ဒီဇင်ဘာ ၁၃၊ ၂၀၁၈
M-Media
– ဆော်ဒီက မိမိတို့နိုင်ငံမှာ ပြုလုပ်ဖို့ အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံသမိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာလိမ့်မယ်လို့ ပါကစ္စတန်စီးပွားရေးဝန်ကြီး အာဆဒ် အူမာရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။
မနေ့က မြို့တော် အစ္စလာမ်မာဘတ်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး အသေးစိတ်ကို မကြာခင် ထုတ်ပြန်ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။
“လက်ခံ၊ လက်မခံက ကျွန်တော်တို့ရဲ့သဘောထားပါ။ နောက်တစ်ပတ် အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုဖို့ ရှိပါတယ်။ အဲဒီနောက် ကြေငြာချက် ထုတ်ပြန်သွားမှာပါ”
ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဒီကိစ္စကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် အခြားသူတွေထံကနေ သူ့ကို တိုက်တွန်းနေတယ်လို့လည်း အူမာရ်က ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်ဟာ လက်ရှိမှာ အကြွေးပြဿနာနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ ချေးငွေယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ အာဏာရပြီးတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျကို နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ငွေရေးကြေးရေးကိစ္စတွေ၊ စီးပွားရး ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Ref: Dawn