News @ M-Media
Tag: Pakistan
  • တရားရေးဝန်ကြီး နှုတ်ထွက်ပြီးနောက် ပါကစ္စတန်တွင် တင်းမာမှု အဆုံးသတ်
    တရားရေးဝန်ကြီး နှုတ်ထွက်ပြီးနောက် ပါကစ္စတန်တွင် တင်းမာမှု အဆုံးသတ်
    နိုဝင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    နှုတ်ထွက်သွားခဲ့သည့် ပါကစ္စတန် တရားရေးဝန်ကြီး ဇာဟစ် ဟာမစ်
    – လွှတ်တော်အမတ်များ ကျမ်းကျိန်မည့် စာအုပ်တွင် စာကားလုံးအပြောင်းအလဲလုပ်မှုကြောင့် ဆန္ဒပြခံနေရသည့် ပါကစ္စတန် တရားရေးဝန်ကြီး ဇာဟစ် ဟာမစ်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး အစိုးရနှင့် ပြည်သူလူထုကြား တင်းမာမှုမှာလည်း အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
    ထိုကိစ္စမှာ သာသနာကို ညှိုးနွမ်းအောင်လုပ်သည်ဟု ဆိုကာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် ပြည်သူများမှာ ယခုလ အစောပိုင်းကစ၍ မြို့တော် အစ္စလာမ်မာဘတ်ရှိ အဝေးပြေးလမ်းမများပေါ်တွင် ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် စနေနေ့က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများကြောင့် အနည်
းဆုံး လူ ၅ ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင် အများစုအပါအ၀င် ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
    အစိုရနှင့် ဆန္ဒပြကိုယ်စားလှယ်များကြား ယမန်နေ့က ရရှိသည့် သဘောတူညီချက်တွင် တရားရေးဝန်ကြီး နှုတ်ထွက်ပေးရေး၊ နိုဝင်ဘာ ၈ ရက် သပိတ်စတင်သည့်အချိန်မှစ၍ ဖမ်းဆီးထားသူများအား ၃ ရက်အတွင်း ပြန်လွှတ်ပေးရေး၊ ဆန္ဒပြမှုအတွင်း ပျက်ဆီးသွားသည့် ပြည်သူပိုင် အဆောက်အဦးများ၊ တစ်ဦးချင်ပိုင် အေ
    ဆာက်အဦးများအတွက် အစိုးရက လျော်ကြေးပေးရေးတို့ ပါဝင်သည်။
    စနေနေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့၏ နှိမ်နှင်းမှုနှင့် ပတ်သက်၍ အစိုးရက စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြသည်။
    ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် TLP ပါတီခေါင်းဆောင် ရစ်ဇ်ဗီက ၀န်ကြီး ဟာမစ်အား ဘာသာရေးအရ ၀ိုင်းကျဉ်သည့် ဓမ္မသတ်မျိုး ထုတ်ပြန်ခြင်းမပြုရန် သဘောတူခဲ့သည်။
    ပါကစ္စတန်တွင် သာသနာ ညှိုးနွမ်းစေသည့် ကိစ္စမှာ အထိအခိုက်မခံသော ကိစ္စမျိုးဖြစ်ပြီး ထိုကဲ့သို့ စွပ်စွဲမှုများကြောင့် တိုက်ခိုက်မှုများ၊ လူအုပ်ဖြင့် အကြမ်းဖက်မှုများလည်း မကြာခင် ဖြစ်ပွားလေ့ရှိသည်။
    Ref: Aljazeera
  • သာသနာညှိုးနွမ်းမှုဥပဒေ ပယ်ဖျက်ရေး ဆန္ဒပြမှု ပါကစ္စတန်တွင် အရှိန်မြင့်
    သာသနာညှိုးနွမ်းမှုဥပဒေ ပယ်ဖျက်ရေး ဆန္ဒပြမှု ပါကစ္စတန်တွင် အရှိန်မြင့်
    နိုဝင်ဘာ ၂၆၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်နိုင်ငံတွင် သာသနာညှိုးနွမ်းစေမှု ဥပဒေအား ပယ်ဖျက်ရေး ဆန္ဒပြမှုများမှာ အရှိန်မြင့်လာခဲ့ပြီး အစိုးရက တားဆီးရန် စစ်တပ်အား အကူအညီတောင်းရသည်အထိ ဖြစ်လာခဲ့သည်ဟု သိရသည်။
    ထောင်ပေါင်းများစွာသော ဆန္ဒပြသူများမှာ ယမန်နေ့အထိ မြို့တော် အစ္စလာမ်မာဘတ်၏ အဓိက အဝေးပြေးလမ်းမများကို ပိတ်ဆို့ထားသည်။
    နိုဝင်ဘာ ၈ ရက်နေ့က စတင်ခဲ့သည့် အဆိုပါဆန္ဒပြမှုမှာ တစ်ဖြည်းဖြည်းဖြင့် အရှိန်မြင့်လာခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်ဆံများ၊ မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် လူစုခွဲရန် ကြိုးစားခဲ့သည်။ ဆန္ဒပြသူများကလည်း ခဲများ၊ သံချောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး
    ၅ ဦးသေဆုံးကာ ၂၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။
    အစိုးရက အခြေအနေအား ထိန်းသိမ်းပေးရန် စစ်တပ်ကို အကူအညီတောင်းခဲ့သော်လည်း လက်ရှိအချိန်အထိ စစ်တပ်က ကူညီခြင်း မရှိသေးပေ။
    ဆန္ဒပြသူများက နိုင်ငံအတွင်း ပြဿနာများကို ဖြစ်ပွားစေသည့် သာသနာညှိုးနွမ်းစေမှု ဥပဒေကို ပယ်ဖျက်ရန်နှင့် တရားရေးဝန်ကြီးနှုတ်ထွက်ရန် အဓိကထား တောင်းဆိုနေပြီး အစ္စလာမ်မာဘတ်အပြင် အခြားသော မြို့များတွင်လည်း ထိုကိစ္စအတွက် အသေးစား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
    Ref: Aljazeera
  • ၀န်ကြီးချုပ်ဟောင်းမိသားစုကို ခြစားမှုဖြင့် ပါကစ္စတန် တရားစွဲ
    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media
    – Panama Papers တွင် ဖော်ပြထားသည့် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ပက်သက်နေသည့်အတွက် ၀န်ကြီးချုပ်ဟောင်း န၀ဇ် ရှရစ်ဖ်ကို ပါကစ္စတန် ခြစားမှုတိုက်ဖျက်ရေး အဖွဲ့က ယမန်နေ့တွင် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခဲ့သည်ဟု သိရသည်။
    လန်ဒန်ရှိ အဆောက်အဦးများ ပိုင်ဆိုင်ထားမှုနှင့် ဆက်နွယ်၍ ရှရစ်ဖ်နှင့် ၎င်း၏ သမီးဖြစ်သူတို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်းမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရဖွယ် ရှိနေသည်။
    ရှရစ်ဖ်နှင့် ၎င်း၏ သမီး မရ်ယမ်၊ သားမက် မိုဟာမက် ဆက်ဖ်ဒါးရ်တို့ပါ ယမန်နေ့တွင် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကမူ အပြစ်မရှိဟု လျှောက်လှဲခဲ့သည်။ ရုံးတော်သို့ မရ်ယမ်နှင့် ဆက်ဖ်ဒါရ်တို့နှစ်ဦးက ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ရှရစ်ဖ်က ဗြိတိန်တွင် ကင်ဆာကုသမှုခံယူနေသည့် ဇနီးသည်အား ပြုစုနေရသဖြင့် ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ခဲ့သည်။
    မရ်ယမ်က စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု ငြင်းဆိုခဲ့ပြီး ဖခင်ဖြစ်သူမှာ ပါကစ္စတန်သို့ပြန်လာ၍ ထိုကိစ္စကို သိတ္တိရှိရှိ ရင်ဆိုင်သွားမည်ဟု တရားရုံးတွင် ပြောကြားခဲ့သည်။
    ရရှစ်ဖ်မှာ အာမခံရထားပြီးဖြစ်သောကြောင့် ပါကစ္စတန်သို့ ပြန်လာလျှင် ဖမ်းဆီးခံရမည်မဟုတ်ပေ။
    Ref : Aljazeera
  • လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်နေသည့် နိုင်ငံရေးပါတီကို ပါကစ္စတန် မှတ်ပုံတင်ခွင့်မပေး
    လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်နေသည့် နိုင်ငံရေးပါတီကို ပါကစ္စတန် မှတ်ပုံတင်ခွင့်မပေး
    အောက်တိုဘာ ၁၃၊ ၂၀၁၇
    M-Media
    – လက်နက်ကိုင်အုပ်စုဖြစ်သည့် လက်ခ်ရှာရီတိုင်ဘာ (LeT) အဖွဲ့နှင့် ဆက်နွယ်နေသည်ဟု ပြောကြားမှုများကြောင့် ပါကစ္စတန်မှာ နိုင်ငံရေးပါတီသစ် မီလီမွတ်စလင်လိဂ် (MML) ၏ မှတ်ပုံတင်မှုကို ပယ်ချခဲ့သည်ဟု သိရသည်။
    ရွေးကောက်ပွဲ ကော်မရှင်နာမင်းကြီး မိုဟာမက် ရာဇာဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦး ပါဝင်သည့်အဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပယ်ချခဲ့ခြင်းဖြစ်သည်ဟု MML ပါတီ ပြောရေးဆိုခွင့်ရှိသူ တာဘစ်ရှ် ကိုင်ယွမ်က ပြောကြားခဲ့ပြီး ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အထက်တရားရုံးကို တိုင်ကြားသွားမည်ဟု ဆိုသည်။
    MML ပါတီသည် UN နှင့် US က နိုင်ငံတကာ အကြမ်းဖက်ဆန့်ကျင်ရေးပိတ်ဆို့မှု ပြုလုပ်ထားသော  LeT နှင့် ဆက်နွယ်နေသည့် Jamaat-ud-Dawa (JuD) နှင့် Foundation (FIF) ပရဟိတအဖွဲ့များနှင့် ပတ်သက်မှုရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ အကြံပြုစာကို အခြေခံကာ ကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    ကုလသမဂ္ဂ၏ကြေညာချက်အရ JuD နှင့် FIF တို့သည် ကရှ်မီးယားတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကို လက်နက်ကိုင်တိုက်ခိုက်နေသည့် LeT ၏ ထောက်ပံ့ရေးအဖွဲ့များ ဖြစ်သည်ဟု သိရသည်။ LeT မှာ လူ ၁၆၆ ဦးသေဆုံးခဲ့သော ၂၀၁၂ ခုနှစ် မွန်ဘိုင်းတိုက်ခိုက်မှုတွင် ပါဝင်သည်ဟုလည်း စွပ်စွဲခံထားရသည်။
    ပြီးခဲ့သည့်နှစ် သြဂုတ်လက ဖွဲ့စည်းခဲ့သည့် MML ပါတီမှ တာဝန်ရှိသူများက JuD အဖွဲ့နှင့် အယူအဆပိုင်းဆိုင်ရာတွင် တူညီသော်လည်း မူဝါဒပိုင်းဆိုင်ရာတွင် မတူညီဟု ပြောကြားခဲ့သည်။
    Ref : Aljazeera
  • ပါကစ္စတန်မှ အသက် ၁၇ နှစ်အရွယ်လူငယ် ရူပဗေဒနယ်ပယ်တွင် သမိုင်းသစ်ရေးထိုး
    ပါကစ္စတန်မှ အသက် ၁၇ နှစ်အရွယ်လူငယ် ရူပဗေဒနယ်ပယ်တွင် သမိုင်းသစ်ရေးထိုး
    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်က အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ ရူပဗေဒနယ်ပယ်က ‘လျှပ်စစ်ပျားသလပ်’ (electric honeycomb) အယူအဆကို ပထမဆုံး လက်တွေ့ဖော်ထုတ်ပြသနိုင်ခဲ့ပြီး သိပ္ပံပညာရှင်တစ်ဦးအဖြစ် စာရင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
    မိုဟာမက် ရှာဟီရ် နီယာဇီဆိုတဲ့ အဲဒီလူငယ်လေးဟာ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။
    အဆီလွှာထဲမှာ တစ်ဖက်က electrode အချွန်၊ နောက်တစ်ဖက် electrode အပြားကို ထည့်ပြီး လျှပ်စစ်လွှတ်မယ်ဆိုရင် ဆီမျက်နှာပြင်မှာ မတည်မငြိမ်ဖြစ်ပြီး ပျားသလပ်လို လှပတဲ့ အကွက်လေးတွေ ဖြစ်လာတယ်ဆိုတဲ့ အယူအဆဟာ ရူပဗေဒနယ်ပယ်မှာ ဆယ်စုနှစ်နဲ့ချီ ရှိခဲ့တာပါ။
    ရှာဟီရ်ဟာ ဒီလို လျှပ်စစ်ပျားသလပ်ဖြစ်စေတဲ့ အိုင်းယွန်းတွေလှုပ်ရှားမှုကို လက်တွေ့ ဖော်ထုတ်ကာ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး၊ ဆီမျက်နှာပြင်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ အပူတွေကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုမျိုးကို ရူပဗေဒနယ်ပယ်မှာ သူက ပထမဆုံး လုပ်နိုင်တာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ် ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘နိုင်ငံတကာ လူငယ် ရူပဗေဒရှင်များ ပြိုင်ပွဲ’ မှာ သူငယ်ချင်း ၄ ယောက်နဲ့အတူ ပါကစ္စတန်ကိုယ်စားပြု ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်စဉ် ‘လျှပ်စစ်ပျားသလပ်’ (electric honeycomb) အယူအဆပေါ် စိတ်ဝင်စားခဲ့တာ ဖြစ်တယ်လို့ ရှာဟီရ်က ဆိုပါတယ်။
    တစ်နှစ်ကြာ သုတေသနပြုလုပ်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ဖော်ထုတ်နိုင်မှုကို ရှာဟီက သြဇာကြီးတဲ့ Royal Society Open Science သိပ္ပံဂျာနယ်ကို ပေးပို့ခဲ့ပြီး ၁၇ နှစ်မပြည့်ခင် ရက်ပိုင်းအလို ပြီးခဲ့တဲ့လမှာ သူ့ရဲ့ သုတေသနကို လက်ခံကြောင်း အကြောင်းပြန်စာ ရရှိခဲ့ပါတယ်။
    ရှာဟီရ်ရဲ့ ဒီတွေ့ရှိမှုကနေ ဇီဝဆေးဝါးနဲ့ ပုံနှိပ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် နည်းပညာတွေ ပေါ်ထွက်လာဖို့အတွက် အင်ဂျင်နီယာတွေက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
    ရှာဟီရ်ဟာ ငယ်ငယ်ကတည်းက စူးစမ်းလေ့လာမှုကို ၀ါသနာထုံခဲ့ပြီး အသက် ၁၁ နှစ်အရွယ်မှာပဲ အွန်လိုင်းက ရူပဗေဒ သင်ကြားပို့ချမှုတွေကိုလေ့လာခဲ့ကာ ရည်မှန်းချက် မြင့်မြင့်မားမားထားသူလည်း ဖြစ်ပါတယ်။
    “ပါကစ္စတန်အတွက် နောက်ထပ် နိုင်ဘယ်ဆုရှင်တစ်ဦး ကျွန်တော် ဖြစ်ချင်ပါတယ်။ အိုက်ဇက် နယူတန်ဟာ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး စာတမ်းကို ပုံနှိပ်ခဲ့ပါတယ်။ ကျွန်တော်က အသက် ၁၆ နှစ်မှာ သိပ္ပံဆိုရာ အသိအမှတ်ပြုစာ ရရှိခဲ့ပါတယ်” လို့ ရှာဟီရ်က ပြောကြားခဲ့ပါတယ်။
    Ref: BBC