News @ M-Media

Tag: Pakistan

  • အိန္ဒိယ၏ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦး သေဆုံးဟု ပါကစ္စတန်ပြော

    အိန္ဒိယ၏ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦး သေဆုံးဟု ပါကစ္စတန်ပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်တပ်က နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကြောင့် မိမိတို့စစ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားလိုက်သည်။

    ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားရှိ ရက်ခ်ချီကရီဒေသတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားစစ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    မိမိတို့ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ ရာဂျူရီဒေသတွင် ပါကစ္စတန်က ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး စနေနေ့က သေဆုံးခဲ့သည်ဟု အိန္ဒိယက ပြောကြားခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသကြောင့် ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်က အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုထားသော်လည်း ထိန်းချုပ်နယ်မြေ ဟိုဘက်ဒီဘက်ကို ကျော်၍ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယက မိမိတို့ထိန်းချုပ်နယ်မြေကိုကျော်ကာ အကြိမ်ပေါင်း ၁၃၀၀ ကျော် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး အရပ်သား ၅၄ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အိန္ဒိယကလည်း ယခုနှစ်အတွင်း ပါကစ္စတန်မှာ အပစ်ရပ်ရေးကို ၇၂၄ ကြိမ် ချိုးဖောက်ခဲ့ပြီး အရပ်သား ၁၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    ၎င်းတို့နှစ်နိုင်ငံမှာ ယခင်ကလည်း ထိုကဲ့သို့ အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့သည်။

    Ref: Aljazeera

     

  • IS ရန်ကြောင့် ခရစ်ယာန်နှင့် ဟိန္ဒူဘုရားကျာင်းများတွင် ပါကစ္စတန် လုံခြုံရေးတိုးမြှင့်

    IS ရန်ကြောင့် ခရစ်ယာန်နှင့် ဟိန္ဒူဘုရားကျာင်းများတွင် ပါကစ္စတန် လုံခြုံရေးတိုးမြှင့်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    ယမန်နေ့က တိုက်ခိုက်ခံခဲ့ရသည့် မက်သဒစ် ခရစ်ယာန်ဘုရားကျောင်း

    – နိုင်ငံအနောက်တောင်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ ပါကစ္စတန်က နိုင်ငံတစ်ဝှမ်းမှာ ရှိနေတဲ့ လူနည်းစုတွေရဲ့ ၀တ်ပြုရာနေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါတယ်။

    ဘာလိုချစ္စတန်ပြည်နယ် ကွက်တာမြို့က မက်သဒစ် ခရစ်ယာန်ဘုရားကျောင်းမှာ မနေ့က လူပေါင်း ၄၀၀ လောက် ၀တ်ပြုဆုတောင်းဖို့ ရောက်ရှိနေတဲ့အချိန် IS အကြမ်းဖက်အဖွဲ့ဝင် နှစ်ဦးက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ ဦးသေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    “အကြမ်းဖက်သမားတွေအပေါ် ရှင်းလင်းမှုကို ကျွန်တော်တို့ တွန့်ဆုတ်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဒီလို သရဲဘောကြောင်တဲ့ တိုက်ခိုက်မှုမျိုးတွေက ကျွန်တော်တို့ကို ကြောက်စိတ်ဝင်စေမှာ မဟုတ်ပါဘူး” လို့ ပြည်နယ်ဝန်ကြီးချုပ် ဆာနာအွလ္လာ ဇဟ်ရီက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေ မိသားစုဝင်တွေကို အစိုးရက နစ်နာကြေး ရူပီး ၁၀ သိန်း၊ ဒဏ်ရာရသူတွေကို ၅ သိန်း ပေးသွားမယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် ရှာဟစ်ဖ် ခါကန်နဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာရ် ဂျာဗဒ် ဘဂ်ျဝါတို့ကလည်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ရှုတ်ချကာ သေဆုံးသွားသူတွေအတွက် ၀မ်းနည်းဖွယ်အခမ်းအနားကို ပါကစ္စတန်နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ခဲ့ကြပြီး ခရစ်ယာန်နဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေက ၀တ်ပြုဆုတောင်းပေးခဲ့ကြပါတယ်။

    လက်ရှိမှာ ဘာလိုချစ္စတန်နဲ့ ဆင်းဒ်ပြည်နယ်တို့အပါအ၀င် နိုင်ငံတစ်ဝှမ်းက ဘာသာရေးလူနည်းစုတွေရဲ့ ၀တ်ပြုရာနေရာတွေဖြစ်တဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ အစိုးရက လက်နက်ကိုင် လုံခြုံရေး အစောင့်အကြပ်တွေကို တိုးမြှင့်ချထားလိုက်ပြီး၊ စောင့်ကြည့်ကင်မရာ တပ်ဆင်တာမျိုးလို လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

    ဟိန္ဒူဘုရားကျောင်း ၇၀၃ ခု၊ ခရစ်ယာန်ဘုရားကျောင်း ၅၂၃ ခုရှိတဲ့ ဆင်းပြည်နယ်တစ်ခုထဲမှာပဲ ဒီလို လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုအတွက် ရူပီး သန်း ၄၀၀ လောက် သုံးစွဲသွားမယ်လို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီး ဆိုဟေးလ် အန်ဝါရ် ဆီယဲလ်က ပြောကြားခဲ့ပါတယ်။

    တနင်္ဂနွေနေ့က တိုက်ခိုက်မှုကို နိုင်ငံအတွင်းက ဘာသာရေးခေါင်ဆောင်တွေ၊ နိုင်ငံရေးသမားတွေက ရှုတ်ချခဲ့ကြပြီး ဒီလိုနည်းလမ်းနဲ့ ပါကစ္စတန်ပြည်သူတွေကို သွေးကွဲအောင် ပြုလုပ်လို့ ရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အစိုးရအနေနဲ့ လူနည်းစုတွေကို ပိုမိုကာကွယ်ပေးဖို့အတွက်လည်း တောင်းဆိုခဲ့ပါတယ်။

    Ref: Pakistan Today, Nation,

     

  • ပါကစ္စတန်ခရစ်ယာန်ဘုရာကျောင်းတွင် အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး

    ပါကစ္စတန်ခရစ်ယာန်ဘုရာကျောင်းတွင် အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြသူများ

    – ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ကွက်တာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ယနေ့နေ့လည်ပိုင်းက အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Bethel Memorial Methodist ဘုရားကျောင်းဖြစ်ပြီး တိုက်ခိုက်ရေးသမားတစ်ဦးမှာ ဘုရားကျောင်း ဂိတ်ပေါက်ဝတွင် အသေခံဗုံးခွဲကာ အခြားတစ်ဦးမှာ ၀တ်ပြုရန်လာသူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    လုံခြုံရေးတပ်ဖွဲ့များမှာ ဒုတိယသေနတ်သမားကို သုတ်သင်နိုင်ခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ မိုအာဇမ် ဂျာဟ် အန်ဆာရီက ပြောကြားခဲ့သည်။

    “ဘုရားကျောင်းရဲ့ ပရ၀ုဏ်အတွင်းကို ကျွန်တော်တို့ ချက်ခြင်း ရှင်းလင်းနိုင်ခဲ့ပြီး လက်ရှိမှာ ပတ်ဝန်းကျင်ကို လိုက်လံရှင်းလင်းနေပါတယ်”

    တိုက်ခိုက်မှုဖြစ်ပွားစဉ်တွင် ဘုရားကျောင်းအတွင်း ၀တ်ပြုသူပေါင်း အနည်းဆုံး ၂၀၀ ကျော်ရှိနေပြီး ဒဏ်ရာရရှိသူများမှာ ၃၃ ဦးရှိသည်ဟု မြို့တွင်းရှိ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ကွက်တာမြို့ရှိရာ ဘာလိုချစ္စတန်ဒေသ၌ လတ်တတောတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး တာလီဘန်နှင့် မဟာမိတ်ပြုထားသည့် အဖွဲ့များ၊ ခွဲထွက်ရေးသမားများက ပြုလုပ်ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်လကလည်း စစ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုတစ်ခု ကွက်တာမြို့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    ယခုလ အစောပိုင်းက အကြီးတန်းရဲအရာရှိတစ်ဦး တိုက်ခိုက်သတ်ဖြတ်ခံရပြီး၊ အောက်တိုဘာလက လမ်းဘေးဗုံးခွဲမှုအတွင် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည်။

    ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကို မသိရှိရသေးပေ။

    Ref: Aljazeera

  • ဇီယာ ချစ်ရှ်တီ (သို့မဟုတ်) အမေရိကန်မှာ အောင်မြင်နေတဲ့ ပါကစ္စတန်အမျိုးသမီး

    ဇီယာ ချစ်ရှ်တီ (သို့မဟုတ်) အမေရိကန်မှာ အောင်မြင်နေတဲ့ ပါကစ္စတန်အမျိုးသမီး

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်ဖခင် အမေရိကန်မိခင်ကနေ ပါကစ္စတန်မှာမွေးဖွားခဲ့တဲ့ ဇီယာ ချစ်ရှ်တီဟာ ဒီကနေ့မှာတော့ ကန်ဒေါ်လာ ၂ ဘီလီယံရှိတဲ့ ကုမ္ပဏီတွေကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေပါပြီ။

    “ပါစ္စတန်မှာ အထက်တန်းကျောင်းပြီးကတည်းက ကျွန်မဟာ စီးပွားရေးသမားတစ်ယောက် ဖြစ်လာတော့မယ်ဆိုတာ အလိုလို သိခဲ့ပါတယ်။ ဒါပေမယ့် အမေက အမေရိကန်ကိုပြန်ပြီး ကျောင်းဆက်တက်ရမယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ၁၉၈၈ ခုနှစ်မှာ ပြန်ခဲ့ပြီး နယူးယောက်မှာ ကောလိပ်တက်ခဲ့ပါတယ်” လို့ ချစ်ရှ်တီက
    ဖခင်ကွယ်လွန်ပြီးခဲ့နောက် သူမရဲ့ အမေရိကန်ခရီးစဉ်အစကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

    ကိုလံဘီယာ တက္ကသိုလ်ကနေ ဘီအေဘွဲ့၊ စတမ်းဖို့ဒ်တက္ကသိုလ်ကနေ မဟာဘွဲ့ ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူမဟာ Morgan Stanley မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

    Align Technology လို့ခေါ်တဲ့ စောင်းနေတာတွေကို ပြန်လည်တည့်မတ်တဲ့ နည်းပညာကို စိတ်ဝင်စားခဲ့ပြီး အသက် ၂၀ ကျော်အရွယ်မှာ ခံစားခဲ့ရတဲ့ သွားမညီမညာဖြစ်မှုကို သူမကို ဒီနယ်ပယ်ထဲကို ခြေချဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ သွားဘက်ဆိုင်ရာ ကုထုံးမှာ နောက်ဆုံးပေါ် နည်းပညာတွေကို တီထွင်ဖော်ထုတ်ပေးတဲ့ ကုမ္ပဏီ Afiniti ကို ချစ်ရှ်တီတစ်ယောက် တည်ထောင်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ဈေးကွက်မှာ သူမရဲ့ ကုမ္ပဏီဟာ အချိန်တိုတိုအတွင်းမှာ ဒေါ်လာဘီလီယံချီ တန်ဖိုးတက်ခဲ့ပါတယ်။

    ဒီလို အောင်မြင်မှုတွေကြောင့် ချစ်ရှ်တီဟာ People မဂ္ဂဇင်းရဲ့ အမေရိကန်မှာ အအောင်ဆုံးမြင်ဆုံး လူ ၅၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

    လက်ရှိမှာတော့ သူမအနေနဲ့ အမေရိကန်တင်မကဘဲ ပါကစ္စတန်မှာပဲ လုပ်ငန်းတွေ ချဲ့ထွင်နိုင်နေပါပြီ။

    Ref: Alarabiya

  • တာလီဘန်က နီကာ့ဘ်ဖြင့် ရုပ်ဖျက်ကာ ပါကစ္စတန် စိုက်ပျိုးရေးတက္ကသိုလ်ကို ၀င်ရောက်တိုက်ခိုက်

    တာလီဘန်က နီကာ့ဘ်ဖြင့် ရုပ်ဖျက်ကာ ပါကစ္စတန် စိုက်ပျိုးရေးတက္ကသိုလ်ကို ၀င်ရောက်တိုက်ခိုက်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ပက်ရှ်ဝါရ်မြို့ရှိ စိုက်ပျိုးရေးတက္ကသိုလ်ကို မျက်နှာအုပ်ထားသည့် နီကာ့ဘ်ဝတ်ရုံဖြင့် ရုပ်ဖျက်ထားသည့် သေနတ်သမားများက ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    သေနတ်သမားများမှာ ယနေ့မနက်ပိုင်းတွင် သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်ကာ တက္ကသိုလ်ပရ၀ုဏ်အတွင်း ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    တာလီဘန်ကမူ ၎င်းတို့လက်ချက်ဟု ကြေငြာခဲ့ပြီး တက္ကသိုလ်အား မရည်ရွယ်ဘဲ ထိုဒေသရှိ ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ (ISI) ၏ အဆောက်အဦးတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    တိုက်ခိုက်မှုအတွင်း ကျောင်းသား ၆ ဦး၊ အပြင်လူ ၅ ဦးနှင့်တိုက်ခိုက်ရေးသမား ၄ ဦးတို့ သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
    သေနတ်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှု ၂ နာရီကြာ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များမှာ တက္ကသိုလ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
    အဆိုပါတက္ကသိုလ်တွင် ပုံမှန်အားဖြင့် ကျောင်းသား ၄၀၀ ခန့် တက်ရောက်ပညာသင်ကြားနေသော်လည်း ယနေ့မှာ တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ် ရုံးပိတ်ရက်ဖြစ်သောကြောင့် တက္ကသိုလ်တွင် ကျောင်းသား ၁၅၀ ခန့်သာ ရှိခဲ့သည်။ Ref : Aljazeera