News @ M-Media
Tag: Pakistan
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၆၊ ၂၀၁၈
    M-Media
    ပါကစ္စတန်မိုင်းတွင်း ပြိုကျမှု
    ပါကစ္စတန်မိုင်းတွင်းပေါက်ကွဲမှုကြောင့် ၁၆ ဦးသေဆုံး
    ============
    ပါကစ္စတန်နိုင်ငံက ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် မိုင်းတွင်း ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ ဘာလိုချစ္စတန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကတော့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်မိုင်းတွင်းတွေဟာ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ ညံ့ဖျင်းမှု၊ လေ၀င်လေထွက်မကောင်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ဇောလေ့ရှိပါတယ်။
    မန်ယူနည်းပြဟောင်း ဖာဂူဆန် ခွဲစိပ်ကုသမှု ခံယူရ
    =============
    မန်ယူရဲ့ ဂန္တ၀င်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ ဦးနှောက်မှာ သွေးခဲမှုကြောင့် မန့က အရေးပေါ် ခွဲစိပ်ကုသမှုတွေ လုပ်ခဲ့ရတယ်လို့ မန်ယူအသင်းက ကြေငြာခဲ့ပါတယ်။ ခွဲစိပ်မှုအောင်မြင်ခဲ့ပေမယ့် လက်ရှိ အထူးကြပ်မတ်ကုသဆောင်မှာ ဆက်လက်ကုသနေရပါတယ်။ အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ဖာဂူဆန်ဟာ မန်ယူအသင်းကို ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နည်းပြခဲ့ပြီး ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ FA ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။
    ယူထားသည့်ဒေတာများပြန်ပေးရန် Cambridge Analytica ကို ဗြိတိန်တရားရုံး အမိန့်ပေး
    ================
    Cambridge Analytica က ရယူထားတဲ့ အမေရိကန်မဲပေးသူတစ်ယောက်ရဲ့ အချက်အလက်တွေကို ပြန်ပေးဖို့အတွက် ယူကေ သတင်းအချက်အလက် မဟာမင်းကြီးရုံး (ICO) က သောကြာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ Cambridge Analytica ဟာ အမေရိကန်ပြည်သူ သန်းပေါင်း ၂၄၀ လောက်ရဲ့ အချက်အလက်တွေကို ရယူကာ ၂၀၁၆ ရွေးကောက်ပွဲမှာ အသုံးချခဲ့တာပါ။ ICO ရဲ့ အခုလိုဆုံးဖြတ်မှုဟာ အချက်အလက်ခိုးယူခံရတဲ့ ကျန်တဲ့သူတွေအတွက် လမ်းကြောင်းတစ်ခု ပေါ်လာတာဖြစ်ပါတယ်။ Cambridge Analytica နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ SCL Elections Ltd တို့က သူတို့ဟာ လုပ်ငန်းပိတ်သိမ်းဖို့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
    တိုင်းပြည်မျက်နှာကြည့်ဖို့ အမတ်လောင်းများကို မလေးဝန်ကြီးချုပ်ဟောင်းတိုက်တွန်း
    ==============
    မေလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတွေအနေနဲ့ အာဏာအတွက်မဟုတ်ဘဲ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့စိတ်ဓာတ် ထားရှိကြဖို့ မလေးဝန်ကြီးချုပ်ဟောင်း အဘ်ဒူလာ အဟ်မဒ် ဘာဒါဝီက သတိပေးလိုက်ပါတယ်။ ဘာဒါဝီဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပေမယ့် ၀န်ကြီးချုပ်ဟောင်း မဟာသီရဲ့ ဝေဖန်မှုကိုခံခဲ့ရသူပါ။ အဲဒီတုန်းက မဟာသီဟာ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို ထောက်ခံခဲ့ပြီး အခုအချိန်မှာတော့ နာဂျစ်ရဲ့ပြိုင်ဘက် ဖြစ်လာပါတယ်။
    Ref: Aljazeera, CNA
  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ
    ဧပြီ ၂၃၊ ၂၀၁၈
    M-Media
    ပါလက်စတိုင်းပညာရှင်အသတ်ခံရမှုတွင် သံသယရှိသူများ
    တောင်ကိုရီးယားက နယ်စပ်ရှိ ၀ါဒဖြန့်လုပ်ငန်းကို ရပ်ဆိုင်း
    =============
    မြောက်ကိုရီးယားနယ်စပ်မှာရှိတဲ့ ၀ါဒဖြန့်ချီရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ တောင်ကိုရီးယားက ဒီနေ့မှာ ကြေငြာလိုက်ပြီး သောကြာနေ့ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတဲ့အချိန် ငြိမ်းချမ်းတဲ့ အနေအထားတစ်ခုကို ဖန်တီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ မြောက်ကိုရီးယားကလည်း သူတို့ရဲ့ နျူနဲ့ လက်နက်စမ်းသပ်မှုတွေကိုရပ်ဆိုင်းကာ နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။ သောကြာနေ့ တွေ့ဆံ့ပွဲဟာ ၁၀ စုနှစ်တွေအတွင်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ပထမဆုံးတွေ့ဆုံပွဲ ဖြစ်ပါတယ်။
    ပါလက်စတိုင်းပညာရှင်အသတ်ခံရမှု သံသယရှိသူများ မလေးထုတ်ပြန်
    ==============
    စနေနေ့က ပါလက်စတိုင်းပညာရှင် ဖာဒီ မိုဟာမက် အလ်-ဘက်ရှ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေရဲ့ ဓာတ်ပုံတွေကို မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးသူရဲ့မိသားစုက ဒါဟာ အစ္စရေးထောက်လှမ်းရေးရဲ့ လက်ချက်ဖြစ်မယ်လို့ စွပ်စွဲထားပြီး မလေးရှားအာဏာပိုင်တွေလည်း နိုင်ငံခြားနဲ့ ဆက်နွယ်တဲ့သတ်ဖြတ်မှုလို့ ကောက်ချက်ချထားပါတယ်။
    စစ်တပ်၏တရားလက်လွတ်ပြုမှုများ ရပ်တန့်ရန် ပါကစ္စတန်တွင် ဆန္ဒပြ
    ==============
    ပက်ရှ်တွန်နဲ့ အခြားတိုင်းရင်းသားတွေ အခြေခံအခွင့်အရေး အပြည့်အ၀ရဖို့အတွက် ရည်ရွယ်ပြီး ပါကစ္စန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှာ မနေ့ကပြုလုပ်တဲ့ ဆန္ဒပြပွဲကို ပါကစ္စတန်ပြည်သူ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။ တာလီဘန်တွေကို တိုက်ခိုက်မှုအတွင်း ပက်ရှ်တွန်လူမျိုးတွေကို ပါကစ္စတန်စစ်တပ်က တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ရေး ဆန္ဒပြပွဲမှာ အဓိကထား တောင်းဆိုခဲ့ပါတယ်။
    အာဖဂန်မဲစာရင်းသွင်းရုံ တိုက်ခိုက်ခံရမှု သေဆုံးသူ ၆၀ ကျော်လာ
    =================
    မနေ့က အာဖန်မှာရှိတဲ့ မဲဆန္ဒရှင်များ စာရွင်းသွင်းရုံနှစ်ခု တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူဟာ ၆၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ မြို့တော်ကဘူးလ်က တိုက်ခိုက်မှုမှာ ၅၇ ဦးသေဆုံးပြီး၊ ဘဂ်လန် ပြည်နယ် ပူလ်ခွမ်ရီမြို့က တိုက်ခိုက်မှုမှာ ၆ ဦးသေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး IS က ဒါဟာ သူတို့လက်ချက်လို့ ကြေငြာခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • ပါကစ္စန်ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ် လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခွင့် ရာသက်ပန် ပိတ်ပင်ခံရ
    ပါကစ္စန်ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ် လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခွင့် ရာသက်ပန် ပိတ်ပင်ခံရ
    မတ် ၁၃၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်
    – ခြစားမှုများရှိသည်ဆိုသည့် စွပ်စွဲချက်များကြောင့် ပြီးခဲ့သည့်နှစ်တွင် ရာထူးမှ ထုတ်ပတ်ခံလိုက်ရသည့် ၀န်ကြီးချုပ်ဟောင်း နာဝဇ် ရှရှစ်ဖ်မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် သင့်တော်ခြင်းမရှိဟု ပါကစ္စတန်တရားရုံးချုပ်က ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။
    နာဝဇ် ရှရစ်ဖ်တွင် ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်၌ ရှိရမည့် ရိုသားမှုနှင့် ယုံကြည်စိတ်ချရမှုတို့ မရှိဟု တရားရုံးချုပ်၏ အဖွဲ့ဝင် ၅ ဦးပါ ခုံအဖွဲ့က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို ရာသက်ပန် ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။
    ပြီးခဲ့သည့်နှစ် ပနားမား ဥပဒေအကျိုးဆောင်အဖွဲ့မှ ပေါက်ကြားလာသည့် ခြစားမှုဆိုင်ရာ အချက်အလက်များ၊ ၎င်း၏သားပိုင်ဆိုင်သော ယူအေအီးအခြေစိုက် ကုမ္ပဏီမှရရှိသည့် လစာကို မကြေငြာမှုတို့ကြောင့် နာဝဇ်ရှရစ်ဖ်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ၀န်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
    ရှရစ်ဖ်က ၎င်းအနေဖြင့် ယူအေအီးကုမ္ပဏီမှ လစာယူခြင်း မရှိဘဲ လုပ်ငန်းဗီဇာ ရရှိရန်အတွက်သာ ရာထူးယူထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ တရားရုံးချုပ်ကမူ ၎င်းအနေဖြင့် လစာယူခြင်း၊ မယူခြင်းမှာ အရေးမကြီးဟု ဆုံးဖြတ်ခဲ့သည်။
    ပါကစ္စတန်မှာ ဇူလိုင်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
    Ref: Aljazeera
  • တာလီဘန်၏ သေနတ်ဖြင့်ပစ်ခံရသော ဆွက်တောင်ကြားသို့ မာလာလာ သွားရောက်လည်ပတ်
    တာလီဘန်၏ သေနတ်ဖြင့်ပစ်ခံရသော ဆွက်တောင်ကြားသို့ မာလာလာ သွားရောက်လည်ပတ်
    မတ် ၃၁၊ ၂၀၁၈
    M-Media
    ဆွက်တောင်ကြားသို့ ရော်ရှိလာသည့် မာလာလာ
    – ပါကစ္စတန်သို့ ရောက်ရှိနေသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ ယူစွဖ်ဇိုင်မှာ တာလီဘန်တို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် သူမ၏ဇာတိ ဆွက်တောင်ကြားသို့ ယနေ့မနက်တွင် သွားရောက်ခဲ့သည်ဟု သိရသည်။
    အစ္စလာမ်မာဘတ်မှ ဆွက်တောင်ကြားရှိ အဓိကမြို့ မင်ဂိုရာသို့ လေယာဉ်ဖြင့် ရောက်ရှိလာသည့် မာလာလာမှာ မိတ်ဆွေသူငယ်ချင်းများ၊ သူမ တက်ရောက်ခဲ့သည့် အလယ်တန်းကျောင်းမှ ဆရာများနှင့် တွေ့ဆုံခဲ့ပြီးနောက် အနီးအနားရှိ ကောလိပ်တစ်ခုတွင် ပြုလုပ်သော ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့သည်။
    ဆွက်တောင်ကြားမှာ တစ်ချိန်က တာလီဘန်တို့ ထိန်းချုပ်ခဲ့ရာဒေသ ဖြစ်သည်။
    ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ကျောင်းသို့သွားရောက်စဉ် မာလာလာမှာ တာလီဘန်တို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံရပြီးနောက်ပိုင်း ၅ နှစ်ခွဲအကြာ မာလာလာမှာ ပထမဆုံးအကြိမ် ပါကစ္စတန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
    ဒဏ်ရာများကို ကုသရန် ဗြိတိန်တွင်သွားရောက်နေထိုင်ခဲ့သည့် မာလာလာမှာ ၂၀၁၄ ခုနှစ်တွင် အိန္ဒိယမှ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုင်လာရှ် ဆက်ယာသီနှင့်အတူ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်လာခဲ့သည်။
    မာလာလာမှာ ဒဏ်ရာမှ သက်သာလာပြီးနောက် ကမ္ဘာတစ်ဝှမ်း အမျိုးသမီးများ ပညာသင်ခွင့်ရရေးအတွက် ဆောင်ရွက်ခဲ့ပြီး ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ကာ ပါကစ္စတန်၊ နိုက်ဂျီးရီယား၊ ကင်ညာ၊ လက်ဘနွန်နှင့် အခြားနိုင်ငံများတွင် ချို့တဲ့သူများအား ပညာရေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်နေသည်။
    Ref : Aljazeera
  • ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်တစ်မျိုးကို ပါကစ္စတန် စမ်းသပ်အောင်မြင်
    ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်တစ်မျိုးကို ပါကစ္စတန် စမ်းသပ်အောင်မြင်
    မတ် ၃၀၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်နိုင်ငံမှာ ကီလိုမီတာ ၄၅၀ အထိ ရောက်ရှိနိုင်ပြီး ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသည့် ခရုဇ်ဒုံးကျည် Babur ကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု သိရသည်။
    ပြည်တွင်း၌ထုတ်လုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်ကို ရေအောက်တွင် ရွေ့လျားနေသည့် အရာတစ်ခုပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်နှုန်းများအတိုင်း ပျံသန်းသွားကာ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်၏ မီဒီယာတစ်ခုဖြစ်သော ISPR က ဖော်ပြခဲ့သည်။
    “SLCM Babur ဟာ ဘယ်လို ၀န်ချိန်မျိုးကိုမဆို တင်ဆောင်သွားလို့ရပြီး ရေအာက်တွန်းကန်အား ထိန်းချုပ်စနစ်၊ အဆင့်မြင့် ပဲ့ထိန်းစနစ်နဲ့ လမ်းကြောင်းရှာ လုပ်ဆောင်ချက်တွေအပါအ၀င် နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားတဲ့ ဒုံးကျည်ဖြစ်ပါတယ်”
    ထို့ပြင် အဆိုပါဒုံးကျည်မှာ ပါကစ္စတန်၏ တုန့်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်မှု၊ မိမိကိုယ်ကို အားကိုးမှု ပေါ်လစီဖြင့် ကာကွယ်ရေးစွမ်းအင် မြှင့်တင်ရာတွင် ယခုတိုးတက်မှုက ခြေလှမ်းတစ်ခု ဖြစ်မည်ဟုလည်း ISPR က ထည့်သွင်းဖော်ပြခဲ့သည်။
    ပါကစ္စတန်သမ္မတနှင့် ၀န်ကြီးချုပ်တို့က ဒုံးကျည်တီထွင်မှုတွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် အခြားသူများကို ကျေးဇူးင်ကြောင်း ပြောကြားခဲ့သည်။
    Ref: Arab News