News @ M-Media
Tag: Pakistan
  • အမေရိကန်ကပေးသည့်ငွေမှာ မိမိတို့ရရန်ရှိသည့် အကြွေးဖြစ်သည်ဟု ပါကစ္စတန်ပြော
    အမေရိကန်ကပေးသည့်ငွေမှာ မိမိတို့ရရန်ရှိသည့် အကြွေးဖြစ်သည်ဟု ပါကစ္စတန်ပြော
    စက်တင်ဘာ ၃၊ ၂၀၁၈
    M-Media
    – အမေရိကန်က မပေးတော့ဖို့ ဆုံးဖြတ်လိုက်တဲ့ ကန်ဒေါ်လာ သန်း ၃၀၀ ဟာ ကူညီထောက်ပံ့တာ မဟုတ်ဘဲ မိမိတို့အပေါ် ပေးရမယ့်အကြွေးကို ပေးတာသာဖြစ်တယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။
    အာဖဂန်က တာလီဘန်အဖွဲ့လို လက်နက်ကိုင်တွေကို ထိထိရောက်ရောက် နှိမ်နှင်းမှုမရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ပါကစ္စတန်အပေါ် ပေးနေတဲ့ လုံခြုံရေးဆိုင်ရာ အကူအညီ ကန်ဒေါ်လာ ၁.၁ ဘီလီယံကျော်ကို ရပ်ဆိုင်းလိုက်တယ်လို့ ဇန်န၀ါရီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပါတယ်။
    အဲဒီကတည်းက ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေးဟာ တင်းမာလာခဲ့တာ ဖြစ်ပါတယ်။
    မနေ့က ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ကုန်နေး ဖောလ်ကနာက ‘မဟာမိတ်ထောက်ပံ့ရေးရန်ပုံငွေ (CSF)’ ကို ပေးနေတဲ့ ကန်ဒေါ်လာ သန်း ၃၀၀ ကို လုံးဝရပ်ဆိုင်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ CSF ဟာ ပါကစ္စတန်ကိုပေးနေတဲ့ ၁.၁ ဘီလီယံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
    ပါကစ္စတန်နဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ရှားမိုဟာမက် ကိုရိုက်ရှီက ဒီသန်း ၃၀၀ ဟာ အကူအညီပေးတဲ့ငွေ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    “ဒီ သန်း ၃၀၀ ဟာ အကူအညီမဟုတ်သလို၊ ထောက်ပံ့ကြေးလည်း မဟုတ်ပါဘူး။ ဒါဟာ CSF က ကျွန်တော်တို့ ရပိုင်ခွင့်ပါ။ ပါကစ္စတန်ရဲ့ ကိုယ်ပိုင်ရင်းမြစ်တွေကနေတစ်ဆင့် သုံးစွဲထားတဲ့ ငွေတွေဖြစ်ပြီး အမေရိကန်က ဒါကို ပြန်ပေးတာသာ ဖြစ်ပါတယ်”
    အမေရိကန်နိုင်ငံခြားရေးဝနကြီး မိုက် ပွမ်ပီယိုဦးဆောင်တဲ့အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ ပါကစ္စတန်ကို လာရောက်ဖို့ ရှိနေပါတယ်။
    ကိုရိုက်ရှီက လက်ရှိမှာ အမေရိကန်နဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ မရှိသလောက်ဖြစ်နေပြီး ပွမ်ပီယိုရဲ့ လာရောက်မှုဟာ ဒီအခြေအနေကို အပြောင်းအလဲဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • နယ်သာလန်တွင် စီစဉ်ထားသည့် တမန်တော်မိုဟာမက် ကာတွန်းပြိုင်ပွဲကို ဖျက်သိမ်း
    နယ်သာလန်တွင် စီစဉ်ထားသည့် တမန်တော်မိုဟာမက် ကာတွန်းပြိုင်ပွဲကို ဖျက်သိမ်း
    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media
    ပါကစ္စတန်မှ ဆန္ဒပြမှုတစ်ခု
    – နယ်သာန်လန်က မွတ်စလင်ဆန့်ကျင်ရေး အတိုက်အခံ နိုင်ငံရေးသမား ဂါ့တ် ၀ိုင်းလ်ဒါးဟာ လာမယ့်နိုဝင်ဘာလမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။
    နယ်သာလန်နိုင်ငံမှာလည်း ၀ိုင်းလ်ဒါးကို သတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
    ပြည်တွင်းမှာ လူကြိုက်နည်းလာတဲ့အတွက် လူတွေ အာရုံစိုက်မှု ရအောင် ၀ိုင်းလ်ဒါးတစ်ယောက် ဒီလို စတန့်ထွင်ရခြင်းဖြစ်တယ်လို့ နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ချို့က သုံးသပ်ပါတယ်။
    အင်မရန်းခန်းဦးဆောင်တဲ့ ပါကစ္စတန်အစိုးရကတော့ ဒီကိစ္စကို ကုလသမဂ္ဂအထိ ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။
    Ref: Aljazeera
  • နယ်သာလန်မှ တမန်တော်ကာတွန်းပြိုင်ပွဲကို ပါကစ္စတန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
    နယ်သာလန်မှ တမန်တော်ကာတွန်းပြိုင်ပွဲကို ပါကစ္စတန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
    သြဂုတ် ၃၀၊ ၂၀၁၈
    M-Media
    ဆန္ဒပြမှု မြင်ကွင်းတစ်ခု
    – နယ်သာလန်နိုင်ငံမှာ လာမယ့်လအတွင်း ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပါကစ္စတန်ပြည်သူ ထောင်ပေါင်းများစွာဟာ မြို့တော် အစ္စလာမ်မာဘတ်မှာကို ချီတက်လာကြပြီး နယ်သာလန်နဲ့ သံအဆက်အသွယ်ဖြတ်ဖို့ အစိုးရကို တောင်းဆိုနေပါတယ်။
    အဲဒီ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲကို မွတ်စလင်ဆန့်ကျင်ရေး အတိုက်အခံလွှတ်တော်အမတ် ဂါ့တ်ဝိုင်းလ်ဒါးက စီစဉ်တာဖြစ်ပါတယ်။
    လာဟိုးရ်မြို့က Tehreek-e-Labbaik Pakistan (TLP) ပါတီဝင်တွေဟာ မနေ့ကစတင်ကာ မြို့တော်အစ္စလာမ်မာဘတ်ကို ချီတက်လာတာဖြစ်ပြီး တောင်းဆိုမှုတွေကို အစိုးရက မလုပ်ပေးဘူးဆိုရင် မြို့တော်ကို ပိတ်ဆို့ဖို့လည်း စီစဉ်ထားပါတယ်။
    အစိုးရကတော့ ချီတက်သူတွေမရောက်ခင် မြို့တော်မှာ လုံခြုံရေးကို တိုးမြှင့်ချထားပြီး အဓိကလမ်းမတွေကိုလည်း ပိတ်ဆို့ဖို့ ပြင်ဆင်နေပါတယ်။
    အစ္စလာမ်သာသနာမှာ တမန်တော်မိုဟာမက်ရဲ့ပုံ ရေးဆွဲထားကို တားမြစ်ထားပြီး ၀ိုင်းလ်ဒါးစီစဉ်တဲ့ ဒီပြိုင်ပွဲဟာ ဘာသာသာသနာတစ်ခုကို စော်ကားမှုဖြစ်တယ်လို့ TLP က ပြောကြားခဲ့ပါတယ်။
    နယ်သာလန်ဝန်ကြီးချုပ် မာ့ခ် ရုတ်က ၀ိုင်းလ်ဒါးဟာ အစိုးရအဖွဲ့ဝင်မဟုတ်ဘူးလို့ဆိုကာ ဒီကိစ္စကို ကိုင်တွယ်တာမျိုး မလုပ်ပါဘူး။
    နိုင်ငံခြားရေးဝန်ကြီး စတက်ဖ်ဘလော့က သူတို့တိုင်းပြည်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို အလေးထားတာကြောင့် ဒီပြိုင်ပွဲကို တားဆီးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    ပါကစ္စတန်အထက်လွှတ်တော်က ဒီကာတွန်းပြိုင်ပွဲကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို တနင်္လာနေ့က အတည်ပြုခဲ့ပြီး၊ ၀န်ကြီးချုပ် အင်မရန်းခန်းကလည်း အစ္စလာမ်သာသနာကို စော်ကားမှုကို တားဆီးဖို့အတွက် ပေါ်လစီတစ်ခုကို မွတ်စလင်တိုင်းပြည်တွေက မချမှတ်နိုင်ခဲ့ဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။
    Ref: Aljazeera
  • အစ္စလာမ်အပေါ် စော်ကားမှုကို တားဆီးရန် မွတ်စလင်နိုင်ငံများ ပျက်ကွက်ခဲ့ဟု အင်မရန်းခန်းပြော
    အစ္စလာမ်အပေါ် စော်ကားမှုကို တားဆီးရန် မွတ်စလင်နိုင်ငံများ ပျက်ကွက်ခဲ့ဟု အင်မရန်းခန်းပြော
    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း
    – ခေတ်အဆက်ဆက် အစ္စလာမ်သာသနာအပေါ် စော်ကားမှုတွေကို တားဆီးဟန့်တားရေး နိုင်ငံတကာအဆင့် ပေါ်လစီမျိုးကို မွတ်စလင်နိုင်ငံတွေက မချနိုင်ခဲ့ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ်သစ် အင်မရန်းခန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။
    သူ့ရဲ့ ပထမဆုံး အထက်လွှတ်တော်မိန့်ခွန်းမှာ ခန်းက သူ့အစိုးရဟာ ဒီကိစ္စကို ကုလအထိရောက်အောင် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြာဆိုခဲ့ပေမယ့်၊ ထိထိရောက်ရောက် ဖြစ်လာမယ်လို့ မထင်ကြောင်းလည်း ဆိုပါတယ်။
    နယ်သာလန်က Freedom ပါတီ ခေါင်းဆောင်ဖြစ်ပြီး အတိုက်အခံ လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဂါ့တ် ၀ိုင်းလ်ဒါးက တမန်တော် မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲ လုပ်ဆောင်ဖို့ စီစဉ်နေမှုကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ပါကစ္စတန် အထက်လွှတ်တော်က မနေ့မှာ အတည်ပြုခဲ့ပါတယ်။
    ဆုံးဖြတ်ချက်ဟာ ဒီကိစ္စကို ကုလက အာရုံစိုက်လာရေး ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ၀ိုင်းလ်ဒါးရဲ့ ဒီလိုဆောင်ရွက်မှုကို နယ်သာလန်အစိုးရစီ တရားဝင် ကန့်ကွက်သွားဖို့အတွက်လည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက နယ်သာလန်ဆိုင်ရာ ပါကစ္စတန်သံအမတ်ကို တိုက်တွန်းထားပါတယ်။
    “‘ဒီလိုစော်ကားမှုကြောင့် မွတ်စလင်တွေ ဘယ်လောက် ထိခိုက်နာကျင် ခံစားရသလဲဆိုတာကို အနောက်တိုင်းက လူတော်တော်များများက မသိကြပါဘူး။ ဒီကိစ္စကို OIC အဖွဲ့မှာ တင်ပြသွားမှာဖြစ်ပြီး နိုင်ငံတကာ ဖိုရမ်တွေမှာ ဆွေးနွေးလာနိုင်တဲ့အထိ ပေါ်လစီတစ်ခု စုပေါင်းချမှတ်နိုင်ရေး မွတ်စလင်နိုင်ငံတွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒါကို လွန်ခဲ့တဲ့နှစ်တွေကတည်းက လုပ်ခဲ့သင့်တာပါ” လို့ ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။
    ခန်းက ဂျူးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှု Holocaust ကိစ္စ တစ်လွဲပြောဆိုသူတွေကို ဥရောပမှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာကို ထောက်ပြခဲ့ပြီး၊ ဒီလို တစ်လွဲပြောဆိုမှုဟာ ဂျူးလူ့အဖွဲ့အစည်းကို ထိခိုက်နာကျင်စေတယ်ဆိုတာ ဥရောပနိုင်ငံတွေက သိရှိတာကြောင့် အရေးယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။
    “ကျွန်တော်တို့မှာလည်း ဒီလိုပေါ်လစီမျိုးလိုအပ်ပြီး ဒါမှ လူတွေဟာ ကျွန်တော်တို့ ယုံကြည်မှုအပေါ် ထပ်ခါတလဲလဲ စော်ကားတာမျိုး မလုပ်ကြတော့မှာပါ”
    Ref: Dawn
  • အိန္ဒိယရေးဘေးအတွက် အကူအညီပေးရန် ပါကစ္စတန်ဝန်ကြီးချုပ် ကမ်းလှမ်း
    အိန္ဒိယရေးဘေးအတွက် အကူအညီပေးရန် ပါကစ္စတန်ဝန်ကြီးချုပ် ကမ်းလှမ်း
    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ်သစ် အမီးရ်ခန်း
    – အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့သွားဖို့ ပါကစ္စတန်ဝန်ကြီးချုပ်သစ် အမီးရ်ခန်းက ဒီကနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
    Twitter စာမျက်နှာမှာ ခန်းက ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးဖြစ်တဲ့ ရေဘေးဒဏ်ကို ခံစားခဲ့ရသူတွေအတွက် ပါကစ္စတန်ပြည်သူတွေကိုယ်စား စာနာမိပါကြောင်း၊ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပါကြောင်း ရေးသားခဲ့ပါတယ်။
    ဒါအပြင် လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်သွားဖို့အတွက် ပါကစ္စတန်က အဆင်သင့်ရှိတယ်လို့လည်း ခန်းက ဆိုပါတယ်။
    အကူအညီပေးရေန် Twitter စာမျက်နှာမှတစ်ဆင့် ကမ်းလှမ်းမှု
    ကီရာလာပြည်နယ်မှာ မေလေနှောင်းပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၇၀ လောက် သေဆုံးပြီး တစ်သန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
    ရေဘေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု UAE က ကန်ဒေါ်လာ သန်း ၁၀၀၊ မော်လ်ဒိုက်နိုင်ငံက ဒေါ်လာ ၅ သောင်း ကူညီဖို့ ကမ်းလှမ်းခဲ့ပါတယ်။
    အိန္ဒိယက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီပေးဖို့ ကမ်းလှမ်းမှုတွေကို ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် အစိုးရပေါ်လစီအရ ဒီအကူအညီကို လက်ခံမှာမဟုတ်ဘဲ အစိုးရဟာ အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ရာဗီရှ်ကူးမားက ပြောကြားခဲ့ပါတယ်။
    Ref: Khaleej Times