News @ M-Media

Tag: Pakistan

  • Google က ဂုဏ်ပြုခဲ့တဲ့ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုခဲ့တဲ့ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဆိုတာ ဘယ်သူလဲ

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၇
    M-Media

    ပါကစ္စတန်တွင် Edhi Foundation ကို ထူထောင်ခဲ့သူ ပရဟိတသမားကြီး အဘ်ဒူလ် ဆတ္တာရ် အဒီဟ်

    – ကမ္ဘာကျော် အင်တာနက် Search Engine တစ်ခုဖြစ်တဲ့ Google ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ (ဒီနေ့) သူ့ရဲ့ Home Page လိုဂိုသရုပ်ဖော်စာလုံးမှာ မုတ်ဆိတ်ရှည်ရှည်၊ အင်္ကျီဖါးဖါး၊ ဦးထုပ်နဲ့ လူတစ်ယောက်ရဲ့ပုံကို ဂုဏ်ပြုလွှင့်တင်ခဲ့ပါတယ်။

    ဒီပုဂ္ဂိုလ်က ဘယ်သူပါလဲ။ ဂုဏ်ပြုရလောက်အောင် ဘာတွေလုပ်ခဲ့သလဲ။

    သူကတော့ ပါကစ္စတန်နိုင်ငံသား အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်ကွန်ယက် ‘အဒီဟ်ဖောင်ဒေးရှင်း’ (Edhi Foundation) ကို ထူထောင်ခဲ့သူဖြစ်ပါတယ်။

    ကိုယ့်ရဲ့အမည်နဲ့ ဖောင်ဒေးရှင်းထူထောင်ပြီး ငွေကြေးထောက်ပံ့ပေးကြတဲ့ လူချမ်းသာတွေနဲ့ ကွဲပြားတာက အဘ်ဒူလ် ဆတ္တာရ်ဟာ သူ့လက်ထဲ တစ်ပြားမှမရှိတဲ့ အချိန် အသက် ၂၀ အရွယ်ကတည်းက ဆင်းရဲမွဲတွေသူတွေအတွက် ဘ၀ကို မြှုပ်နှံခဲ့တာဖြစ်ပါတယ်။

    အဲဒီလိုနဲ့ Edhi Foundation ဟာ နိုင်ငံတကာအထိ ပေါက်ရောက်လာခဲ့ပြီး ၂၀၀၅ ခုနှစ် အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ကက်ထရီနာကြောင့် ထိခိုက်ခဲ့သူတွေကို ကူညီကယ်ဆယ်ရေးအတွက် ကန်ဒေါ်လာ ၁ သိန်းအထိ ရှာဖွေပေးနိုင်ခဲ့ပါတယ်။

    အဒီဟ်ဟာ အိန္ဒိယ ပါကစ္စတန်မကွဲခင် ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဘန့်တ်ဗာမှာ မွေးဖွားခဲ့ပြီး ကျောက်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက်နေ (ဒီနေ့) ဟာ အဒီဟ်ရဲ့ ၈၉ နှစ်မြောက် မွေးနေ့ဖြစ်ပြီး သူ့ရဲ့ လူသားအကျိုးပြုလုပ်ငန်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Google ဟာ အမေရိကန်၊ အိုက်စလန်၊ ပေါ်တူဂီ၊ သြစတေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အက်စတိုးနီးယား၊ ယူကေ၊ ဒိန်းမတ်၊ အိုင်ယာလန်နဲ့ ပါကစ္စတန်တို့က Home Page စာလုံးဒီဇိုင်းမှာ အဒီဟ်ရဲ့ ကာတွန်းပုံတူကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    “အဘ်ဒူလ် ဆတ္တာရ် အဒီဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ လိုအပ်နေသူတစ်ယောက်ယောက်ကို ကျွန်တော်တို့အားလုံး လက်ကမ်းပေးကြပါစို့” လို့ Google က ရေးသားခဲ့ပြီး အဒီဟ်ရဲ့ လူနာတင်ယာဉ်ကွန်ယက်ကိုလည်း အလွန်လက်ဖျားခါလောက်စရာလို့ ချီးကျူးခဲ့ပါတယ်။

    Google မှ အဒီဟ်အတွက် ဂုဏ်ပြုမှု

    သုညမှစခဲ့ရသည့် အဒီဟ်

    အဒီဟ်ရဲ့ ဖောင်ဒေးရှင်းဆောင်ပုဒ်က “အသက်တွေကို ကူညီဖို့ အသက်ရှင်ပါ” ဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ၀န်ဆောင်မှုပေးနေတဲ့ လူနာတင်ယာဉ်အရေအတွက်ဟာ ၁၈၀၀ ကျော်ရှိကာ ပါကစ္စတန်ရဲ့ အကြီးဆုံး လူမှုဖူလှုံရေး အသင်း အဖွဲ့လည်း ဖြစ်ပါတယ်။

    ၁၉၉၇ ခုနှစ်မှာတော့ ‘ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်အသင်း’ အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

    အဒီဟ်ဟာ ‘အလှူခံပါ။ လူတွေက ပေးပါလိမ့်မယ်’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ စတင်ခဲ့တာဖြစ်ပြီး တောင်းခံရရှိတဲ့ငွေတွေကနေ သူ့ရဲ့ အခန်းသေးသေးလေးကို ဆေးပေးခန်းအဖြစ် ပြောင်းကာ၊ နောက်ပိုင်းမှာတော့ လူနာတင်ယာဉ်တစ်စီး ၀ယ်ယူပြီး သူကိုယ်တိုင် မောင်းခဲ့ပါတယ်။

    အလှူငွေ ပိုမိုလက်ခံရရှိခဲ့ပြီး ဆေးကျောင်းသားတွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် ၀င်ရောက်ထမ်းဆောင်လာကြတဲ့ အခါမှာတော့ အဒီဟ်ရဲ့အဖွဲ့လေးဟာ ပါကစ္စတန်နိုင်ငံအနှံ့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

    ဒီနေ့မှာတော့ Edhi Foundation ဟာ ဆေးရုံးတွေ၊ မိဘမဲ့ကလေးစောင့်ရှောက်ရေးစင်တာနဲ့ ကယ်ဆယ်ရေး သင်္ဘောတွေအထိ ချဲ့ထွင်လုပ်ဆောင်နိုင်နေပါပြီ။

    ပိုင်ရှင်မရှိတဲ့ အလောင်းတွေကို မြှုပ်နှံပေးတဲ့ကိစ္စကိုလည်း ဒီဖောင်းဒေးရှင်းက တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ မွေးပြီး မလိုချင်တော့တဲ့ ကလေးငယ်တွေ လာရောက်ထားရှိနိုင်ဖို့အတွက် ဖောင်းဒေးရှင်းက အရေးပေါ်စင်တာတိုင်းရဲ့ အရှေ့မှာ ပုခက်လေးတွေကိုလည်း အဒီဟ်က ထားပေးထားပါတယ်။

    အဒီဟ်ဟာ သူ့ရဲ့ ဘ၀သက်တမ်းတစ်လျှာက် ဘာသာတရားထက် လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေး လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မွတ်စလင်တွေ နှစ်စဉ်လှူဒါန်းကြတဲ့ ဇကားသ်ငွေတွေကို အဒီဟ်တို့အဖွဲ့က လက်ခံပြီး မွတ်စလင်၊ ခရစ်ယာန်၊ ဟိန္ဒူမခြား လိုအပ်နေသူတွေအတွက် သုံးစွဲပေးခဲ့ပါတယ်။

    ဘာ့ကြောင့် မွတ်စလင်မဟုတ်သူတွေကို ကူညီရတာလဲလို့ လူတစ်ချို့က မေးတဲ့အခါမှာတော့ အဒီဟ်က “ကျွန်တော့်ရဲ့ လူနာတင်ယာဉ်တွေက ခင်ဗျားထက် မွတ်စလင်ပိုပီသတယ်လေ” လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    နောက်ပြီး “လူတွေက ပညာတွေတတ်ကြတယ်။ ဒါပေမယ့် လူတော့ မဖြစ်ကြသေးဘူး” ဆိုတဲ့ သူ့ရဲ့ စကားကလည်း ကျော်ကြားပါတယ်။

    သူကွယ်လွန်သေဆုံးသွားခဲ့အခါ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က “လူမှုရေးရာမှာ အားနည်းသူတွေ၊ နွမ်းပါးသူတွေ၊ အကူအညီမဲ့သူတွေ၊ သူဆင်းရဲတွေအတွက် အဒီဟ်ဟာ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ စစ်မှန်တဲ့ ပြယုဂ်တစ်ပါပဲ။ ကျွန်တော်တို့ဟာ လူသားတွေအတွက် အကျိုးဆောင်သူကြီးကို ဆုံးရှုံးလိုက်ရတာပါ” လို့ ချီးကျူးခဲ့ပါတယ်။

    အဒီဟ်ဟာ ၂၀၁၄ ခုနှစ်မှာ နိုဘယ်ဆုအတွက် အမည်တင်သွင်းခဲ့ရပေမယ့် မရခဲ့ပါဘူး။

    “ဒီဆုတွေကို ကျွန်တော် မမက်မောပါဘူး။ နိုဘယ်ဆုက ကျွန်တော့်အတွက် ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ လူသားဆန်တဲ့လူတွေကိုသာ ကျွန်တော် လိုချင်တာပါ” လို့ အဒီဟ်ဟာ Express Tribune နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပြီး မေ့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခုကိုလည်း သူက ပြောကြားခဲ့ပါတယ်။

    “ကလေး ၆ ယောက်နဲ့အတူ ရေထဲခုန်ချ အဆုံးစီရင်သွားတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူတို့ကို ဂူစူလ် (အစ္စလာမ့် ထုံးတမ်းစဉ်လာအရ သေသူကို ရေချိုးသန့်စင်ပေးခြင်း) ပြုတဲ့အချိန်မှာ ကျွန်တော် တော်တော်လေး ကြေကွဲ ၀မ်းနည်းခဲ့ရပါတယ်”

    အဒီဟ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပါကစ္စတန် ဗဟိုဘဏ်က ရူပီး ၅၀ တန် အကြွေစေ့ကို အဒီဟ်ရဲ့ပုံနဲ့ နောက်လမှာ ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

  • အသေခံဗုံးခွဲမှုပြီးနောက် အကြမ်းဖက်သမား ၁၀၀ ကျော်ကို ပါကစ္စတန် သုတ်သင်

    အသေခံဗုံးခွဲမှုပြီးနောက် အကြမ်းဖက်သမား ၁၀၀ ကျော်ကို ပါကစ္စတန် သုတ်သင်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    အခင်းဖြစ်ပွားပြီးနောက် တွေ့ရသည့် လာလ် ရှာဘက်ဇ် ကွာလန်ဒါ ဂူဗိမာန်

    – ကြာသာပတေးနေ့က မွတ်စလင်သူတော်စဉ်တစ်ပါး၏ ဂူဗိမာန်တွင် အသေခံဗုံးခွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ၂၄ နာရီအတွင်း အကြမ်းဖက်သမား ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု ပါကစ္စတန်က ပြောကြားလိုက်သည်။

    နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ် ဆေန်ဝမ်မြို့ရှိ လာလ် ရှာဘက်ဇ် ကွာလန်ဒါ ဂူဗိမာန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုမှာ ၂ နှစ်ကျော်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး လူပေါင်း ၈၈ ဦး သေဆုံးခဲ့ကာ ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။

    ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်တွက် စစ်တပ်က ကြာသာပတေးညပိုင်းမှစ၍ အကြမ်းဖက်သမား ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပြီး ဖမ်းဆီးမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ရန်လိုသော ကိစ္စရပ်များကို အောင်မြင်ခွင့် ပေးမည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

    ထိုတိုက်ခိုက်မှုကို IS အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ စည်းလုံးညီညွတ်ပြီး အစွန်းရောက်တွေကို တိုက်ခိုက်ဖို့ အချိန်ရောက်ပါပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ရန်သူတွေကို အမြစ်ကနေလှန်ဖို့ စစ်တပ်နဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကို ကျွန်တော် တိုက်ရိုက် ညွှန်ကြားကာ လုပ်ပိုင်ခွင့် ပေးထားပါတယ်” ဟု ၀န်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က စောစောပိုင်းကြေငြာချက်တွင် ပြောကြားခဲ့သည်။

    ဆူဖီဂိုဏ်းဝင် ၁၅၀ ခန့်မှာ IS ကို အာခံသောအနေဖြင့် ယမန်နေ့က လာလ် ရှာဘက်ဇ် ကွာလန်ဒါ ဗိမာန်သို့ လာရောက်ခဲ့ပြီး၊ ဗိမာန်၏ ကြမ်းပြင်များကို ဆေးကြောခြင်း၊ ညနေ့ပိုင်းဝတ်ပြုမှုအတွက် ပြင်ဆင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

    “ဒါက လာလ် ကွာလန်ဒါ ရှာဘက်ဇ်ပါ။ အကြမ်းဖက်သမားတွေ ဘယ်လောက်များများ ကျွန်တော်တို့ကို ကြောက်ရွံ့စေမှာ မဟုတ်ပါဘူး။ ၀တ်ပြုဆုတောင်းမှုကို ဆက်လုပ်သွားမှာဖြစ်ပြီး၊ ဆက်လည်း လုပ်ရမှာပါ” ဟု ၀တ်ပြုရန်လာရောက်သူ အလီ အိုသိုက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပါကစ္စတန်ရှိ မွတ်စလင် သူတော်စင်၏ ဂူဗိမာန်အား IS က ဗုံးခွဲတိုက်ခိုက်

    ပါကစ္စတန်ရှိ မွတ်စလင် သူတော်စင်၏ ဂူဗိမာန်အား IS က ဗုံးခွဲတိုက်ခိုက်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Meadia

    – ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်ရှိ မွတ်စလင်သူတော်စင် တစ်ပါး၏ ဂူဗိမာန်တွင် IS အကြမ်းဖက်အဖွဲ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအ၀င် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်ခံရသည့် နေရာမှာ ဆဟ်ဝမ်မြို့တွင် ဆူဖီသူတော်စင် တစ်ပါးကို မြှုပ်နှံထားရာ လာရှာဘက်ဇ် ကွာလန်ဒါ ဗိမာန်ဖြစ်သည်။ IS က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    ဟိုက်ဒရာဘတ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ခါဒင်မဟူစိန်က ယမန်နေ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၇၅ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ သေဆုံးသူများတွင် အမျိုးသား ၄၃ ဦး၊ အမျိုသမီး ၉ ဦး၊ ကလေးငယ် ၂၀ ဦးတို့ ပါဝင်ပြီး သေဆုံးသူအရေအတွက်မှာ မြင့်တက်ဖွယ်ရှိနေသည်။

    လာရှာဘက်ဇ် ကွာလန်ဒါဗိမာန်တွင် ဘာသာရေးအခမ်းအနား ပြုလုပ်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် ၂ နှစ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    အဆိုဗိမာန်မှာ လာလ် ရှာဘက်ဇ် ကွာလန်ဒါဟု လူသိများပြီး ဆူဖီသူတော်စင် နှင့် ကဗျာဆရာဖြစ်သူ ဆယဒ် မိုဟာမက် အွတ်စ်မန် မာရ်ဝမ်ဒီ မြှုပ်နှံထားရာ မြေပုံကို အထွဋ်အမြတ်ထားကာ ၁၃၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အွတ်စ်မန် မာရ်ဝမ်ဒီမှာ ပါကစ္စတန်တွင် ကြည်ညိုလေးစားခံရဆုံး သူတော်စင်များထဲမှ တစ်ပါးဖြစ်သည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ဘာလိုချစ္စတန်ပြည်နယ်ရှိ ရှားနူရာနီ ဆူဖီသူတော်၏ ဂူဗိမာန်မှာ IS အကြမ်းဖက်အဖွဲ့၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ခံခဲ့ရသည်။

    ပါကစ္စတန်နိုင်ငံတွင် ယခုတစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ

    Ref: Aljazeera

  • ပါကစ္စတန်တွင် နိုင်ငံပေါင်းစုံ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်

    ပါကစ္စတန်တွင် နိုင်ငံပေါင်းစုံ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – နိုင်ငံပေါင်း ၃၇ နိုင်ငံပါဝင်သည့် အကြီးစား ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပါကစ္စတန်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်ခဲ့သည်ဟု သိရသည်။

    ၂ နှစ်တစ်ကြိမ် ပုံမှန် ကျင်းပလေ့ရှိသည့် အဆိုပါ စစ်ရေးလ့ကျင့်မှုကို AMAN 2017 ဟု အမည်ပေးထားပြီး သြစတေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ တူရကီ၊ သီရိလင်္ကာ၊ ယူကေ၊ အမေရိကန်၊ ဂျပန်နှင့် ရုရှားနိုင်ငံတို့လည်း ပါဝင်ကာ ပင်လယ်တွင်း ပင်လယ်ဓားပြ တိုက်ဖျက်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးကို အာရုံစိုက်သော စစ်ဆင်ရေးဖြစ်သည်။

    ပါကစ္စတန်စစ်တပ်၏ ပြန်ကြားရေးဌာန ISPR က ယခု စစ်ရေးလေ့ကျင့်မှုမှာ ပုံမှန်ခြိမ်းခြောက်မှုများ၊ ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများအား တိုက်ဖျက်နိုင်ရေး လုပ်ငန်းစဉ်များနှင့် နည်းလမ်းများကို ဖော်ထုတ်ရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    စစ်ဆင်ရေးတွင် အဆင့် ၂ ဆင့် ပါဝင်မည်ဖြစ်ကာ ဆိပ်ကမ်းတွင်ပြုလုပ်မည့်အဆင့်၌ သင်္ဘောများသို့ လည်ပတ်ခြင်း၊ အားကစားပွဲများ၊ သုတေသနစာတမ်းများနှင့် အခြားသော အကြောင်းအရာများကို တင်ပြဆွေးနွေးမည့် လုံခြုံရေးဆိုင်ရာ ညီလာခံများ စသည်တို့ကို ကျင်းပသွားမည်ဖြစ်သည်။

    ဒုတိယအဆင့်တွင်မူ စစ်သင်္ဘောများ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အထူးတပ်ဖွဲ့ဝင်များဖြင့် တိုက်ခိုက်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်မည်ဖြစ်သည်။

    ၂၀၀၇ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုမှာ ယခုအကြိမ်သည် ၅ ကြိမ်မြောက်ဖြစ်ပြီး ရုရှားနှင့် တူရကီတို့မှာ ပထမဆုံးပါဝင်လာခြင်းဖြစ်သည်။

    Ref: The Diplomat

  • တီဗီအစီအစဉ်တင်ဆက်သူကို အမုန်းစကားပြောမှုဖြင့် ပါကစ္စတန် ပိတ်ပင်

    တီဗီအစီအစဉ်တင်ဆက်သူကို အမုန်းစကားပြောမှုဖြင့် ပါကစ္စတန် ပိတ်ပင်

    ဇန်ဝါရီ ၂၇၊ ၂၀၁၇
    M-Media

    အမုန်းစကားပြောမှုဖြင့် ပိတ်ပင်ခံလိုက်ရသည့် အာမီရ် လီယာကွတ်

    – ပါကစ္စတန် မီဒီယာဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်သော PEMRA က နိုင်ငံ၏ ထိပ်တန်း တီဗီအစီအစဉ် တင်ဆက်သူတစ်ဦးကို အမုန်းတရား ဖြန့်ဖြူးမှု၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုတို့ဖြင့် အစီအစဉ်တင်ဆက်ခွင့် ပိတ်ပင်လိုက်သည်ဟု သိရသည်။

    ပိတ်ပင်ခံရသူမှာ Bol TV လိုင်းမှ အာမီရ် လီယာကွတ်ဖြစ်ပြီး PEMRA က နောက်ဆုံး ဆုံးဖြတ်ချက် မချမီအချိန်အထိ ၎င်း၏ လုပ်ငန်းကို ရပ်နားထားရမည်ဖြစ်သည်။

    ပါကစ္စတန်၏ ထိပ်တန်း အစီအစဉ်တင်ဆက်သူဖြစ်ပြီး ဘာသာရေးဆိုင်ရာ အစီအစဉ်နှင့် ဂိမ်းအစီအစဉ်များကို တင်ဆက်ဖူးသည့် လီယာကွတ်မှာ ယခုလအစောပိုင်းက ရှေ့ဆင့်နောက်ဆင့် ပြန်ပေးဆွဲခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ၅ ဦးနှင့်ပတ်သက်၍ ၎င်းတို့မှာ အစ္စလာမ်သာသနာနှင့် တမန်တော်တို့ကို စော်ကားပြောဆိုခြင်း၊ စစ်တပ်ဆန့်ကျင်ရေး Facebook စာမျက်နှာများကို စီမံနေခြင်းတို့ ရှိသည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။

    ထို့ပြင် အဆိုပါ တက်ကြွလှုပ်ရှားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အဖွဲ့များမှာ သာသနာညှိုးနွမ်းစေသော လုပ်ရပ်အား အားပေးထောက်ခံနေသည်ဟု လီယာကွတ်က ပြောကြားကာ အချို့သော တက်ကြွလှုပ်ရှားသူများ၏ ရုပ်ပုံများကို တီဗီဖန်သားပြင်ပေါ်တွင် ပြသခဲ့သည်။

    “အာမီရ် လီယာကွတ်ဟာ အမုန်းစကားမြောက်တဲ့ ဖော်ပြချက်၊ စွပ်စွဲပြောဆိုချက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အထပ်ထပ်အခါခါ ပြုလုပ်ခဲ့ပါတယ်” ဟု PEMRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ပြည်သူများကို ‘နိုင်ငံတော် ပုန်ကန်သူ၊ အစ္စလာမ်ဆန့်ကျင်သူဟု စွပ်စွဲပြောဆိုခြင်းမှာ’ ‘နိုင်ငံသားများအပေါ် အကြမ်းဖက်ရန် လှုံ့ဆော်မှု’ မြောက်သည်ဟု ဆိုသည်။

    ထို့ပြင် Bol TV လိုင်းတွင် အစီအစဉ်တင်ဆက်ခြင်း၊ အခြားသော ရုပ်သံလိုင်းများတွင် ထိုကဲ့သို့ ‘ဘာသာတရားစော်ကားသူ’ ‘တိုင်းပြည်သစ္စာဖောက်သူ’ ဟု ပြောကြားခြင်းတို့ လုံးဝ မပြုလုပ်ရန် PEMRA က ပိတ်ပင်ခဲ့သည်။

    PEMRA ၏ ထိုလုပ်ရပ်ကို နိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူများကလည်း ကြိုဆိုခဲ့သည်။

    ပါကစ္စတန်အစိုးရနှင့် ဆက်နွယ်နေသည့် မီဒီယာအာဏာပိုင်အဖွဲ့ PEMRA မှာ ပြီးခဲ့သည့် လများအတွင်း မီဒီယာနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို ပိုမို အသေးစိတ်အောင် စီစဉ်လာခဲ့သည်။

    Ref: Aljazeera