News @ M-Media

Tag: Pakistan

  • အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တာလီဘန်အဖွဲ့ခေါင်းဆောင် သေဆုံး

    အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တာလီဘန်အဖွဲ့ခေါင်းဆောင် သေဆုံး

    ဇွန် ၁၅၊ ၂၀၁၈
    M-Media

    ပါကစ္စတန် တာလီဘန်အဖွဲ့ခေါင်းဆောင် မွလ္လာ ဖဇ်လွလ္လာဟ် (လယ်)

    – ပါကစ္စတန်က တာလီဘန်အဖွဲ့ခေါင်းဆောင် မွလ္လာ ဖဇ်လွလ္လာဟ်ဟာ သူတို့ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားတယ်လို့ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ပါကစ္စတန်နဲ့ထိပ်စပ်နေတဲ ကူနာရ်ပြည်နယ် မာရာဝီရာ ခရိုင်မှာ ကြာသာပတေးနေ့မနက် ၉ နာရီအချိန်က အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့က ပူးပေါင်ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

    အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရဒ်မာနစ်ရှ်က အဲဒီတိုက်ခိုက်မှုအတွင်း ဖဇ်လွလ္လာနဲ့အတူ အခြား တိုက်ခိုက်ရေးသမား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန် တာလီဘန်အဖွဲ့ Tehreek-i-Taliban (TTP) က သူတို့ခေါင်းဆောင် အသတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး အာဖဂန် ထောက်လှမ်းရေးအဖွဲ့ NDS က ဒရုန်းနဲ့တိုက်ခိုက်ဖို့အတွက် သတင်းအချက်အလက်တွေ ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်က NDS ဟာ ဖဇ်လွလ္လာကို အာဖဂန်မှာ ခိုလှုံခွင့်ပေးထားတယ်လို့ အရင်က စွပ်စွဲဖူးပါတယ်။

    အာဖဂန်က အမေရိကန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အာဖဂန်နဲ့ ပါကစ္စတန်ကြားက နယ်စပ်ဒေသ တိုက်ခိုက်မှုမှာ အကြမ်းဖက်အဖွဲ့အစည်တစ်ခုရဲ့ ခေါင်းဆောင် သေဆုံးခဲ့တယ်လို့ ဖော်ပြပေမယ့် အမည်အတိအကျကို မပြောခဲ့ပါဘူး။

    မတ်လအတွင်းကလည်း ကူနာရ်ပြည်နယ်မှာ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဖဇ်လွလ္လာရဲ့သား အဘ်ဒူလာအပါအ၀င် TTP က တိုက်ခိုက်ရေးသမား ၂၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljzeera

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၇၊ ၂၀၁၈
    M-Media

    မလေးရှား အတိုက်အခံခေါင်းဆောင်ဟောင်း အန်ဝါရ် အီဘရာဟင်

    ဘဂ္ဂဒတ်ရှိ ရှီအာဗလီတွင် ဗုံးခွဲမှုဖြစ်
    ============
    အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒတ်က ရှီအာဗလီတစ်ခုမှာ မနေ့က ဗုံးကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၀တ်ပြုသူ ၇ ဦးသေဆုံးကာ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဗုံးကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ အဆောက်အဦးတွေ ပျက်ဆီးခဲ့ပါတယ်။ ဗုံးခွဲခံရတဲ့ ဗလီဟာ အခုလအစောပိုင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Sairoon မဟာမိတ်အဖွဲ့က ရှီအာခေါင်းဆောင် အလ်-ဆဒါရ်ဦးကို ထောက်ခံသူတွေ သွားရောက်ဝတ်ပြုရာနေရာ ဖြစ်ပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာ အတိအကျမသိရသေးဘဲ အရင်က ဒီလိုဗုံးခွဲမှုတွေကို IS အကြမ်းဖက်အဖွဲ့က လုပ်ဆောင်လေ့ ရှိပါတယ်။

    ပါကစ္စတန်တွင် စစ်တပ်လုပ်ရပ်ကို ဝေဖန်သူဂျာနယ်လစ် ပြန်ပေးဆွဲခံရ
    =============
    စစ်တပ်ရဲ့လုပ်ရပ်တွေကို ဝေဖန်လေ့ရှိတဲ့ ပါကစ္စတန် လူမှုတက်ကြွလှုပ်ရှားသူနဲ့ ဂျာနယ်လစ်ဖြစ်သူ ဂူလ် ဘူခါရီဟာ အင်္ဂါနေ့ညပိုင်းက ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတစ်စုရဲ့ ပြန်ပေးဆွဲခြင်ကို ခံလိုက်ရပြီး စစ်တပ်ဟာ သဘောထားကွဲလွဲသူတွေကို ဖိနှိပ်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ ဘူခါရီဟာ နာရီပိုင်းအကြာမှာ ပြန်လွတ်လာခဲ့ပြီး ဘယ်ကိုခေါ်သွားလဲ၊ ဘာတွေလုပ်သလဲဆိုတာကို အတိအကျ မသိရပါဘူး။ စစ်တပ်နဲ့ နိုင်ငံရေးပါတီတစ်ချို့အပေါ် ဝေဖန်မှုတွေ တားမြစ်ပိတ်ပင်တာကို ပါကစ္စတန်ဟာ အခုနောက်ပိုင်းမှာ ဆက်တိုက် ပြုလုပ်လာခဲ့ပါတယ်။

    လတ်တလော ကန့်လန့်ကာနောက်ကွယ်တွင်နေမည်ဟု အန်န၀ါရ် အီဘရာဟင်ပြော
    ===============
    လတ်တလော နိုင်ငံရေးနယ်ပယ်မှာ ကန့်လန့်ကာနောက်ကွယ်က နေသွားမယ်လို့ မလေးရှား အတိုက်အခံခေါင်းဆောင်ဟောင်း အန်ဝါရ်အီဘရာဟင်က ပြောကြားလိုက်ပါတယ်။ ဒုတိယ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်နေတဲ့ ဇနီးဖြစ်သူ ၀မ်အဇီဇာဟ်ဟာ ပါဒန်းလွှတ်တော်အမတ်နေရာကနေ နှုတ်ထွက်ကာ အန်ဝါရ်ကို ၀င်ရောက်ယှဉ်ပြိုင်စေမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာပါ။ အန်ဝါရ်ကတော့ သူဟာ ၀န်ကြီးရာထူး၊ အတိုက်အခံခေါင်းဆောင်နေရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပေမယ့် လွှတ်တော်အမတ်နေရာမှာ အတွေ့အကြုံမရှိကြောင်း၊ လက်ရှိ အခြားအစီအစဉ်တွေ ရှိနေပြီး နောက် ၂ လလောက်မှ ဒီကိစ္စ စဉ်းစားမှာဖြစ်ကြောင်း မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ထရမ့်နှင့်တွေ့ဆုံရန် ကင်ဂျုံအွန်က တောင်းပန်ခယခဲ့ဟု ထရမ့်ရှေ့နေပြော
    ==========
    ထရမ့်နဲ့ ထိပ်သီးအစည်းအဝေးဖြစ်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တောင်းပန်ခယခဲ့တယ်လို့ ထရမ့်ရဲ့ရှေ့နေ ရူဒီ ဂူလီယာနီက အစ္စရေးက ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အဲဒီအစည်းအဝေးကို ဖျက်သိမ်းကြောင်း ထရမ့်က မေလ ၂၂ ရက်နေ့မှာ ကြေငြာခဲ့တာပါ။ ဂူလီယာနီက ထရမ့်ရဲ့ ဒီလို ပြတ်သားတဲ့ ဆောင်ရွက်ချက်က ကင်ဂျုံအွန်ကို ဒူးထောက်လာစေခဲ့တယ်လို့ ဆိုပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ စင်ကာပူနိုင်ငံက ဆန်တိုးဆားကျွန်းမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA, BBC

  • ပါကစ္စတန်မှာ ပျောက်ကွယ်လုဖြစ်လာတဲ့ ၀ါတွင်း နိဗ္ဗာန်ဆော်ဓလေ့

    ပါကစ္စတန်မှာ ပျောက်ကွယ်လုဖြစ်လာတဲ့ ၀ါတွင်း နိဗ္ဗာန်ဆော်ဓလေ့

    ဇွန် ၅၊ ၂၀၁၈
    M-Media

    နိဗ္ဗာန်ဆော်သူ ဟူစိန်

    – ရာဝါလ်ပင်ဒီမြို့ရဲ့ လူရှင်းနေတဲ့ လမ်းတွေမှာ မနက် ၁ နာရီအချိန် လာလ်ဟူစိန်ရဲ့ စည်းချက်ညီ ဗုံသံတွေက တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းကာ လွင့်ပျံလာခဲ့ပြီး ဆဲဟ်ရီဝါထမင်းစားကာ ရမ်ဇာန်လရဲ့ ဥပုသ်နေ့ကို စတင်ဖို့ မြို့နေပြည်သူတွေကို နှိုးဆော်တိုက်တွန်းနေပါတယ်။

    “၀ါထမင်းစားရန် ထတော်မူပါ… သူတော်ကောင်း အပေါင်းတို့…” ဆိုတဲ့ ဟူစိန်ရဲ့နှိုးဆော်သံဟာ Bhangra ဂီတစတိုင် ဗုံသံနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။

    ရမ်ဇာန်ဥပုသ်လရောက်တိုင်း ဟူစိန်တစ်ယောက် ဒီလို နိဗ္ဗာန်ဆော်အလုပ် လုပ်ဆောင်လာတာဟာ နှစ်ပေါင်း ၃၅ နှစ် တိုင်ခဲ့ပါပြီ။ ဗုံကြီးကို စလွယ်သိုင်းကာ ရာဝါလ်ပင်ဒီမြို့ဟောင်းရဲ့ မနက်စောစော လူသူကင်းမဲ့နေတဲ့ လမ်းကြိုးလမ်းကြာမကျန် လှည့်ပတ်သွားလာကာ အမှုတော်ထမ်းနေတာလည်း ဖြစ်ပါတယ်။

    ဗုံးသမားကို မြင်တွေ့ချင်တဲ့ အမျိုးသမီးတွေ ကလေးငယ်တွေဟာ ဟူစိန်ဖြတ်အသွားကိုစောင့်ကာ အိမ်ထဲကနေ ထွက်ကြည့်ကြပြီး၊ အမျိုးသားအချို့ကတော့ ဟူစိန်ကို လက်ဆွဲနှုတ်ဆက်ကာ သူ့ရဲ့ နိဗ္ဗာန်ဆော်မှုကို ကျေးဇူးတင်တဲ့အနေနဲ့ ငွေစတစ်ချို့ စွန့်ကြဲကြပါတယ်။

    ရာစုနှစ်ချီတည်တံ့လာတဲ့ ဒီရိုးရာဓလေ့ဟာ ပါကစ္စတန်မှာ အခုတော့ တွေ့ရနည်းလာပါတယ်။

    ပါကစ္စတန်က သန်းပေါင်းများစွာသော ယုံကြည်သူတွေဟာ ရမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ စောင့်တည်ကြပြီး မနက်နေထွက်ချိန်ကနေ အစားအစာကို ရှောင်ကျဉ်ကာ ညနေနေ၀င်ချိန်ရောက်မှ ၀ါဖြေစားသောက်ကြပါတယ်။

    တစ်နေ့တာ ဥပုသ်သီလအတွက် ပြင်ဆင်တဲ့အနေနဲ့ အာရုဏ်မတက်ခင်အချိန်မှာ ‘ဆဲဟ်ရီ’ လို့ခေါ်တဲ့ ၀ါထမင်းကို စားသုံးကြပါတယ်။

    နိဗ္ဗာန်ဆော် ဗုံသမားတွေဟာ တစ်ချိန်က သာယာနာပျော်ဖွယ် ဗုံးသံတွေနဲ့ ဆဲဟ်ရီအချိန်အတွက် နှိုးဆော်ခဲ့ကြပေမယ့် ယနေ့ခတ် ပါကစ္စတန်ပြည်သူတွေက စမတ်ဖုံးတွေ၊ နာရီနှိုးစက်တွေကို ပိုမိုအသုံးပြုလာတာကြောင့် အနာဂတ်မှာ သူတို့ရဲ့အခန်းကဏ္ဍဟာ မရေရာမသေချာတဲ့အခြေအနေ ဖြစ်လာပါတယ်။

    ဒီနေ့ခေတ်မှာ ဆဲဟ်ရီ အချိန်မီနိုးဖို့အတွက် ဖုန်းတွေ၊ ဒစ်ဂျစ်တယ်နာရီတွေ၊ လော်စပီကာတွေကို ကမ္ဘာတစ်ဝှမ်း အသုံးပြုလာကြပါတယ်။

    “လိုအပ်ချက်ဆိုတာ တီထွင်ဖန်းတီးမှုကို မွေးဖွားစေတဲ့အရာပါ” လို့ ပါကစ္စတန် ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်ဆိုင်ရာ အမျိုးသားသိပ္ပံက ညွှန်ကြားရေးမှူးဟောင်း အူဇီ မွဖ်သီက ပြောကြားခဲ့ပါတယ်။

    “ဒီကနေ့ နိဗ္ဗာန်ဆော်ဗုံသမားတွေကို မလိုအပ်တော့ဘူးဆိုရင် သူတို့ ပျောက်ကွယ်သွားမှာပါ”

    ပါကစ္စတန်တစ်ဝှမ်း ဆဲဟ်ရီအတွက် ဒီလိုနိဗ္ဗာန်ဆော်သူတွေဟာ တစ်နှစ်ထက်တစ်နှစ် နည်းနည်းလာခဲ့ပါတယ်။

    “ရာဝါလ်ပင်ဒီမှာ နိဗ္ဗာန်ဆော်သူဟာ တစ်ဒါဇင်တောင်မပြည့်တော့ပါဘူး။ အရင်က လမ်းတိုင်းမှာ နိဗ္ဗာန်ဆော်တွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တော်တော်များများ ပျောက်သွားပါပြီ။ လူငယ်မျိုးဆက်တွေဟာ အခြားအလုပ်တွေကို သင်ယူလုပ်ကိုင်လာကြပါတယ်”

    လူ ၅ သန်းလောက်ရှိတဲ့ ဒီမြို့မှာ နိဗ္ဗာန်ဆော်ရင်း ဟူစိန်တစ်ယောက် AFP သတင်းဌာနကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    သူနဲ့အတူ လက်တွဲခဲ့တဲ့ နိဗ္ဗာန်ဆော်တွေတောင် အနားယူသူကယူ၊ စွန့်လွှတ်သူက စွန့်လွှတ် ဖြစ်နေကြပါပြီ။ ဒါပေမယ့် အသည်းရောင်အသားဝါ စီပိုးကို ရင်ဆိုင်နေရတဲ့ အသက် ၆၆ နှစ်အရွယ် ဟူစိန်ကတော့ အသက်နဲ့ခန္ဓာကိုယ် အိုးစားမကွဲသ၍ ဒီဓလေ့ကို ထိန်းသိမ်းသွားမယ်လို့ ဆုံးဖြတ်ထားသူပါ။

    သူ့ရဲ့ ဒီစိတ်ဓာတ်ကြောင့်ပဲ မြို့သူမြို့သားတွေရဲ့ ချစ်ခင်မှုကို ရရှိနေတာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ ဓလေ့၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို သူ့ရဲ့လုပ်ရပ်က ပြန်လည်အမှတ်ရစေတယ်။ ကျွန်တော်တို့လည်း ဒီဓလေ့ကို နှစ်သတ်ပါတယ်” လို့ ရာဝါလ်ပင်ဒီ မြို့သားတစ်ဦးဖြစ်တဲ့ ယာစီရ်ဘတ်က ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်မှာ မကြာခဏ မီးပျက်တတ်တာကြောင့် ဘထ္ထရီအသုံးပြုရတဲ့ ဖုံးတွေထက် သူက ပိုပြီး စိတ်ချရတယ်လို့ ဟူစိန်က ဆိုပါတယ်။

    “မိုဘိုင်းဖုန်းတွေကို စိတ်မချတာကြောင့် ကျွန်တော့်ကို နိဗ္ဗာန်ဆော်ဆက်လုပ်ဖို့ တိုက်တွန်းကြသူတွေလည်း ရှိနေပါတယ်”

    Ref: Alarabiya

  • ပါကစ္စတန်တွင် အပှုလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံး

    ပါကစ္စတန်တွင် အပှုလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံး

    မေ ၂၃၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ အပူလှိုင်းဖြတ်မှုကြောင့် ပြီးခဲ့တဲ့လ ၄ ရက်အတွင်း လူ ၆၀ လောက် သေဆုံးခဲ့ပြီး၊ အပူချိန်ကလည်း ၄၄ ဒီဂရီ ဆဲလ်စီးယက်စ်အထိ မြင့်တက်နေပါတယ်။

    အခုလို အပူလှိုင်းဖြတ်မှုဟာ တစ်နေ့ကို ၁၅ နာရီလောက် အစားအသောက်ရှောင်ရတဲ့ မွတ်လင်တွေရဲ့ ရမ်ဇာန်ဥပုသ်လနဲ့လည်း တိုက်ဆိုင်နေပါတယ်။

    သေဆုံးသူအများစုဟာ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေဖြစ်တယ်လို့ Edhi ဖောင်ဒေးရှင်အကြီးအကဲ ဖိုင်ဆဲလ် အဒ်ဟီက ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် ဇွန်လကလည်း အခုလို အပူလှိုင်းဖြတ်မှုကြောင့် ကရာချီမှာ လူ ၁၂၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    အပူလှိုင်းဖြတ်ချိန်မှာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရတာ၊ အသားအရေကို စိုစွတ်နေအောင်ထားဖို့ လိုတာ စတဲ့ အသိပညာတွေ ပြည်သူတွေမှာ နည်းနေတယ်လို့လည်း အဒ်ဟီက ပြောကြားခဲ့ပါတယ်။

    အစိုးကရတော့ သေဆုံးသူ တော်တော်များများဟာ အပူလှိုင်းကြောင့်၊ ရေဓာတ်ချို့တဲ့မှုတွေကြောင့် မဟုတ်ဘဲ အခြားသော ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီအပူလှိုင်းဟာ နောက်ထပ် ၄၈ နာရီလောက်အထိ ဆက်လက်ရှိနေမှာဖြစ်ပြီး အနည်းဆုံး သောကြာနေ့လောက်အထိ အပူချိန်ဟာ ၄၁ ဒီဂရီ ဆဲလ်စီးယက်စ်လောက် ရှိနေအုံးမယ်လို့ ပါကစ္စတန် မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။

    Ref : Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၇၊ ၂၀၁၈
    M-Media

    မဟာသီယာမိုဟာမက် မိန့်ခွန်းပြောနေစဉ်

    အတိုက်အခံဘက်ကို ပြတ်ပြတ်သားသားမဲထည့်ရန် မလေးပြည်သူများအား မဟာသီတိုက်တွန်း
    =================
    အတိုက်အခံဘက်ကို ပြတ်ပြတ်သားသား မဲပေးကာ လက်ရှိအစိုးရကို ဖြုတ်ချဖို့အတွက် မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ကွာလာလမ်ပူမှာ မနေ့ကပြုလုပ်တဲ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ မဟာသီရဲ့ ဒီမိန့်ခွန်းပြောကြားမှုကို အတိုက်အခံခေါင်းဆောင်အားလုံးနဲ့ ပြည်သူလူထု အမြောက်အများ တက်ရောက် နားထောင်ခဲ့ကြပါတယ်။ မဟာသီက မိမိတို့ဟာ ပွတ်ကာသီကာ မဟုတ်ဘဲ၊ သောင်ပြိုကမ်းပြို အနိုင်ရရမှာ ဖြစ်ကြောင်း၊ မလေးလူမျိုး၊ တရုတ်လူမျိုးတွေ အပါအ၀င် မလေးရှားပြည်သူများအားလုံးအနေနဲ့ တိုင်းပြည်မှာ လူထုဆူနာမီ ရှိတယ်ဆိုတာ ပြသသွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မလေးရှားဟာ မေလ ၉ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

    အာဖဂန်ရှိ ဗလီတစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး ၁၄ ဦးသေဆုံး
    =============
    အာဖဂန်နစ္စတန်အရှေ့ပိုင်း ခို့စ်မြို့က ယာကူဘီ ဗလီဝတ်ကျောင်းတော်မှာ ဗုံးပေါက်ကွဲမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၄ ဦးသေဆုံးကာ ၃၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဗလီဟာ မဲဆန္ဒရှင်တွေ စာရင်းပေးဖို့အတွက် အသုံးပြုတဲ့ ဗလီလည်းဖြစ်ပြီး ၀တ်ပြုဖို့နဲ့ စာရင်းပေးဖို့ လူတွေ စုရုံးနေတဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရသေးပေမယ့်၊ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ IS အကြမ်းဖက်အဖွဲ့က မဲပေးရာမှာ အသုံးပြုရတဲ့ အဆောက်အဦးတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

    ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး သေနတ်ဖြင့် ပစ်ခံရ
    ============
    ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း ပန်ဂျပ်ပြည်နယ်က ရွေးကောက်ပွဲ ချီတက်လမ်းလျှောက်မှုတစ်ခုမှာ အမည်မသိ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ပြည်ထဲရေးဝန်ကြီး အဟ်ဆန် အစ်က္ကဘားလ် ဒဏ်ရာရရှိသွားပါတယ်။ အစ်က္ကဘားလ်ဟာ မိန့်ခွန်းပြောပြီး ကားနဲ့ထွက်ခွာမယ့်အချိန်မှာ အခုလို ပစ်ခတ်ခံရတာဖြစ်ပြီး ပုခုံးကိုထိသွားကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ မိသားစုက ပြောကြားခဲ့ပါတယ်။

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် သေဆုံးသူအရေအတွက် ၄၀ ကျော်ပြီ
    ============
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုအတွင်း လူငယ် ပါလက်စတိုင်း ၂ ဦး သေဆုံးခဲ့တာကြောင့် မတ်လ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူဟာ အနည်းဆုံး ၄၃ ဦး ရှိလာပြီဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ခဲ့မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ခွင့်ရရေး ဂါဇာပြည်သူတွေက အပတ်စဉ် ဆန္ဒပြနေတာဖြစ်ပြီး အစ္စရေးက နယ်စပ်ဖြတ်ကျော် ပစ်ခတ်တာ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA