News @ M-Media

Tag: Pakistan

  • ပါကစ္စတန်ဆရာဝန်တစ်ဦး အာရှ ထိပ်တန်း ဆေးဘက်ဆိုက်ရာဆု ရရှိ

    ပါကစ္စတန်ဆရာဝန်တစ်ဦး အာရှ ထိပ်တန်း ဆေးဘက်ဆိုက်ရာဆု ရရှိ

    ဧပြီ ၄၊ ၂၀၁၇
    M-Meidia

    Al Shifa Trust မျက်စိဆေးရုံ

     

    – ပါကစ္စတန်နိုင်ငံမှ မျက်စိဆရာဝန်တစ်ဦးမှာ အာရှပစိဖိတ် မျက်စိပညာရှင်များအဖွဲ့ဖြစ်သော Asia Pacific Academy of Ophthalmology (APAO) မှ ပေးအပ်သည့် ဂုဏ်ပြုဆုတစ်ခုကို ရရှိခဲ့သည်ဟု သိရသည်။

    Al Shifa Trust မျက်စိဆေးရုံမှ ဖရော်ဖက်ဆာ ဒေါက်တာ တိုင်ယစ်ဘ် အာဖဂါနီဖြစ်ပြီး မျက်စိကုသမှုနယ်တွင် ၎င်း၏ စွမ်းစွမ်းတမံ ဆောင်ရွက်အတွက် APAO က စင်ကာပူတွင် ကျင်းပပြုလုပ်ခဲ့သည့် ကွန်ဂရက်၌ အာဖဂါနီအား Outstanding Services in Prevention of Blindness Award ဆုကို ချီးမြှင့်ခဲ့သည်။

    APAO အဖွဲ့မှာ အာရှပစိဖိတ် မျက်စိကုမှုဆိုင်ရာနယ်ပယ်တွင် ထိပ်တန်းအဖွဲ့ဖြစ်ပြီး နိုင်ငံပေါင်း ၆၆ နိုင်ငံ ပါဝင်သည်။

    ဒေါက်တာ အာဖဂါနီမှာ မျက်လုံးတွင် အသားပိုထွက်မှုအား ကုသခြင်း၊ မျက်လုံးခွဲစိပ်ခြင်း စသည့်နယ်ပယ်များတွင် အလွန် ကျွမ်းကျင်ပြီး၊ Community Ophthalmology ဘာသာရပ်တွင်လည်း အတွေ့အကြုံရှိသည်။ ၎င်းမှာ ၂၀၁၁ ခုနှစ်က ဆစ်ဒနီတွင် ကျင်းပခဲ့သည့် APAO ကွန်ဂရက်တွင် Distinguished Services ဆုကို ရရှိခဲ့သည်။

    ဖရော်ဖက်ဆာ ဒေါက်တာ တိုင်ယစ်ဘ် အာဖဂါနီ

    “ဒီဆုက Al Shifa Trust ဆေးရုံနဲ့ ပါကစ္စတန်နိုင်ငံအတွက် အင်မတန်မှ ဂုဏ်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေအတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုလည်း ဖြစ်ပါတယ်။ ပါကစ္စတန်မှာ မျက်စိကုသမှုအတွက် ကျွန်တော်တို့ဟာ မြင့်မားတဲ့ စံနှုန်းတွေကို သတ်မှတ်ထားပါတယ်။ ဒီ ၀န်ဆောင်မှုတွေကို နိုင်ငံ
    အတွင်းမှာသာမက၊ နိုင်ငံတကာကလည်း အသိအမှတ်ပြုပါတယ်” ဟု ဆေးရုံ၏ ဥက္ကဌ ဟာမစ် ဂျာဗဒ်က ပြောကြားခဲ့သည်။

    Al Shifa Trust ဆေးရုံမှာ ပါကစ္စတန်နိုင်ငံတွင် ကျော်ကြားသည့် မျက်စိဆေးရုံဖြစ်ပြီး မျက်စိအထူးကုဆရာဝန် ၂၀၀၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းပေါင်း ၇၀၀ ကျော်နှင့် လူနာပေါင်း ၆ သန်းကို ၀န်ဆောင်မှု ပေးနိုင်ခဲ့သည်။

    Ref: Nation

  • ပါကစ္စတန် ဆူဖီဗိမာန်တစ်ခုတွင် ဂေါပကအဖွဲ့က တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ပါကစ္စတန် ဆူဖီဗိမာန်တစ်ခုတွင် ဂေါပကအဖွဲ့က တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ဆာရ်ဂိုဒါဒေသရှိ ဆူဖီဗိမာန်တစ်ခုတွင် အမျိုးသားများက ဓားများ၊ တုတ်များဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    သေဆုံးသူများထဲတွင် အမျိုးသမီး ၄ ဦး ပါဝင်ပြီး ဗိမာန်၏ ဂေါပကဥက္ကဌ အပါအ၀င် လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

    “အသက် ၅၀ အရွယ် ဥက္ကဌ အဘ်ဒူလ် ၀ါဟစ်က ဗိမာန်ကို လာရောက်သူတွေဟာ သူ့ကို သတ်မှာစိုးတဲ့အတွက် သူက သတ်လိုက်တယ်လို့ ထွက်ဆိုပါတယ်။ သူက စိုးရိမ်မှုလွန်ကဲတာ၊ စိတ်ရောဂါဖြစ်နေတာမျိုး ဖြစ်ပုံရပါတယ်။ ဒါမှမဟုတ် ဒါဟာ ဗိမာန်ကို အုပ်စီးဖို့အတွက် ပြိုင်ဆိုင်တာမျိုးနဲ့လည်း ဆက်စပ်နိုင်ပါတယ်” ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ဇွလ်ဖီကာရ် ဟာမစ်က ပြောကြားခဲ့သည်။

    ဆူဖီသူတော်စဉ်၏ ဗိန်မာန်သို့ လာရောက်ကာ ဆုတောင်းခြင်း၊ ချို့တဲ့သူများကို လှူဒါန်းခြင်း၊ ဂေါပကအဖွဲ့ကို လှူဒါန်းခြင်းတို့မှာ ပါကစ္စတန် ပြည်သူအများအပြား ပြုလုပ်ကြသည့် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည်။

    Ref: Alarabiya

  • အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစုတွင် ပါကစ္စတန် ပါဝင်လာ

    အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစုတွင် ပါကစ္စတန် ပါဝင်လာ

    မတ် ၃၁၊ ၂၀၁၇
    M-Media

    ဆော်ဒီစစ်သားများ စစ်ရေးပြနေစဉ်

    – ဆော်ဒီအာရေဗျ ဦးဆောင်သည့် အစ္စလာမ့် မဟာမိတ် တပ်ပေါင်းစုနှင့် ပါကစ္စတန်က ပူးပေါင်းလိုက်ပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ပါကစ္စတန်မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    “ဒီတပ်ဖွဲ့ရဲ့ အခြေခံရည်ရွယ်ချက်ဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ပါ။ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး လုပ်နည်းလုပ်ဟန်တွေကို ချမှတ်သွားတော့မှာပါ” ဟု ပါကစ္စတန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ နာဖီစ် ဇာကာရီယာက ပြောကြားခဲ့သည်။

    အဆိုပါ တပ်ပေါင်းစု၏ တပ်မှူးအဖြစ် ပါကစ္စတန် စစ်တပ်အကြီးအကဲဟောင်း ရာဟီးလ် ရှရစ်ဖ်ကို ခန့်အပ်ထားပြီး ရှရစ်ဖ်နှင့် ဆော်ဒီအစိုးရတို့အကြား ဆက်သွယ်မှု ရှိ၊ မရှိကို မသိဟု ၎င်းက ဆိုသည်။

    ပါကစ္စတန်မှာ အဆိုပါ တပ်ပေါင်းစုနှင့် တရားဝင် ဆက်သွယ်ပါဝင်နေပြီလာဟု မေးမြန်းရာတွင် “ကျွန်တော်တို့ဟာ အဲဒီအဖွဲ့ရဲ့ အစိတ်အပိုင်း ဖြစ်နေပါပြီ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

    Ref: Alarabiya

  • ပါကစ္စတန်တွင် ရှီအာလူနည်းစုကို ပစ်မှတ်ထားသည့် ဗုံးခွဲမှုဖြစ်

    ပါကစ္စတန်တွင် ရှီအာလူနည်းစုကို ပစ်မှတ်ထားသည့် ဗုံးခွဲမှုဖြစ်

    မတ် ၃၁၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူမျိုးစုများနေထိုင်ရာ ဝေးလံခေါင်ဖျားသည့်ဒေသမှ ပါရာချီနာမြို့တွင် ဗလီဝတ်ကျောင်းတော်ကို ပစ်မှတ်ထားသည်ဟု ယူဆရသည့် ဗုံးကွဲမှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၅ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

    အဝေးထိန်းကိရိယာဖြင့် ဖောက်ခွဲသည်ဟု ယုံကြည်ရသည့် အဆိုပါ ပေါက်ကွဲမှုမှာ ရှီအာ ဗလီဝတ်ကျောင်းတော်၏ ၀င်ပေါက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

    သေဆုံးသူများတွင် အမျိုးသမီးတစ်ဦးနှင့် ကလေး ၂ ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူမှာ ၄၀ နီးပါးရှိသည်ဟု ဆိုသည်။ အစိုးရကမူ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရန်အတွက် ရဟတ်ယာဉ်များကို စေလွှတ်ပေးထားသည်။

    ပါရာချီနာမြို့မှာ ရှီအာမွတ်စလင် ကာရ်ရမ် လူမျိုးစုဒေသ၏ မြို့တော်ဖြစ်ပြီး ရှီအာများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများစွာ ဖြစ်ပွားသည့် နေရာလည်းဖြစ်သည်။

    ဇန်န၀ါရီလက ပါရာချီနာရှိ ကုန်စိမ်းဈေးတွင် ဗုံးကွဲမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပြီး ၈၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့်လကလည်း ပါကစ္စတန်တောင်ပိုင်းရှိ ဆူဖီသူတော်စင်တစ်ဦး၏ ဂူဗိမာန်တွင် ဗုံးကွဲမှုကြောင့် လူ ၇၀ ကျော် သေဆုံးကာ၊ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    ရှီအာများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို IS နှင့် အလ်ကိုင်းဒါတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများက ဆောင်ရွက်ကြခြင်းဖြစ်သည်။

    Ref: Aljazeera

  • မာလာလာကို ယူကေထိပ်တန်းတက္ကသိုလ်တစ်ခုက ပညာသင်ရန် ကမ်းလှမ်းထား

    မာလာလာကို ယူကေထိပ်တန်းတက္ကသိုလ်တစ်ခုက ပညာသင်ရန် ကမ်းလှမ်းထား

    မတ် ၁၄၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်ကို ယူကေရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုက လာရောက်ပညာသင်ကြားရန် ကမ်းလှမ်းထားသည်ဟု သိရသည်။

    ပြီးခဲ့သည့် တစ်ပတ်က ဘာမင်ဂမ်ရှိ International Convention Centre တွင် ပြုလုပ်သော ပညာရေးညီလာခံ၌ မိန့်ခွန်းပြောစဉ် မာလာလာက ထိုသတင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး၊ ဒဿနနှင့် စီးပွားရေး ပညာရပ်အားလုံးတွင် A ရရမည်ဟူသည့် ခြွင်းချက်ဖြင့် ကမ်းလှမ်းထားခြင်းဟု ဆိုသည်။ သို့သော်လည်း မည်သည့်တက္ကသိုလ်ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။

    Mail Online က မာလာလာမှာ ၎င်း လေးစားအားကျသူ ပါကစ္စတန်သမ္မတဟောင်း ဘီနာဇီ ဘူတို ပညာဆည်းပူးခဲ့ရာ Lady Margaret Hall တက္ကသိုလ်နှင့် Oxford တက္ကသိုလ်များတွင် ပညာသင်ခွင့်ရရန် လျှောက်ထားခဲ့သည်ဟု ယခင်က ဖော်ပြခဲ့ဖူးသည်။

    “ကျွန်မအခု ကျောင်းတက်နေပါတယ်။ ပညာဆည်းပူးနေတာ ၁၃ နှစ်လောက်ရှိပါပြီ။ A အဆင့်စာမေးပွဲတွေ ဖြေရဖို့ ရှိနေပါတယ်။ ပြီးတော့ A သုံးလုံးရရမယ်ဆိုတဲ့ ခြွမ်းချက်နဲ့ ကမ်းလှမ်းမှုတစ်ခုလည်း ရရှိထားပါတယ်။ ဒါ့ကြောင့် A သုံးလုံးရဖို့ ကျွန်မ လိုအပ်တယ်။ အခုအချိန်မှာ ဒါဟာ ကျွန်မရဲ့ ပစ်မှတ်ပါပဲ။ ကျွန်မရဲ့ အလုပ်တွေကို ဆက်လုပ်ဖို့၊ ပညာဆက်သင်ဖို့ ကျွန်မ မျှော်လင့်ထားပါတယ်” ဟု အသက် ၁၉ နှစ်အရွယ် မာလာလာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိကို အားပေးခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း၊ ထိုကဲ့သို့ တိုက်တွန်းအားပေးမှုက မိမိကို ပိုမိုအားရှိစေခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    မာလာလာမှာ ဒီဇင်ဘာလက အောက်စဖို့ဒ်တက္ကသိုလ်သို့ အင်တာဗျူးအတွက် သွားရောက်ခဲ့ပြီး ထိုအင်တာဗျူးမှာ “ဘ၀တွင် အခက်ခဲဆုံးသော အင်တာဗျူး” ဟု သူမက ပြောကြားခဲ့သည်။

    ဘာမင်ဂမ်တွင်ပြုလုပ်သည့် ပညာရေးညီလာခံတွင် မာလာလာက ၎င်းမှာ ပညာသင်ကြားနေသော်လည်း Malala Fund အတွက် ဆက်လက် အလုပ်လုပ်သွားမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    “ကျွန်မရဲ့ ရည်ရွယ်ချက်က ကလေးတိုင်း၊ ယောက်ျားလေး၊ မိန်းကလေးတိုင်း ကျောင်းတက်မယ့် အခွင့်အရေး ရရှိစေဖို့ပါပဲ။ ဒါဟာ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးပါပဲ။ နောက်ဆုံးကလေးလေး ကျောင်းတက်ရတဲ့အချိန်တိုင်အောင် ကျွန်မ အလုပ်တွေ ဆက်လုပ်သွားမှာပါ”

    Ref: Bussinessinsider