ဇန်နဝါရီ ၂၉၊ ၂၀၁၄
M-Media
– အာဖဂန်နစ္စတန်မှ အမေရိကန် တပ်များရုပ်သိမ်းမည့် ယခုနှစ်သည် ဂွာတာနာမိုကျဉ်းစခန်းပိတ်သိမ်းသင့်သောနှစ်ဖြစ်သည်ဟု ယမန်နေ့က ပြောကြားခဲ့သော နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
ထိုကဲ့သို့ပြောကြားခဲ့ခြင်းမှာ လွန်ခဲ့သည့် ငါးနှစ်အရင်က ရွေးကောက်ပွဲ ၀င်စဉ်က နိုင်ငံတကာမှ ဝေဖန်နေသော ကျူးဘားရှိ အမေရိကန်ရေတပ်စခန်းမှ ဂွာတာနာမိုအကျဉ်းစခန်းအား ပိတ်သိမ်းနိုင်အောင်ဆောင်ရွက်ပေးမည်ဟု ၎င်းပေးခဲ့သော ကတိအား ပြန်လည်ဖော်ပြခဲ့ခြင်းလည်းဖြစ်ပြီး ထိုကိစ္စအားဆောင်ရွက်ရာတွင် ကူညီမှုများပေးရန် ကွန်ဂရက်ကိုလည်း အိုဘားမားက တိုက်တွန်းခဲ့သည်။
“ဂွာတာနာမိုမှာ ရှိတဲ့အကျဉ်းသား လွှဲပြောင်းပေးရေးအတွက် ကျန်ရှိနေတဲ့ ကန့်သတ်မှုတွေကို ကွန်ဂရက်က ရုပ်သိမ်းဖို့ လိုအပ်နေပြီး၊ ပြီးရင်တော့ ကျွန်တော်တို့ အကျဉ်းစခန်းကို ပိတ်ပစ်မှာပါ” ဟု အိုဘားမားက နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဂွာတာနာမိုအကျဉ်းစခန်းတွင် လက်ရှိ အကျဉ်းသား ၁၅၅ ဦးရှိနေပြီး၊ ၎င်းတို့အားလုံးမှာ နိုင်ငံခြားသားများဖြစ်ကြသည်။ ၎င်းတို့အား ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်းတွင် သံသယဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကာ မည်သည့် တရားစွဲဆိုမှုမှ မပြုလုပ်ဘဲ ဖမ်းဆီးထားခြင်းဖြစ်သည်။
ဂွာတာနာမိုအကျဉ်းစခန်းတွင် အကျဉ်းသားများအား လူမဆန်စွာ နှိပ်စက်ညှင်းပန်းမှုများရှိနေသည်ဆိုသည့် သတင်းများမှာ ကာလကြာရှည်စွာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပြီး ထိုအကျဉ်းစခန်းတွင် တာဝန်ထမ်ဆောင်ခဲ့သည့် ၀န်ထမ်းဟောင်းအချို့ကလည်း ထိုသတင်းအား ဟုတ်မှန်ကြောင်း ၀န်ခံမှုများရှိခဲ့သည်။
Ref: aljazeera