News @ M-Media

Tag: Pakistan

  • ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသားအမွေအနှစ်အဖြစ် ပါကစ္စတန်သတ်မှတ်

    ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသားအမွေအနှစ်အဖြစ် ပါကစ္စတန်သတ်မှတ်

    ဇန်န၀ါရီ ၇၊ ၂၀၁၈
    M-Media

    – နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်သွန်ခွါပြည်နယ်က ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို အမျိုးသားအမွေအနှစ်အဖြစ် ပါကစ္စတန်က သတ်မှတ်လိုက်ပါတယ်။

    ပြည်နယ်မြို့တော် ပက်ရှ်ဝါရ်က Panj Tirath လို့ အမည်ရတဲ့ ရှေးဟောင်းဘုရားကျောင်းဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ ရှေးဟောင်းအမွေနှစ်နှင့် ပြတိုက်များဆိုင်ရာ ဌာနက ဒီဘုရားကျောင်းကို အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    Panj Tirath ပရဝုဏ်အတွင်း ရေကန် ၅ ခု၊ ဘုရားကျောင်းနှစ်ခုနဲ့ မြက်ခင်းပြင်တို့ ပါဝင်ပြီး လက်ရှိမှာ ပန်းခြံအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ ဘုရားကျောင်းဟာ ဟိန္ဒူဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံး ဘုရားကျောင်းတွေထဲက တစ်ခုလည်းဖြစ်ပြီး ရေကန်ထဲက ရေတွေဟာ အနာရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

    ပျက်ဆီးယိုယွင်းနေတဲ့ အဲဒီဘုရားကျောင်းကို ပြည်နယ်အစိုးရက ၂၀၁၆ ခုနှစ်ကတည်းက စတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဘုရားကျောင်းကို ပျက်ဆီးအောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ဒဏ်ငွေ ရူပီး ၂ သန်းအထိ၊ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Thelogicalindian

  • ပါကစ္စတန်သမိုင်းတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ဆော်ဒီပြုလုပ်မည်

    ပါကစ္စတန်သမိုင်းတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ဆော်ဒီပြုလုပ်မည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ဆော်ဒီက မိမိတို့နိုင်ငံမှာ ပြုလုပ်ဖို့ အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံသမိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာလိမ့်မယ်လို့ ပါကစ္စတန်စီးပွားရေးဝန်ကြီး အာဆဒ် အူမာရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    မနေ့က မြို့တော် အစ္စလာမ်မာဘတ်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး အသေးစိတ်ကို မကြာခင် ထုတ်ပြန်ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    “လက်ခံ၊ လက်မခံက ကျွန်တော်တို့ရဲ့သဘောထားပါ။ နောက်တစ်ပတ် အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုဖို့ ရှိပါတယ်။ အဲဒီနောက် ကြေငြာချက် ထုတ်ပြန်သွားမှာပါ”

    ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် အခြားသူတွေထံကနေ သူ့ကို တိုက်တွန်းနေတယ်လို့လည်း အူမာရ်က ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်ဟာ လက်ရှိမှာ အကြွေးပြဿနာနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ ချေးငွေယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ အာဏာရပြီးတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျကို နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ငွေရေးကြေးရေးကိစ္စတွေ၊ စီးပွားရး ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Dawn

  • တိုင်းပြည်ဆူပူအောင်လုပ်သည့် အမျိုးသားရေးပါတီခေါင်းဆောင်ကို ပါကစ္စတန်ဖမ်းဆီး

    တိုင်းပြည်ဆူပူအောင်လုပ်သည့် အမျိုးသားရေးပါတီခေါင်းဆောင်ကို ပါကစ္စတန်ဖမ်းဆီး

    နိုဝင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ဘာသာသာသနာ စော်ကားမှုတစ်ခုနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းမှာ ဆန္ဒပြဖို့ ဆော်သြခဲ့တဲ့ ဘာသာရေးအခြေပြုပါတီ ခေါင်းဆောင်တစ်ဦးကို ပါကစ္စတန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူဟာ Tehreek-e-Labbaik (TLP) ပါတီရဲ့ ခေါင်းဆောင် ခါသင် ဟူစိန် ရစ်ဇ၀ီဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့က သူ့ရဲ့ဘာသာရေးသင်တန်းကျောင်းကို ရဲတပ်ဖွဲ့က၀င်စီးကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    TLP က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ရစ်ဇ၀ီနဲ့အတူ သူတို့ကိုထောက်ခံတဲ့ အခြားလူတစ်ချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြားပါတယ်။

    အစ္စလာမ်ကိုစော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို ပါကစ္စတန်တရားရုံးချုပ်က ပြီးခဲ့တဲ့လမှာ တရားသေလွှတ်ပေးခဲ့ပြီးတဲ့နောက် သဘောထားတင်းမာသူတွေဟာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေပြုလုပ်ကာ အာဆီယာကို သေဒဏ်ပြန်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေမှာ ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

    တရားရုံးချုပ်က အောက်ရုံးတွေရဲ့ ကြားနာမှုအတွင်း အာဆီယာဘီဘီဟာ တရားမျှတမှုကို မရခဲ့ဘူးလို့ ကောက်ချက်ချကာ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းကလည်း တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်က အတည်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေလုပ်ဖို့အတွက် ရစ်ဇ၀ီရဲ့ TLP ပါတီက ဆော်သြခဲ့တာဖြစ်သလို၊ လွှတ်ပေးလိုက်တဲ့  တရားသူကြီးတွေကို သတ်ဖြတ်ဖို့လည်း လှုံ့ဆော်ခဲ့ပါတယ်။

    ပါစ္စတန် ပြည်ကြားရေးဝန်ကြီး ဖါဝဒ် ချောင်ဒရီက ရစ်ဇ၀ီကို ခေတ္တထိန်းသိမ်းထားတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။

    “နိုဝင်ဘာ ၂၅ ရက်နေ့ကျရင် ဆန္ဒပြမှုလုပ်ဖို့အတွက် ဆော်သြမှုကို ရုပ်သိမ်းဖို့ TLP က ငြင်းဆန်တဲ့အတွက် ဒီလို ဖမ်းဆီးလိုက်တာပါ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးစေဖို့ ဖြစ်ပါတယ်”

    ရစ်ဇ၀ီက နိုဝင်ဘာ ၂၅ ရက်နေ့ကို ‘အာဇာနည်နေ့’ အဖြစ် သတ်မှတ်ပြီး မြို့တော် အစ္စလာမ်မာဘတ်မှာ အကြီးအကျယ် ဆန္ဒပြဖို့ သူ့နောက်လိုက်တွေကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကရာချီရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပါကစ္စတန်ခွဲထွက်ရေးသမားများ တိုက်ခိုက်၊ ဂုတ်သွေးစုပ်မှုကို မကျေနပ်ဟု ပြော

    ကရာချီရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပါကစ္စတန်ခွဲထွက်ရေးသမားများ တိုက်ခိုက်၊ ဂုတ်သွေးစုပ်မှုကို မကျေနပ်ဟု ပြော

    နိုဝင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ဘာလို့ခ်ျခွဲထွက်ရေးအဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    စီးနင်းတိုက်ခိုက်မှု ပြုလုပ်ပြီး သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့က သေနတ်သမား ၃ ဦးစလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ကောင်စစ်ဝန်ရုံး အဆောက်အဦးကို လုံခြုံအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ကောင်စစ်ဝန်ရုံးက တရုတ်နိုင်ငံသားတွေ၊ ပါကစ္စတန် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး။

    နိုင်ငံအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဘာလို့ခ်ျလူမျိုး ခွဲထွက်ရေးအဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ သူတို့ဒေသက သယံဇာတတွေကို ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့အတွက် ဒီလိုတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ တရုတ်-ပါကစ္စတန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်အောင် ကြံစည်ဆောင်ရွက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှမ်းကလည်း တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး ပါကစ္စတန်အာဏာပိုင်တွေအနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ ရုတ်အသင်းအဖွဲ့တွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • သေဒဏ်မှ တရားသေ လွတ်လာခဲ့သည့် အာဆီယာဘီဘီကို ပါကစ္စတန်က ထောင်မှလွှတ်

    သေဒဏ်မှ တရားသေ လွတ်လာခဲ့သည့် အာဆီယာဘီဘီကို ပါကစ္စတန်က ထောင်မှလွှတ်

    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media

    – တမန်တော်မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ်ကျခံနေရာကနေ တရားသေလွတ်မြောက်လာတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို ပါကစ္စတန်အစိုးရက မနေ့မှာ ထောင်ကနေ လွှတ်ပေးလိုက်ပြီး၊ လုံခြုံရာနေရာတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

    “သူလွတ်လာပါပြီ။ သူမလေယာဉ်ပေါ်မှာလို့ ကျွန်တော်သိရတယ်။ ဘယ်မှာ ဆင်းသက်မလဲဆိုတာကို ဘယ်သူမှ မသိပါဘူး” လို့ ရှေ့နေ ဆိုက်ဖွလ်မာလွတ်က ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရရဲ့ အကြီးတန်းတာဝန်ရှိသူနှစ်ဦးက အသက် ၅၃ နှစ်အရွယ် အာဆီယာကို လုံခြုံရေးအရ ထိန်းသိမ်းထားရာ နေရာကနေ မြို့တော်အစ္စလာမ်မာဘတ်က နေရာတစ်ခုကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်း မူလ်တန်မြို့က အာဆီယာဘီဘီကို ချုပ်နှောင်ထားရာ အကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက လွှတ်မိန့်ကို မနေ့က ရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

    အာဆီယာဟာ ၂၀၀၉ ခုနှစ်က မွတ်စလင်အမျိုးသမီးနှစ်နဲ့ ရေခွက်ကိစ္စ စကာများရာကနေ တမန်တော်မိုဟာမက်ကို စော်ကားတယ်လို့ စွပ်စွဲခံရကာ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

    ဒါပေမယ့် ပါကစ္စတန်တရားရုံးချုပ်က အမှုကို ပြန်လည်သုံသပ်ရာမှာ အာဆီယာဘီဘီဟာ တရားမျှတစွာ အမှုရင်ဆိုင်ခွင့်မရခဲ့ဘဲ၊ အမှန်တရားကို တရားရုံးက ဖော်ထုတ်နိုင်ခြင်းမရှိဘူးလို့ ဆုံးဖြတ်ကာ ပြီးခဲ့တဲ့တစ်ပတ်မှာ တရားသေ လွှတ်ပေးခဲ့ပါတယ်။

    လက်ယာသမားတွေက ဒါကို မကျေနပ်တဲ့အတွက် နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အာဆီယာဘီဘီရဲ့ ရှေ့နေ ဆိုက်ဖွလ်မာလွတ်ဟာ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် နယ်သာလန်ကို ထွက်ပြေး ခိုလှုံခဲ့ပြီး အာဆီယာဘီဘီရဲ့ ခင်ပွန်း အာရှစ်မာဆီဟ်က ဗြိတိန်နဲ့ အမေရိကန်တို့ကိုဆက်သွယ်ကာ သူတို့မိသားစုကို ခိုလှုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

    Ref: Aljazeera