News @ M-Media
Tag: Pakistan
  • နိုဘယ်ဆုရှင်မာလာလာ ၅ နှစ်ကျော်အတွင်း ပါကစ္စတန်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ
    နိုဘယ်ဆုရှင်မာလာလာ ၅ နှစ်ကျော်အတွင်း ပါကစ္စတန်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ
    မတ် ၂၉၊ ၂၀၁၈
    M-Media
    ကြိုဆိုပွဲတွင်တွေ့ရသည့် မာလာလာ
    – ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ ယူစွဖ်ဇိုင်ဟာ ဒီနေ့မှာ ပါကစ္စတန်ကို သွားရောက်ခဲ့ပြီး တာလီဘန်တွေရဲ့ ပစ်ခတ်လုပ်ကြံပြီးနောက် ၅ နှစ်ခွဲအကြာမှာ ဇာတိမြေကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
    ဒီနေ့မနက် အစောပိုင်း အစ္စလာမ်မာဘတ်က ဘီနာဇီယာဘူတို နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပါကစ္စတန်အစိုးရက လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။
    “ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ပါကစ္စတန်ကိုပြန်လာရေး ကျွန်မ အိပ်မက်မက်ခဲ့တာပါ။ ဒီကနေ့ ကျွန်မ အရမ်းကို ပျော်ရွှင်မိပါတယ်။ တကယ်ရောက်နေပါလားဆိုတာကိုတောင် မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်။ ၅ နှစ်ခွဲကြာပြီးတဲ့နောက် ဒီနေ့ ကျွန်မရဲ့တိုင်းပြည်ကို ကျွန်မ ခြေပြန်ချနိုင်ခဲ့ပါတယ်။ လေယာဉ်နဲ့ဖြစ်ဖြစ်၊ ကားနဲ့ဖြစ်ဖြစ် ခရီးသွားတဲ့အခါတိုင်း ကျွန်မဟာ ပါကစ္စတန်မှာသွားနေတယ်၊ အစ္စလာမ်မာဘတ်မှာ ကားမောင်းနေတယ်၊ ကရာချီရောက်နေတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်မဟုတ်ပါဘူး။ အခုတော့ တကယ်ဖြစ်လာပါပြီ။ အရမ်းပျော်ပါတယ်” လို့ မာလာလာက သူ့ကို ကြိုဆိုတဲ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
    အခမ်းအနားကို အစိုးရထိပ်တန်းအကြီးအကဲတွေ၊ အထင်ကရ တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ သူမရဲ့ဇာတိ ဆွက်တောင်ကြားက ဧည့်သည်တွေ တက်ရောက်ခဲ့ကြပါတယ်။
    “ကမ္ဘာတစ်ခုလုံးက သမီးကို ဂုဏ်ပြုကြတယ်၊ လေးစားကြတယ်။ ပါကစ္စတန်ကလည်း သမီးကို ဂုဏ်ပြုမှာပါ။ ဒါဟာ သမီးရဲ့ အမိမြေလေ။ သမီးဟာ သာမန်နိုင်ငံသားတစ်ယောက် မဟုတ်ပါဘူး။ သမီးရဲ့ လုံခြုံရေးဟာ ဦးတို့ရဲ့ တာဝန်ပါပဲ” လို့ ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ဟာ အကြမ်ဖက်မှုအပေါ် စစ်ဆင်နွှဲနေပါတယ်။ ကမ္ဘာကြီးက ကျွန်တော်တို့နဲ့ပတ်သက်ပြီး ဘာတွေပဲ ပြောနေပါစေ၊ ပါကစ္စတန်ဟာ အကြမ်းဖက်ဝါဒအပေါ် အကြီးအကျယ်ဆုံး စစ်ဆင်နွှဲနေတာပါ။ ကျွန်တော်တို့ရဲ့ စစ်သား ၂ သိန်းကျော်ဟာ ဒီစစ်ပွဲကို တိုက်နေပါတယ်”
    ၄ ရက်တာကြာမြင့်မယ့် မာလာလာရဲ့ ခရီးစဉ်မှာ သူမရဲ့ဇာတိ ဆွက်တောင်ကြားကို သွားရောက်မလားဆိုတာ မသိရပါဘူး။ ခရီးစဉ်မှတ်တမ်းအရ မာလာလာဟာ အစ္စလာမ်မာဘတ်မှာ ပါကစ္စတန်တာဝန်ရှိသူတွေ၊ မီဒီယာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆွေမျိုးတွေနဲ့ တွေ့ဖို့ရှိနေပါတယ်။
    “ကျွန်မတိုင်းပြည်ကို ပြန်လာရပြီး ကျွန်မပြည်သူတွေနဲ့ တွေ့ရတဲ့ ဒီနေ့ဟာ ကျွန်မဘ၀ရဲ့ အပျော်ဆုံးနေ့ပါပဲ။ ဒီမှာထိုင်နေသူတွေအားလုံးကို ကျွန်မ ကြိုဆိုပါတယ်။ ယူကေမှာ ပညာဆက်သင်မှာဖြစ်ပေမယ့် ပါကစ္စတန်မှာ အမြဲတမ်း လွတ်လပ်စွာ သွားချင်ခဲ့တာပါ။ ကလေးတွေရဲ့ ပညာရေးအတွက် ကျွန်မ နှစ်မြုပ်လုပ်ဆောင်ချင်တယ်။ ပါကစ္စတန်အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရပါမယ်” လို့ မာလာလာက ပြောကြားခဲ့ပါတယ်။
    အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ မာလာလာဟာ ၂၀၁၂ ခုနှစ်မှာ တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပေမယ့် ယူကေမှာ ဆေးကုသမှုခံယူကာ သေဘေးက လွတ်မြောက်ခဲ့ပါတယ်။
    ဒဏ်ရာက ပြန်လည်သက်သာလာပြီး နောက်ပိုင်းမှာလည်း မာလာလာဟာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး ဆက်လက်ဆောင်ရွက်ခဲ့ပြီး ‘မာလာလာရန်ပုံငွေ’ ကို တည်ထောင်ကာ ပါကစ္စတန်၊ နိုက်ဂျီးရီးယားနဲ့ ကင်ညာတို့က ပညာရေးဆိုင်ရာအဖွဲ့တွေကို ပံ့ပိုးကူညီနေပါတယ်။
    အခုလအတွင်းမှာ မာလာလာဟာ နိုဘယ်ဆုက ရရှိတဲ့ငွေနဲ့ သူမရဲ့ဇာတိ ဆွက်တောင်ကြားဒေသနဲ့ သိပ်မဝေးတဲ့ ရှန်ဂလာမှာ စာသင်ကျောင်းသစ်တစ်ခု ဆောက်လုပ်ပေးခဲ့ပါတယ်။
    ပါကစ္စန်ကို မာလာလာ ရောက်လာမှုအတွက် ကြိုဆိုကြောင်း ပါကစ္စတန်ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။
    ဒါပေမယ့် ပါကစ္စတန်က တစ်ချို့လူတွေ – အထူးသဖြင့် ဘာသာရေး ရှေးရိုးစွဲတွေက မာလာလာဟာ အနောက်နိုင်ငံတွေရဲ့ ကြိုးဆွဲရာကို ကနေသူ၊ နိုင်ငံရပ်ခြားမှာ နာမည်ကျော်ဖို့အတွက် တိုင်းပြည်ကို အပုပ်ချသူအဖြစ် ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
    Ref: Washington Post
  • နိုင်ငံတကာ ကျောင်းသားလူငယ် ပြိုင်ကားပြိုင်ပွဲတွင် ပါကစ္စတန် ကျောင်းသူအဖွဲ့ ၀င်ပြိုင်မည်
    နိုင်ငံတကာ ကျောင်းသားလူငယ် ပြိုင်ကားပြိုင်ပွဲတွင် ပါကစ္စတန် ကျောင်းသူအဖွဲ့ ၀င်ပြိုင်မည်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    – ကျောင်းသားအဆင့် နိုင်ငံတကာ ပြိုင်ကား တီထွင်မောင်းနှင်မှုပြိုင်ပွဲ International Formula Student မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါကစ္စတန်ကျောင်းသူအဖွဲ့တစ်ခုဟာ ပြိုင်ကားတစ်စီးကို တီထွင်ထုတ်လုပ်နေပါတယ်။
    အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ ပါကစ္စတန် အမျိုးသား သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကဖြစ်ပြီး စီးပွားရေးကနေ လျှပ်စစ်အင်ဂျင်နီယာအထိ မေဂျာအစုံ ပါဝင်ပါတယ်။
    International Formula Student ကားပြိုင်ပွဲကို အခုနှစ် ဇူလိုင်လ ယူကေက Silverstone ရဲ့ ကားပြိုင်ကွင်းမှာ ကျင်းပမှာပါ။
    ကျောင်းသူလေးတွေဟာ သူတို့ရဲ့ အဖွဲ့အမည်ကို Team Auj လို့ အမည်ပေးထားပြီး ‘တက်နိုင်ဖျားရောက်’ လို့ အဓိပ္ပါယ်ရပါတယ်။
    ပြိုင်ပွဲအတွက် စာရင်းပေးခဲ့ပြီးတဲ့နောက် ပြိုင်ပွဲမှာ အနိုင်ရအောင် အစွမ်းကုန်ကြိုးစားနေပြီး ပါကစ္စတန်အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို ကမ္ဘာသိအောင် ချပြချင်တယ်လို့လည်း သူတို့က ပြောပါတယ်။
    အဖွဲ့ရဲ့ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ၀ါရ်ဒါ ဂျမားလ်က သူတို့အဖွဲ့ဟာ ဒီပြိုင်ပွဲမှာ ပါကစ္စတန်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် ပထမဆုံး အမျိုးသမီးအဖွဲ့ဖြစ်ကြောင်း၊ သူတို့အဖွဲ့ ထုတ်လုပ်ထားတဲ့ ကားကို မောင်းနှင်မယ့် သူကလည်း အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    အမျိုးသားတွေသာလွှမ်းမိုးတဲ့ ပြိုင်ကားနယ်ပယ်မှာ ပါကစ္စတန် အမျိုးသမီးတွေ ပိုမိုပါဝင်လာရေး သူတို့အဖွဲ့က တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေပါတယ်။
    Ref: Alarabiya, The Express Tribune
  • သက်ငယ်မုဒိမ်းသမားကို ပါကစ္စတန်က သေဒဏ် ၄ ကြိမ်ချ
    သက်ငယ်မုဒိမ်းသမားကို ပါကစ္စတန်က သေဒဏ် ၄ ကြိမ်ချ
    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်မှာ လူထုအုံကြွမှုတွေဖြစ်ခဲ့တဲ့ ၇ နှစ်အရွယ်သမီးငယ် အဓမ္မပြုကျင့် သက်ဖြတ်မှုခံရမှုမှာ ကျူးလွန်သူကို တရားရုံးက သေဒဏ် ၄ ကြိမ် ချမှတ်လိုက်ပါတယ်။
    အင်မရန်းအလီလို့ခေါ်တဲ့ အဲဒီကျူးလွန်သူကို ကြိုးပေးကွပ်မျက်ဖို့ နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့က အကြမ်းဖက်တိုက်ဖျက်ရေး တရားရုံးမှာ ဒီကနေ့ အမိန့်ချမှတ်ခဲ့တာပါ။
    အသက် ၇ နှစ်အရွယ် ဇိုင်နပ်ဟာ ဒီဇင်ဘာနှောင်းပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် ဇန်န၀ါရီ ၉ ရက်နေ့က ပန်ဂျပ်ပြည်နယ် လာဟိုးမြို့အနီး ကာဆူရ်ဆိုတဲ့ ဒေသက အမှိုက်ပုံမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီအဖြစ်အပျက်ကြောင့် အစိုးရနဲ့ ရဲတပ်ဖွဲ့အပေါ် လူထုက မကျေနပ်မှုတွေ မြင့်တက်ခဲ့ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
    ကျူးလွန်သူ အင်မရန်းကို ၂ ပတ်အကြာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ လာဟိုးတစ်ဝိုက်မှာ အခြား မိန်းကလေးငယ်တွေကို အရင်ကလည်း အဓမ္မပြုကျင့် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    “တရားသူကြီးကို ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ်။ ဇိုင်နပ်ကို သူ့ရဲ့ သမီးအရင်းလို သဘောထားခဲ့တာပါ” လို့ ဇိုင်နပ်ရဲ့ဖခင် အေမင် အန်ဆာရီက ပြောကြားခဲ့ပါတယ်။
    အင်မရန်းဟာ စွဲချက်လေးခုအတွက် သေဒဏ်ကျခံရပေမယ့် ဇိုင်နပ်ရဲ့မိခင်က သူ့သမီးကွယ်လွန်တဲ့နေရာမှာ အင်မရန်းကို ၄ ကြိမ်တိတိ ကြိုးပေးကွပ်မျက်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သေဒဏ်အပြင် ဇိုင်နပ်ရဲ့ မိသားစုကို ပါကစ္စတန်ရူပီး ၁ သန်း နစ်နာကြေးပေးဖို့လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။
    ဇိုင်နပ် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဟာ ကာဆူရ်ဒေသမှာ တစ်နှစ်အတွင်း ၁၂ ခုမြောက် သက်ငယ် မုဒိမ်းမှုဖြစ်ပါတယ်။
    Ref : Aljazeera
  • ပါကစ္စတန်ရှိ ထိပ်တန်း လူ့အခွင့်အရေးလှုပ်ရှားသူ ကွယ်လွန်
    ပါကစ္စတန်ရှိ ထိပ်တန်း လူ့အခွင့်အရေးလှုပ်ရှားသူ ကွယ်လွန်
    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်ရှိ ထိပ်တန်း လူ့အခွင့်အရေးလှုပ်ရှားသူနှင့် ရှေ့နေတစ်ဦးဖြစ်သူ အသက် ၆၆ နှစ်အရွယ် အက်စ်မာ ဂျာဟန်ဂီရ်မှာ နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
    နှလုံးသွေးကြောပိတ်ရောဂါကြောင့် ယနေ့မနက်ပိုင်းက ဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ပြည်တွင်းသတင်းဌာနများက ဖော်ပြကြသည်။
    “တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခြိမ်းခြောက်ခံရတဲ့ အချိန်မှာတောင်မှ သူမဟာ ရဲရဲတောက်စကားတွေနဲ့ အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့သူပါ။ မိတ်ဆွေရင်းတွေ ဖြစ်တာကြောင့် ကျွန်မတို့ဟာ ဆွေးနွေးငြင်းခုံမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ၀ါနုသေးတဲ့ လူငယ်ဂျာနယ်လစ် ကျွန်မကို သူက လူ့အခွင့်အရေးနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ပါကစ္စတန်ရဲ့ အထက်မြတ်ဆုံးသူတွေထဲက တစ်ဦး အခုလို ကွယ်လွန်သွားမှုဟာ ကျွန်မတို့အတွက် တုန်လှုပ်စရာဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးအသိုင်းအ၀ိုင်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါပဲ” ဟု ပါကစ္စတန်လွှတ်တော်မှ အတိုက်အခံ လွှတ်တော်အမတ် ရှယ်ရီ ရဟ်မန်က ပြောကြားခဲ့သည်။
    အက်စ်မာ ဂျာဟန်ဂီရ်မှာ အမျိုးသမီးအခွင့်အရေး၊ လူနည်းစုများ ခွဲခြားခံရမှု တိုက်ဖျက်ရေးတို့ အပါအ၀င် လူ့အခွင့်အရေး ကိစ္စပေါင်းများစွာကို ဆောင်ရွက်မှုကြောင့် ပါကစ္စတန်နှင့် နိုင်ငံရပ်ခြားတွင်ပါ ထင်ရှားပြီး ပါကစ္စတန် တရားရုံးချုပ် ရှေ့နေများအသင်းတွင် ဥက္ကဌရာထူးရရှိခဲ့သည့် ပထမဆုံး အမျိုးသမီးလည်း ဖြစ်သည်။
    သူမမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ ထောင်သွင်းအကျဉ်းချခံရမှု၊ ရိုက်နှက်ခံရမှုတို့ကို အန်တုကာ ပါကစ္စတန် စစ်တပ်၊ ထောက်လှမ်းရေးနှင့် လက်နက်ကိုင်အုပ်စုများ၏ မသမာမှုများကို ဝေဖန် ဆန့်ကျင်ခဲ့သူဖြစ်သည်။
    အလုပ်သမားအရေး၊ ဘာသာ သာသနာညှိုးနွမ်းစေမှုကို ဗန်းပြကာ တိုက်ခိုက်မှုများ ဆန့်ကျင်ရေးကိုလည်း သူမက လှုပ်ရှားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စစ်အာဏာရှင် ပါဗက်ဇ် မူရှာရက်ဖ်၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။
    “လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အရဲရင့်ဆုံး သမီးတွေထဲကတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပါကစ္စတန်ဟာ ကြေကွဲနေတော့မှာပါ။ ပါကစ္စတန်မှာ အမျိုးသမီးအခွင့်အရေး ခိုင်ခိုင်မာမာရှိဖို့ ကြိုးစားမှုတစ်လျှောက်လုံးမှာ သူမဟာ အမှတ်ရစရာအဖြစ် ရှိနေမှာဖြစ်ပါတယ်” ဟု ပန်ဂျပ်ဝန်ကြီးချုပ် ရှဲဟ်ဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့သည်။
    ဂျာဟန်ဂီရ်ကို ထောက်ခံသူများ၊ လုပ်ဖော်ကိုင်ဖက်များကလည်း သူမကွယ်လွန်မှုအတွက် ၀မ်းနည်းကြေကွဲရကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ကြသည်။
    Ref: Aljazeera
  • ဘာသာရေးဗန်းပြ တိုက်ခိုက်မှုအတွက် လူ ၃၀ ကျော်ကို ပါကစ္စတန်က ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်
    ဘာသာရေးဗန်းပြ တိုက်ခိုက်မှုအတွက် လူ ၃၀ ကျော်ကို ပါကစ္စတန်က ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်
    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media
    သတ်ဖြတ်ခံခဲ့ရသည့် မာရှယ် ခန်း
    – ပြီးခဲ့တဲ့နှစ်မှာ တက္ကသိုလ်ကျောင်သားတစ်ဦးကို ဘာသာရေးစော်ကားတယ်ဆိုပြီး အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့သူတွေကို ပါကစ္စတန်က သေဒဏ်အပါအ၀င် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။
    အသက် ၂၃ နှစ်အရွယ် မာရှယ် ခန်းဆိုသူကို လူအုပ်က ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်း အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် ဘာသာရေးစော်ကားမှု ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်းမှာ တော်တော်လေး အုပ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။
    အဲဒီအဖြစ်အပျက်မှာ ပါဝင်တယ်လို့ သံသယရှိသူ ၆၁ ဦးအနက် ၅၇ ဦးအတွက် ဟာရီပူးရ်တရားရုံးက ဒီကနေ့မှာ ပြစ်ဒဏ်တွေ ချခဲ့တာပါ။
    တစ်ဦးကို သေဒဏ်၊ ၅ ဦးကို ထောင်ဒဏ် တစ်သက်၊ ၂၅ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး ၂၆ ဦးကို တရားသေ လွှတ်ပေးခဲ့ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်လို့ မကြာသေးခင်ကမှ ဖမ်းဆီးရမိခဲ့သူတစ်ယောက်ကို ရုံးမတင်ရသေးဘဲ၊ နောက်ထပ် သံသယရှိသူ ၃ ယောက်က ထွက်ပြေးလွတ်မြောက်နေဆဲပါ။
    ခန်းရဲ့ မိသားစုကတော့ ထွက်ပြေးလွတ်မြောက်နေသူတွေကို ဖမ်းဆီးဖို့ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲကို တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။
    ခန်းဟာ မြို့တော် အစ္စလာမ်မာဘတ် အနောက်ဖက်မှာရှိတဲ့ အဘ်ဒူလ် ၀လီခန်း တက္ကသိုလ်က ကျာင်းသားတစ်ဦးဖြစ်ပြီး ဘာသာရေးစော်ကားတယ်လို့ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းမှာ စွပ်စွဲခဲ့ရကာ ရက်အနည်းငယ်အကြာ သူနေတဲ့ အိပ်ဆောင်မှာ လူအုပ်ကြီးရဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
    ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ခန်းဟာ မှားယွင်းစွပ်စွဲခံရတာဖြစ်ပြီး အပြစ်မရှိဘူးလို့ ဇွန်လမှာ ထုတ်ပြန်ခဲ့ပါတယ်။
    ဘာသာရေးစော်ကားမှုဆိုတဲ့ကိစ္စဟာ ပါကစ္စတန်မှာ အထိခိုက်မခံတဲ့ ကိစ္စဖြစ်ပြီး အဲဒီစွဲချက်နဲ့ လူ ၄၀ ၀န်းကျင်လောက် သေဒဏ် ဒါမှတ်မဟုတ် ထောင်ဒဏ်တစ်သက် ချမှတ်ခြင်းတွေကို ခံထားရပါတယ်။
    ၁၉၉၀ ပြည့်နှစ်တွေကစလို့ ဒီလို စွပ်စွဲမှုနဲ့ လူအုပ်ကြီးရဲ့ ရိုက်နှက်သတ်ဖြတ်ခံရသူဟာ အနည်းဆုံး ၇၄ ယောက် ရှိခဲ့ပါတယ်။
    Ref: Aljazeera