News @ M-Media

Tag: Pakistan

  • ကက်ရှ်မီးယားတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့ တိုက်ပွဲဖြစ်

    ကက်ရှ်မီးယားတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့ တိုက်ပွဲဖြစ်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသတွင် နယ်စပ်ဖြတ်ကျော် တိုက်ပွဲကြောင့် အရာရှိတစ်ဦးအပါအ၀င် အိန္ဒိယစစ်သား ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ညနေပိုင်းတွင် ဂျာမူးဒေသရှိ အိန္ဒိယ စစ်စခန်းများကို ပါကစ္စတန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီး အခြေအနေမှာ တင်းမာနေကြောင်း၊ ညဘက်ဖြစ်သောကြောင့် အရပ်သားများကို ကယ်ထုတ်ရန် ခက်ခဲကြောင်း၊ လက်ရှိတွင် အခြေအနေကို စောင့်ကြည့်နေကြောင်း အိန္ဒိစစ်တပ်မှ တာဝန်ရှိသူ ရှာဟစ် အစ်က်ဘားလ် ချောင်ဒရီက ပြောကြားခဲ့သည်။

    လက်ရှိတွင် နယ်စပ်ရှိ စာသင်ကျောင်းများကို နောက်ထပ် ၃ ရက်ကြာ အိန္ဒိယက ပိတ်ထားသည်။

    ယခုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်ဖက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

    ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ ပြီးခဲ့သည့်လကတည်းက တင်းမာမှု မြင့်တက်လာခြင်းဖြစ်ပြီး ၃ ရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး အပါအ၀င် လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။

    ၂၀၀၃ ခုနှစ်တွင် အပစ်ရပ်ရေး စာချုပ်ချုပ်ဆိုထားသော်လည်း အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြသည်။

    Ref: Aljazeera

  • အကြမ်းဖက်အဖွဲ့များ ကိစ္စကြောင့် အမေရိကန်က ပါကစ္စတန်ကို အကူအညီ ဖြတ်မည်

    အကြမ်းဖက်အဖွဲ့များ ကိစ္စကြောင့် အမေရိကန်က ပါကစ္စတန်ကို အကူအညီ ဖြတ်မည်

    ဇန်န၀ါရီ ၅၊ ၂၀၁၈

    M-Media

    – အကြမ်းဖက်ကွန်ယက်များကို အောင်မြင်အောင် တိုက်ဖျက်နိုင်စွမ်းမရှိသည့်အတွက် ပါကစ္စတန်အား ပေးအပ်နေသည့် အကူအညီ အားလုံးနီးပါးကို ရပ်တန့်တော့မည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    မဟာမိတ်နိုင်ငံများဖြစ်သော အမေရိကန်နှင့် ပါကစ္စတန်တို့မှာ အကြမ်းဖက်အဖွဲ့အစည်းများအား နှိမ်နှင်းရေးကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါကစ္စတန်မှာ ၎င်းတို့ထံမှ အကူအညီ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရယူထားသော်လည်း အကြမ်းဖက်များအား နှိမ်နှင်းမှုနှင့်ပတ်သက်၍ လိမ်ညာလှည့်ဖျားမှုများ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ပါကစ္စတန်ကလည်း မိမိတို့မှ ထိထိရောက်ရောက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ အမေရိကန်၏ တောင်းဆိုမှုအတိုင်း ဆက်၍ မလုပ်ပေးနိုင်တော့ကြောင်း တုန့်ပြန်ခဲ့သည်။

    အမေရိကန် အစိုးရက ပါကစ္စတန်အနေဖြင့် Haqqani ကွန်ယက်နှင့် အာဖဂန်တာလီဘန်တို့ကို ထိထိရောက်ရောက် နှိမ်နှင်းသည်ကို မြင်ရသည်အထိ အကူအညီများကို ရပ်တန့်သွားမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    လက်ရှိ ထရမ့်အစိုးရမှာ ပါကစ္စတန်အား ပေးရန်ရှိနေသည့် ကန်ဒေါ်လာ ၂၅၅ သန်းကို ဆိုင်းငံ့ထားသည်။ အမေရိကန်၏ ထိုရပ်တည်ချက်အတွက် အိန္ဒိယနှင့် အာဖဂန်တို့က ချီးကျူးခဲ့သော်လည်း ပါကစ္စတန်တွင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကမူ ကန့်ကွက်ခဲ့သည်။

    Ref : BBC

  • တာလီဘန်ကိစ္စအတွက် ပါကစ္စတန်နှင့် အမေရိကန်အကြား စကားစစ်ထိုးမှု အရှိန်မြင့်

    တာလီဘန်ကိစ္စအတွက် ပါကစ္စတန်နှင့် အမေရိကန်အကြား စကားစစ်ထိုးမှု အရှိန်မြင့်

    ဇန်န၀ါရီ ၂၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား တာလီဘန်ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စကားစစ်ထိုးပွဲတွေ အရှိန်မြင့်လာပါတယ်။

    အာဖဂန်မှာ အကြမ်းဖက်သမားတွေကို လိုက်လံရှင်းလင်းရာမှာ ပါကစ္စတန်ဟာ အမေရိကန်ကို အကူအညီ မပေးသလောက်ပဲလို့ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာကတစ်ဆင့် ဝေဖန်ပစ်တင်ခဲ့ပါတယ်။

    “လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အမေရိကန်ဟာ ပါကစ္စတန်အပေါ် ကန်ဒေါ်လာ ၃၃ ဘီလီယံ အကူအညီကို မိုက်မဲစွာနဲ့ ပေးခဲ့မိတယ်။ သူတို့ကတော့ အလိမ်အညာတွေ၊ တစ်ပတ်ရိုက်တာတွေကလွဲလို့ ဘာမှ ပြန်မပေးပါဘူး။ ကျွန်တော်တို့ခေါင်းဆောင်တွေဟာ ကြပ်မပြည့်ဘူးလို့ သူတို့ထင်ကြတာ။ အာဖဂန်မှာ ကျွန်တော်တို့ လိုက်နေတဲ့ အကြမ်းဖက်သမားတွေကို သူတို့က ခိုလှုံခွင့်ပေးထားပြီး ကျွန်တော်တို့ကို မကူညီဘူး။ လုံးဝမကူညီတာပါ” လို့ ရေးသားခဲ့တာပါ။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ခွာဂျာ အာဆစ်ဖ်က အာဖန်မှာ စစ်ပွဲမနိုင်တဲ့ ကိစ္စအတွက် ထရမ့်ဟာ ပါကစ္စတန်ကို အပြစ်တင်ဖို့ ကြိုးစားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “အာဖဂန်နစ္စတန်မှာ အမေရိကန်တွေ အခြေမလှတာကို ထရမ့်က စိတ်ပျက်နေပြီး ပါကစ္စတန်ကို သွားပုပ်လေလွင့်ပြောနေတာတွေဟာ ဒီအကြောင်းအရင်းကြောင့်ပါပဲ။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဘာမှမလုပ်ပေးနိုင်တော့ဘူးလို့ အမေရိကန်ကို ပြောထားပြီးသားပါ။ ဒါ့ကြောင့် ထရမ့်ရဲ့ ‘လုံးဝပဲ’ ဆိုတဲ့စကားဟာ အရေးကို မပါတော့ပါဘူး”

    အမေရိကန်က သူတို့ကိုပေးထားတဲ့ အကူအညီအတွေအတွက် စာရင်းအင်း အသေးစိတ်ကို လူသိရှင်ကြား ချပြဖို့ အဆင်သင့်ပဲလို့လည်း အာဆစ်ဖ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခိုရမ် ဒက်စ်တာဂီရ်က သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။

    အစ္စလာမ်မာဘတ်က အမေရိကန်သံအမတ်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ဆင့်ခေါ်ခဲ့ပြီး ထရမ့်ရဲ့ Twitter မှတ်ချက်အတွက် တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

    ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံရုံးက ပြောရေးဆိုခွင့်ရှိသူ ရစ်ချက် ဆနဲလ်ဆိုင်ယာကလည်း ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။

    ပါကစ္စတန် ကာကွယ်ရေးဝ်ကြီးဌာနကတော့ ပါကစ္စတန်အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး မဟာမိတ်အဖြစ် အလ်ကိုင်းဒါးတိုက်ဖျက်ရေးမှာ အမေရိကန်ကို ကျည်း၊ ရေ၊ လေ ဆက်သွယ်ဆောင်ရွက်မှုတွေ အိတ်သွန်ဖာမှောက် လုပ်ပေးခဲ့ပြီး၊ စစ်အခြေစိုက်စခန်းအတွက် နေရာပေးတာ၊ ထောက်လှမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ပြန်ရတာကတော့ ပုတ်ခတ်မှုနဲ့ မယုံကြည်မှုသာဖြစ်ကြောင်း၊ အမေရိကန်ဟာ ပါကစ္စတန်တွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်သမားတွေ နယ်စပ်ဖြတ်ကျော်ဝင်လာတာကိုပဲ ကွက်ကြည့်ကြောင်း Twitter စာမျက်နှာကနေတစ်ဆင့် တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယ-ပါကစ္စတန် နျူဆိုင်ရာစာရင်းများ အပြန်အလှန် လဲလှယ်

    အိန္ဒိယ-ပါကစ္စတန် နျူဆိုင်ရာစာရင်းများ အပြန်အလှန် လဲလှယ်

    ဇန်န၀ါရီ ၁၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းရှိ နျူကလီးယားဆိုင်ရာ အဆောက်အဦးများ၊ တပ်ဆင်ထားမှု စာရင်းများကို အန္ဒိယနှင့် ပါကစ္စတန်တို့က ယနေ့တွင် အပြန်အလှန် လဲလှယ်ခဲ့ကြသည်ဟု သိရသည်။

    လွန်ခဲ့သည့် နှစ် ၃၀ က ချုပ်ဆိုခဲ့သည့် ‘နျူဆိုင်ရာနေရာများအား တိုက်ခိုက်မှု တားဆီးရေး’ သဘောတူညီချက်အရ လဲလှယ်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
    ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ၁၉၉၁ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့သည့် အဆိုပါ သဘောတူညီချက်တွင် နှစ်စဉ် ဇန်န၀ါရီရောက်တိုင်း နိုင်ငံအတွင်းရှိ နျူဆိုင်ရာ အဆောက်အဦးများ စာရင်းကို အပြန်အလှန် လဲလှယ်ရမည်ဟု ဖော်ပြထားသည်။
    ၁၉၉၁ ခုနှစ်နှင့် ဇန်န၀ါရီ ၁ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် စာရင်းများ လဲလှယ်ခဲ့ပြီး ယခုအကြိမ်မှာ ၂၇ ကြိမ်ဆက်တိုက် လဲလှယ်မှုဖြစ်သည်။
    Ref : Alarabiya
  • နိုင်ငံအတွင်း မိမိသဘောဖြင့် စစ်ဆင်ရေးမလုပ်ရန် အမေရိကန်ကို ပါကစ္စတန် သတိပေး

    နိုင်ငံအတွင်း မိမိသဘောဖြင့် စစ်ဆင်ရေးမလုပ်ရန် အမေရိကန်ကို ပါကစ္စတန် သတိပေး

    ဒီဇင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    – မိမိတို့နယ်နမိတ်အတွင်း လက်နက်ကိုင်အဖွဲ့များကို တုန့်ပြန်ရာ၌ မိမိတို့ကို အသိမပေးဘဲ မဆောင်ရွက်ရန် ပါကစ္စတန်စစ်တပ်က အမေရိကန်ကို သတိပေးခဲ့ပြီး မဟာမိတ်နှစ်နိုင်ငံအကြား တင်းမာမှုတွင် ပါကစ္စတန်၏ ပြင်းထန်သော တုန့်ပြန်မှုလည်းဖြစ်သည်။

    ယမန်နေ့က ရ၀ါလ်ပင်ဒီ စစ်တပ်မြို့တွင် ဂျာနယ်လစ်များအား ဖြေကြားရာ၌ ပါကစ္စတန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အာဆစ်ဖ် ဂါဖူးရ်က လက်နက်ကိုင်တပ်ဖွဲ့များကို ပါကစ္စတန်က ထိထိရောက် ချေမှုန်းနိုင်ခြင်းမရှိဆိုသော ပြောကြားမှုများကို ပယ်ချခဲ့သည်။

    “ကျွန်တော်တို့ အများကြီး စွန့်လွှတ်စတေးခဲ့ပါတယ်။ အသက်သွေးချွေးတွေ၊ ငွေကြေးတွေ အမြောက်အများ ကျွန်တော်တို့ ပေးဆပ်ခဲ့ရတာပါ။ ကျွန်တော်တို့ ထိထိရောက်ရောက် လုပ်ခဲ့တာဖြစ်ပြီး ဘယ်သူ့အတွက် ဘာမှ ထပ်မလုပ်ပေးနိုင်တော့ပါဘူး”

    ထို့ပြင် လက်နက်ကိုင်များကို အခြားနိုင်ငံများ၏ကိုယ်စား တိုက်ခိုက်ပေးခြင်းထက် မိမိတို့၏ အကျိုးအတွက်သာ ပါကစ္စတန်က တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ အကူအညီသာ မပါလျှင် အလ်ကိုင်းဒါးကို အမေရိကန်က ချေမှုန်းနိုင်မည်မဟုတ်ကြောင်း ဂါဖူးရ်က ထည့်သွင်း ပြောဆိုခဲ့သည်။

    ၂၀၀၇ ခုနှစ်ကတည်းက ပါကစ္စတန်မှာ တာလီဘန်အပါအ၀င် လက်နက်ကိုင်အဖွဲ့ အများအပြားကို ရင်ဆိုင်ခဲ့ရပြီး၊ တာလီဘန်က ထိန်းချုပ်ထားသည့် ဒေသများကို ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့ရသည်။

    Ref: Aljazeera