည်ဟု မြန်မာနိုင်ငံသား တစ်ချို့က ထင်မြင်ကြပါသည်။

    Dilemma ဖြစ်နေသော ကိစ္စုများတွင်

    (က) တစ်စုံတရာမှတ်ချက်မပြုဘဲ၊ မဖြေရှင်းဘဲ အချိန်ဖြင့် ကုစားရန်အတွက်ဖြစ်စေ၊
    (ခ) အချက်အလက်ခိုင်လုံအောင် အချိန်ယူစောင့်ကြည့်ခြင်းကိုဖြစ်စေ၊

    နိုင်ငံတကာခေါင်းဆောင်များ လက်ခံနိုင်ပေမဲ့ အဖြူနှင့် အမဲ၊ အမှန်နှင့် အမှား သဲကွဲလွန်းသော ကိစ္စများကို ခေါင်းရှောင်နေလျှင် National Figure ဖြစ်သော အမေစုကို အစဉ်အမြဲ ထောက်ခံ၊ ကူညီ နေသော နိုင်ငံတကာခေါင်းဆောင်များနှင့် လွှတ်တော်များအလယ်တွင် အမေစု၏ နိုင်ငံရေး သိက္ခာကျဆင်း သွားနိုင်ပါသည်။
    အမေစုသာ အမှန်နှင့်အမှာအကြား၊ ကြား (ဂျား) နေပါက နိုင်ငံတကာ ခေါင်းဆောင်များအလယ်တွင် ကျနော်တို့နိုင်ငံ၏ (National Figure) ဖြစ်သော အမေစု၏ နိုင်ငံရေး ပုံရိပ် (Image) မှာဆက်လက် မကောင်း နိုင်ပါသဖြင့် နိုင်ငံတကာ ထောက်ခံမှုနှင့် နိုင်ငံတကာဖိအားများ လျှော့နည်းသွားမည်ဆိုလျှင် နိုင်ငံနှင့် ပြည်သူ အားလုံးတို့၏ ဆုံးရှုံးမှုပင် အမှန်ဖြစ်ပါသည်။ အမေစု ကိုယ်ကို အမေစုမပိုင်တော့ပါ။ လူထုခေါင်းဆောင်ကို ကျနော်တို့ နိုင်ငံနှင့် ပြည်သူများက ပိုင်သွားပါသည်။
    ကျွန်တော့အမြင်ကတော့ အမေစုအနေဖြင့် ရရှိပြီးဖြစ်သော ပြည်သူလူထု အများစု၏ တစ်ခဲနက် ထောက်ခံမှုကို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဆက်လက်ရရှိနေပါလိမ့်မည်။ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ရွေးကောက်ပွဲရလဒ်ကို အာဏာရပါတီမှ လက်ခံအောင်၊ တစ်နည်းအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကဲ့သို့ ငြင်းပယ်ခြင်း မခံရအောင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ စောင့်ကြည့်မှု နှင့် ဖိအားများက ပို၍ အရေးကြီးသည်ဟု မြင်ပါသည်။
    ထို့ကြောင့် နိုင်ငံတကာ ခေါင်းဆောင်များအကြားတွင် အမေစု အနေဖြင့် Role Model ဖြစ်ရန် အတွက် နိုင်ငံရေးသိက္ခာကို ထိန်းသိမ်းထားနိုင်ပါမှ ကမ္ဘာကြီးအပေါ် သြဇာညောင်းပါလိမ့်မည်။
    မြန်မာနိုင်ငံခရီးစဉ် အတွင်း အိုဘားမားအနေဖြင့် နေပြည်တော်သို့ မသွားဘဲ ရန်ကုန်မှာသာနေပြီး အမေစုကို တွေ့ဆုံနှုတ်ဆက်ရန် ဆုံးဖြတ်ခြင်းသည် ကမ္ဘာကြီးအပေါ် အမေစု၏ သြဇာညောင်းမှုကို ပြဆိုသည့် သက်သေတစ်ခုပင်ဖြစ်ပါသည်။
    အဲဒီသြဇာညောင်းမှုကသာ အမေစုနှင့် ပြည်သူတို့၏ တကယ့်အောင်ပွဲကို မလွဲမသွေ ဆောင်ကြဉ်း ပေးနိုင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။

    ၄။ အိမ်ကြက်တွေ အချင်းချင်းခွတ်ရန် အိုးမဲ သုတ်ခြင်း။

    ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၈၂ နိုင်ငံသားဥပဒေ ကိုပြဌာန်းကာ စတင်၍ အိုးမဲသုတ်ခဲ့ပါသည်။ တိုင်းရင်းသားစာရင်းမှ ရိုဟင်ဂျာကို ဖယ်ထုတ်ခဲ့သည်။ သုံးခေါက်ချိုး နိုင်ငံသား မှတ်ပုံတင်ကိုင်သော ရိုဟင်ဂျာ တိုင်းရင်းသားများကို ပုံစံ ၄ ဖြည့်သွင်းပြီးမှ ခရီးသွားခွင့်ပြုခဲ့သည်။ ထို့အပြင် သုံးခေါက်ချိုးကဒ်ကို နိုင်ငံသားစိစစ်ရေးကဒ်နှင့်လဲမပေးဘဲ၊ တဆင့်နှိမ့်ပြီး သံသယကဒ်ကိုသာ ထုတ်ပေးခဲ့၍ ရိုဟင်ဂျာ တစ်ချို့က လဲရန်ငြင်းဆိုခဲ့ကြပါသည်။ တကယ်တန်းပြောရလျှင် မြန်မာနိုင်ငံသား မွတ်ဆလင်များကို ရည်ရွယ်၍ တမင် သက်သက်နှိမ်ပြီး ရေးဆွဲထားသော ၁၉၈၂ နိုင်ငံသားဥပဒေပါ အခွင့်အရေးများကိုပင် အပြည့်အဝ မခံစား ရအောင် လျှို့ဝှက်ညွှန်ကြားချက်များ ပေးပို့ကာ နှိပ်ကွပ်စေပါသည်။
    လွတ်လပ်စွာခရီးသွားခွင့်၊ ပညာသင်ခွင့်၊ အရွယ်ရောက်သူများ အိမ်ထောင်ပြုခွင့်၊ အိမ်ခြံမြေ အသစ်ဝယ်ခွင့်၊ အိမ်ထောင်စုဇယား (သန်းခေါင်စာရင်း) ခွဲထွက်ခွင့်နှင့် အိမ်အသစ် ဆောက်ခွင့်၊ စသည်တို့ကို တင်းကြပ်စွာ ပိတ်ပင် တားမြစ် ထားပါသည်။
    (မှတ်ချက်။ ။ အထက်ပါကြောင်းများကြောင့် ရိုဟင်ဂျာအိမ်တစ်အိမ်တွင် လူဦးရေ လေး၊ ငါးဆယ် စုပေါင်းနေခြင်းဖြစ်ပါသည်။)
    ဤနည်းများအားဖြင့် အိုးမဲသုတ်ကာ ရုပ်ဖျက်ပြစ်လိုက်သည်။

    ၅။ အိုးမဲသုတ်တာ အားမရလို့ မျက်နှာဖုံး ပါတပ်ကာ ရုပ်ဖျက်ပေးလိုက်၍ တအိမ်တည်းနေ ညီအစ်ကိုများ ခွပ်လို့ မဆုံးအောင်ဖြစ်စေသည်။

    ၈ လေးလုံးကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ခိုးဝင်လာသော ဘင်္ဂါံလီ ရိုဟင်ဂျာများကို တပ်မတော်နှင့် ပူးပေါင်းကာ တိုက်ထုတ်ခြင်းဖြင့် အမျိုးသားရေးတာဝန်တရပ် ကိုထမ်းဆောင်ရမည်ဟု မီဒီယာများမှတဆင့် အသံကျယ်ကျယ်ပြောလိုက်ခြင်းက အိမ်ကြက်အချင်းချင်း မမှတ်မိအောင် မျက်နှာဖုံးတပ်ပေးလိုက်ခြင်းဖြစ်၏။ ယနေ့မြန်မာနိုင်ငံတွင် အမျိုးသားရေးဟု ပြောလိုက်လျှင် လူ့အခွင့်အရေးနှင့် ဥပဒေအားလုံး ချိုးဖေါက်ခွင့် ရှိသည်ဟု မှတ်ယူကြကုန်၏။
    တဖန် သမ္မတကြီး ဦးသိန်းစိန်က ရိုဟင်ဂျာများသည် ခိုးဝင်သူများဖြစ်၍ ( Refugee Camp) သွင်းပြီး တတိယ နိုင်ငံသို့ ပို့မည်ဟု UN ကိုယ်စားလှယ်ကို ပြောလိုက်သောအခါ ထိမ်းမရသိမ်းမရ ပိုဆိုး သွားစေ ပါတော့သည်။ နိုင်ငံအနှံ့ သမ္မတကြီး မိန့်ခွန်းထောက်ခံပွဲဟု အကြောင်းပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ နှင့်ဆန့်ကျင်ကာ လူမျိုးရေး၊ ဘာသာရေး အထိကရုံး များဖြစ်စေရန် ပြောင်ပြောင် တင်းတင်း စည်းရုံးရေးများ လုပ်ခြင်းဖြင့် တစ်နိုင်ငံလုံးရှိ အစ္စလာမ်ဘာသာဝင်များကို ရန်ရှာလာကြပါ တော့သည်။
    တောင်ကုတ်၌ ခရီးသွား ၁၀ ဦး အကြမ်းဖက် အသတ်ခံရမှု၏ တရားခံများကို ရှာဖွေဖေါ်ထုတ် အရေးယူမယ်လို့ မပြောတဲ့အပြင် နိုင်ငံပိုင်သတင်းစာများတွင် သေဆုံးသူများကို (မွတ်ဆလင်ကုလား)၊ (ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်) စသည်ဖြင့် အသစ်တည်ထွင်ထားသော စကားလုံးများသုံးကာ ကျန်နိုင်ငံသားများနှင့် တန်းတူအခွင့် အရေးမရှိသူ နိုင်ငံမဲ့များ အဖြစ်ပုံပေါ်စေ၍ မင်းမဲ့စရိုက်ကို အသက်သွင်း ပေးခဲ့ပါသည်။
    ဂျာနယ်များကလည်း ဥပဒေ သာမက၊ မီဒီယာကျင့်ဝတ်များကို ချိုးဖေါက်ကာ လူမျိုးရေး၊ ဘာသာရေး အထိကရုံး လှုံ့ဆော် စာများကို ခေါင်းစဉ်အမဲဖြင့်ဖေါ်ပြသည်အထိ မီဒီယာလွတ်လပ်ခွင့်ကို တလွဲအသုံးချ ခြင်းဖြင့် ညီအစ်ကိုအချင်းချင်း မမှတ်မိအောင် မျက်နှာဖုံး တပ်ပေးလိုက်ကြ ပါတော့သည်။

    ၆။ တစ်ချက်ခုတ် နှစ်ချက်ပြတ် (သို့မဟုတ်) ယာလည်းညှက်စေ ကြက်လည်း ပန်းစေ။

    တချိန်က (Federal) သို့မဟုတ်(တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန်) တောင်းဆိုသည်ကို ဝန်ကြီးချုပ် ဦးနုက အသိအမှတ်ပြုခဲ့၍ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများကို ဦးနေဝင်းနှင့် အစဉ်အဆက် စစ်ခေါင်းဆောင်များက မုန်းသည်ဟု ဆိုကြ၏။
    ရခိုင်အစွန်းရောက် မျိုးချစ်များ၏ လွတ်လပ်သောရခိုင်နိုင်ငံတော်ကြီးတည်ဆောက်အံ့ဟူသော စိန်ကောင်းကျောက်ကောင်း ရောင်းဝယ် နေသည့်ကြား ဆေးရိုးသည် ရိုဟင်ဂျာများမှာ ကန့်လန့်ဖြစ်နေသည်။
    ရွှေ ရေနံသိုက်နှင့် တရုတ်သို့ သွယ်တန်းထားသော Natural gas ပိုက်လိုင်း အကျိုးအမြတ်များကို ရခိုင်တိုင်းရင်းသားတို့က အချိုးကျ တောင်းဆိုနေကြခြင်းသည် အစိုးရကို ခေါင်းကိုက်စေ၏။ မြစ်ဆုံနှင့် လက်ပန်းတောင်းတောင် သတ္တုတွင်းကိစ္စကလည်း မပြီးပြတ်သေး၍ လှည့်ပတ်ကာ အာရုံလွှဲ ရပါဦးမည်။
    တရုတ်စကားပုံ တစ်ခုတွင် ဖရဲခင်းအတွင်း ဖိနပ်ကို ကုန်းပြီးပြင်လျှင် ဖရဲသီးခိုးသည်ဟု ကြိမ်းသေ စွပ်စွဲခံရပါလိမ့်မည် ဟုဆို၏။  ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးထွက်ခွာမည့် နိုင်ငံခြားခရီးစဉ် စတင်ကာနီး အချိန်တွင် လူမျိုးရေး အဓိကရုံဏ်းများ တိုက်ဆိုင်စွာပင် ဖြစ်ပေါ်လာသည်။
    လူမျိုးရေး ပဋိပက္ခ ဖန်တီးသူများ၏ ရည်ရွယ်ချက်များအနက် တစ်ချို့ အောင်မြင်သည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် International Figure ဖြစ်သော အမေစုကို ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ အသံ တိတ်လွန်းသည်ဟု ကမ္ဘာက စတင်ဝေဖန်လာကြပြီ ဖြစ်သည်။

    ၇။ ကျင့်ဝတ်မညီသည့် ဘက်လိုက်သော မီဒီယာများ

    လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပညာပေးမှုအားနည်းလွန်းသော မီဒီယာများသည် အမျိုးသားရေး အမည်တပ်ကာ ဥပဒေချိုးဖေါက်မှုများကို ပိုမိုပြုလုပ်သင့်ကြောင်း တိုက်တွန်း အားပေးနေသယောင် ဖေါ်ပြနေကြ၏။

    ၈။ သုတ်မိသော အိုးမဲများ စတင်ဖျက်နေကြပြီ။

    (က) လဝက ဝန်ကြီး ဦးခင်ရီက ခိုးဝင်သူများ မရှိသလောက် ဖြစ်သည်ဟုဆို၏။ ကုလသမဂ္ဂမှ ကြားမဝင်စေချင်၍ ရခိုင်နှင့်ရိုဟင်ဂျာများသည် တစ်အိမ်တည်းနေ ညီအစ်ကိုများဖြစ်သည်ဟုလည်းသုံးနှုံး၏။
    (ခ) သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက ရိုဟင်ဂျာများသည် လွတ်လပ်ရေးမတိုင်မှီ အခြေချနေထိုင်သူများ ဖြစ်၍ တတိယနိုင်ငံသို့ ပို့ရန်မဖြစ်နိုင်ကြောင်း၊ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ကိုသာ စဉ်းစားသင့်ကြောင်း၊ ရိုဟင်ဂျာဟူသော နာမည်ကိုတော့လက်မခံကြောင်း အမေရိကန်ခရီးစဉ်အတွင်း တက္ကသိုလ်တစ်ခုတွင် ရခိုင် အမျိုးသား တစ်ဦး၏ အမေးကိုဖြေကြားခဲ့ပါသည်။ (နေပြည်တော်တွင်ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ ထိုသူများကို ဘင်္ဂါံလီဟုပြောဆိုသုံးနှုံးခြင်းကို ဘင်္ဂံလားဒစ်ရှစ် သံအမတ်ကြီးက ကန့်ကွက်ခဲ့ပါသည်။)
    (ဂ) သမ္မတကြီး ဦးသိန်းစိန်က မတည့်သည့်အုပ်စုနှစ်ခု အတူယှဉ်တွဲနေနိုင်သည့် နည်းလမ်းများ ရှာဖွေရန် လိုကြောင်း ပြောကြားပါသည်။

    ၉။ မြန်မာအစိုးရကို လှုပ်နှိုးရန် အိုဘားမားနှင့် အမေစုတို့၏ ပူးတွဲကြေငြာချက်ထုတ်ပြန်ရန်လို၏။

    များမကြာမှီရက်များအတွင်း အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာ ပါတော့မည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးများနှင့်ပတ်သက်၍ ဆက်လက်ထောက်ခံသင့် မခံသင့် စမ်းစစ် ပါလိမ့်မည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် နိုင်ငံတကာထောက်ခံမှု လိုအပ်နေပါသည်။
    အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် စောလွန်းသည်ဟု ဝေဖန်သူများ ငုတ်တုတ်မေ့အောင် အိုဘားမားအနေဖြင့် လုပ်ပြရပါလိမ့်မည်။
    ရခိုင် ရိုဟင်ဂျာ ပဋိပက္ခကို အမြန်ဆုံးထိန်းသိမ်းရန်နှင့် နောက်ကွယ်မှ တရားခံကိုဖေါ်ထုတ်ပေးရန် အိုဘားမားက တောင်းဆိုမည်ဟု အိမ်ဖြူတော်မှ ကြေငြာ၏။ ဤသို့ဆိုလျှင် သမ္မတ ဦးသိန်းစိန်၊ အမေစု၊ ရှစ်လေးလုံး ကျောင်းသားများသာမက တောင်ကုတ်၊ ရခိုင်ကိစ္စ စုံစမ်းရေး ကော်မရှင်နှစ်ရပ်စလုံးနှင့် တွေ့ဆုံခွင့်ရရန် အိုဘားမား အနေဖြင့်တောင်းဆိုသင့်၊ အချိန်ပေးသင့်ပါသည်။
    ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမတွင် ရန်ကုန်မြို့လူထုကို အိုဘားမား မိန့်ခွန်းပြောမည်ဟု အိမ်ဖြူတော်က ကြေငြာ၏။ ဒီမိုကရေစီ ဘက်တော်သားများ၊ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လိုလားသူများ၊ မြန်မာမွတ်ဆလင်နှင့် ရိုဟင်ဂျာများ အနေဖြင့် ထိုပွဲကို မဖြစ်မနေ တက်ရောက်သင့်သည့်အပြင် အိုဘားမားကို ၎င်းမိန့်ခွန်းပြောအပြီး မေးရန် မေးခွန်းကောင်းကောင်းလေးများကို စဉ်းစားပြီး အင်္ဂံလိပ် မြန်မာ နှစ်ဘာသာဖြင့် စာစီကာ အကြိမ်ကြိမ် လေ့ကျင့်နေသင့်ပါသည်။
    အိုဘားမားအနေဖြင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးတို့နှင့် အချိန် လုံလုံလောက်လောက်ပေး တွေ့ဆုံ စကားပြောကာ မြန်မာနိုင်ငံသည် နောက်ကြောင်း ပြန်မည် မဟုတ်ကြောင်း ကတိကို တောင်းခံပြီးမှ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးကို ယုံသင့်၊ထောက်ခံသင့်သည်။
    (မှတ်ချက်။ ။မြန်မာနိုင်ငံတွင် အမေရိကန်သမ္မတကြီးအနေဖြင့် နာရီပိုင်းမျှသာ နေမည်ဟု သတင်းကြား၍ အထူးစိတ်မကောင်း ဖြစ်မိပါသည်။)
    အမေစုအနေဖြင့်လည်း အိုဘားမားနှင့်တွေ့ဆုံရမည့် အခွင့်ကောင်းကို အသုံးချကာ ကချင်နှင့် ရခိုင်အရေး ပူးတွဲကြေငြာချက်ထုတ်ပြန်၍ ဒီမိုကရေစီအရေး၊ ဘာသာရေးဖိနှိပ်မှု၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အစဉ်အမြဲ အသံမတိတ်ကြောင်း သက်သေပြခြင်းဖြင့် ကမ္ဘာကြီး၏ အမေစုအပေါ် ထောက်ခံမှုကို ဆက်လက် ထိန်းသိမ်းထားသင့်ပါကြောင်း တင်ပြ အကြံပေးအပ်ပါသည်ခင်ဗျား။

    ဒေါက်တာ အောင်မော်

     

    ဆေင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။