News @ M-Media
Tag: Pakistan
  • တီဗီအစီအစဉ်တင်ဆက်သူကို အမုန်းစကားပြောမှုဖြင့် ပါကစ္စတန် ပိတ်ပင်
    တီဗီအစီအစဉ်တင်ဆက်သူကို အမုန်းစကားပြောမှုဖြင့် ပါကစ္စတန် ပိတ်ပင်
    ဇန်ဝါရီ ၂၇၊ ၂၀၁၇
    M-Media
    အမုန်းစကားပြောမှုဖြင့် ပိတ်ပင်ခံလိုက်ရသည့် အာမီရ် လီယာကွတ်
    – ပါကစ္စတန် မီဒီယာဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်သော PEMRA က နိုင်ငံ၏ ထိပ်တန်း တီဗီအစီအစဉ် တင်ဆက်သူတစ်ဦးကို အမုန်းတရား ဖြန့်ဖြူးမှု၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုတို့ဖြင့် အစီအစဉ်တင်ဆက်ခွင့် ပိတ်ပင်လိုက်သည်ဟု သိရသည်။
    ပိတ်ပင်ခံရသူမှာ Bol TV လိုင်းမှ အာမီရ် လီယာကွတ်ဖြစ်ပြီး PEMRA က နောက်ဆုံး ဆုံးဖြတ်ချက် မချမီအချိန်အထိ ၎င်း၏ လုပ်ငန်းကို ရပ်နားထားရမည်ဖြစ်သည်။
    ပါကစ္စတန်၏ ထိပ်တန်း အစီအစဉ်တင်ဆက်သူဖြစ်ပြီး ဘာသာရေးဆိုင်ရာ အစီအစဉ်နှင့် ဂိမ်းအစီအစဉ်များကို တင်ဆက်ဖူးသည့် လီယာကွတ်မှာ ယခုလအစောပိုင်းက ရှေ့ဆင့်နောက်ဆင့် ပြန်ပေးဆွဲခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ၅ ဦးနှင့်ပတ်သက်၍ ၎င်းတို့မှာ အစ္စလာမ်သာသနာနှင့် တမန်တော်တို့ကို စော်ကားပြောဆိုခြင်း၊ စစ်တပ်ဆန့်ကျင်ရေး Facebook စာမျက်နှာများကို စီမံနေခြင်းတို့ ရှိသည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။
    ထို့ပြင် အဆိုပါ တက်ကြွလှုပ်ရှားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အဖွဲ့များမှာ သာသနာညှိုးနွမ်းစေသော လုပ်ရပ်အား အားပေးထောက်ခံနေသည်ဟု လီယာကွတ်က ပြောကြားကာ အချို့သော တက်ကြွလှုပ်ရှားသူများ၏ ရုပ်ပုံများကို တီဗီဖန်သားပြင်ပေါ်တွင် ပြသခဲ့သည်။
    “အာမီရ် လီယာကွတ်ဟာ အမုန်းစကားမြောက်တဲ့ ဖော်ပြချက်၊ စွပ်စွဲပြောဆိုချက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အထပ်ထပ်အခါခါ ပြုလုပ်ခဲ့ပါတယ်” ဟု PEMRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ပြည်သူများကို ‘နိုင်ငံတော် ပုန်ကန်သူ၊ အစ္စလာမ်ဆန့်ကျင်သူဟု စွပ်စွဲပြောဆိုခြင်းမှာ’ ‘နိုင်ငံသားများအပေါ် အကြမ်းဖက်ရန် လှုံ့ဆော်မှု’ မြောက်သည်ဟု ဆိုသည်။
    ထို့ပြင် Bol TV လိုင်းတွင် အစီအစဉ်တင်ဆက်ခြင်း၊ အခြားသော ရုပ်သံလိုင်းများတွင် ထိုကဲ့သို့ ‘ဘာသာတရားစော်ကားသူ’ ‘တိုင်းပြည်သစ္စာဖောက်သူ’ ဟု ပြောကြားခြင်းတို့ လုံးဝ မပြုလုပ်ရန် PEMRA က ပိတ်ပင်ခဲ့သည်။
    PEMRA ၏ ထိုလုပ်ရပ်ကို နိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူများကလည်း ကြိုဆိုခဲ့သည်။
    ပါကစ္စတန်အစိုးရနှင့် ဆက်နွယ်နေသည့် မီဒီယာအာဏာပိုင်အဖွဲ့ PEMRA မှာ ပြီးခဲ့သည့် လများအတွင်း မီဒီယာနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို ပိုမို အသေးစိတ်အောင် စီစဉ်လာခဲ့သည်။
    Ref: Aljazeera
  • နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်
    နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်
    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်မှာ နျူထိပ်ဖူးတပ်ဆင်နိုင်သည့် မြေပြင်မှ မြေပြင်ပစ် တိုက်ချင်းပစ်ဒုံးကျည်ကို အင်္ဂါနေ့တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု သိရသည်။
    Ababeel ဟု အမည်ပေးထားသည့် အဆိုပါဒုံးကျည်မှာ ကီလိုမီတာ ၂၂၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်ပြီး ထိပ်ဖူးများစွာကို သယ်ဆောင်သွားနိုင်ကာ ထိပ်ဖူးတစ်ခုစီက ပစ်မှတ်တစ်ခုချင်းစီကို ထိအောင် ပစ်နိုင်သည့် MIRV နည်းပညာကိုလည်း အသုံးပြုထားသည်ဟု ပါကစ္စတန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ယခု စမ်းသပ်ပစ်လွှတ်မှုမှာ ဒုံးကျည်၏ ဒီဇိုင်းနှင့် လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် ရည်ရွယ်ခြင်ဖြစ်သည်။ နျူထိပ်ဖူး သယ်ဆောင်နိုင်သည့် အဆိုပါ Ababeel ဒုံးကျည်မှာ ပစ်မှတ်များစွာကို တိကျစွာ ပစ်ခတ်နိုင်စွမ်းလည်း ရှိသည်။
    “Ababeel လက်နက် ထုတ်လုပ်မှုဟာ ဒေသတွင်း မြင့်တက်လာတဲ့ တိုက်ချင်းပစ်ဒုံးကျည် ကာကွယ်ရေးစနစ် (BMD) ကို ပါကစ္စတန်က အမှီလိုက်ဖို့ ရည်ရွယ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    ပါကစ္စတန်မှာ ယခုလအစောပိုင်းကလည်း Babur-III ဟု အမည်ပေးထားပြီး နျူထိပ်ဖူးတပ်ဆင်နိုင်ကာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။
    Ref: Dawn
  • သိက္ခာကျသည်ဟုဆိုကာ သမီးကို မီးရှို့သတ်သည့် မိခင်အား ပါကစ္စတန် သေဒဏ်ပေး
    သိက္ခာကျသည်ဟုဆိုကာ သမီးကို မီးရှို့သတ်သည့် မိခင်အား ပါကစ္စတန် သေဒဏ်ပေး
    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media
    – ‘ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်း’ ဟု လူသိများသည့် ရိုးရာဓလေ့တစ်ခုအတွက် မိမိ၏ သမီးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ပါကစ္စတန်တရားရုံးက သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။
    ပါရ်ဝမ် ဘီဘီဆိုသူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူ ဇီနသ် ရာဖစ်က ၎င်းတို့ သဘောမတူသူနှင့် ခိုးရာလိုက်ပြေးသည့်အတွက် ‘မိသားစုကို အရှက်ရစေသည်’ ဟု ဆိုကာ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
    ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ တရားရုံးကမူ ပါရ်ဝမ်အား ယနေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး သတ်ဖြတ်မှုတွင် ပါဝင်သူ ပါရ်ဝမ်၏သား အဟ်မာရ် ရာဖစ်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။
    ဇီနသ်ရာဖစ်မှာ ခင်ပွန်းဖြစ်သူနှင့် ခိုးရာလိုက်ပြေးပြီး တစ်လအကြာ မိခင်အိမ်သို့ပြန်လာစဉ် ပါရ်ဝမ်နှင့် အဟ်မာရ်တို့က သူမအား ကုတင်ပေါ်တွင် ကြိုးဖြင့်တုတ်ကာ ဓာတ်ဆီလောင်း၍ မီးရှိုခဲ့ခြင်းဖြစ်သည်။
    ‘ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်း’ ဟူသည့် အဆိုပါ ရိုးရာဓလေ့ကို အိန္ဒိယနှင့် ပါကစ္စတန်တို့ရှိ အချို့ဒေသများတွင် ကျင့်သုံးလေ့ရှိသည်။
    သို့သော်လည်း အဆိုပါဓလေ့ ကျင့်သုံးသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန်နှင့် လွတ်မြောက်မှုမရှိစေရန်အတွက် ဥပဒေသစ်တစ်ရပ်ကို ပါကစ္စတန်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အတည်ပြုခဲ့သည်။
    Ref: CNN
  • ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်
    ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်
    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media
    – ပရဟိတအသင်းအဖွဲ့ အမျိုးမျိုးအတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရေး တူရကီအဆိုတော် အာရ်ဆင် ဖိုက်ဇာဒီမှာ ကမ္ဘာတစ်ဝှမ်းတွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားပြီး ပါကစ္စတန်နိုင်ငံတွင်လည်း ဖျော်ဖြေမှုပြုလုပ်မည်ဟု သိရသည်။
    “ဒီရှိုးပွဲရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ ပညာရေးအတွက် ထောက်ပံ့ပေးဖို့ပါပဲ” ဟု မြို့တော် အစ္စလာမ်မာဘတ်ရှိ စာသင်ကျောင်းများသို့ ယမန်နေ့က လည်ပတ်စဉ်အတွင်း ဖိုက်ဇာဒီက ပြောကြားခဲ့သည်။
    Diamond of Turkey (တူရကီမှ စိန်တစ်ပွင့်) ဟု ကျော်ကြားသည့် ဖိုက်ဇာဒီမှာ နိုင်ငံတကာ ချစ်ကျည်ရေးသံတမန်တစ်ဦး၊ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။
    “ပါကစ္စတန်အတွက် ကျွန်တော့်ရဲ့ ခံစားရမှုက ပြောစရာစကားလုံးတောင် မရှိပါဘူး။ ဒါပေမယ် ကျွန်တော့်ကို ချစ်တဲ့၊ အားပေးတဲ့ ပါကစ္စတန်ကို ကျေးဇူးတင်ပါတယ်လို့တော့ ကျွန်တော် ပြောလို့ရပါတယ်” ဟု ဖိုက်ဇာဒီက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Tha Nation
  • ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို ပါကစ္စတန်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး
    ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို ပါကစ္စတန်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး
    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်မှာ ယမန်နေ့က ပန်ဂျပ်ပြည်နယ်ရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းပြည်ရှိ လူနည်းစုများအပေါ် စာနာသည့် သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။
    တောင်အာရှတွင် ဟိန္ဒူများအတွက် အမြင့်မြတ်ဆုံး ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ Katas Raj ဘုရားကျောင်းဖြစ်ကာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၀န်ကြီးချုပ်က လာရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
    “ကျွန်တော့်ရဲ့အမြင်အရ ကျွန်တော်တို့အားလုံးဟာ အတူတူပါပဲ။ မွတ်စလင်၊ ဟိန္ဒူ၊ ဆစ်ခ်၊ ခရစ်ယာန်နဲ့ အခြားသော ဘာသာဝင်တွေပေါ့။ ကျွန်တော်တို့အားလုံးဟာ လူသားတွေပါပဲ” ဟု ၀န်ကြီးချုပ်က ဟိန္ဒူဘာသာရေးဆိုင်ရာ အခမ်းအနားပြီးနောက် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
    အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ခရစ်ယာန်၊ ဆစ်ခ်နှင့် ဟိန္ဒူခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ၀န်ကြီးချုပ် ရှရစ်ဖ်က အစ္စလာမ်သာသနာအား အလွဲသုံးစားလုပ်၍ အမုန်းတရား ဖြန့်ဖြူးနေသူများကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။
    “ဒါမျိုးပြောဆိုတာက ဥပဒေနဲ့မညီဘူးဗျ။ ဒါမျိုး သင်ယူ၊ သင်ကြားတာတွေ မပြုလုပ်ရဘူး။ ပါကစ္စတန်ရဲ့ပုံရိပ်၊ စီးပွားရေး၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပှ်နှံမှု၊ လုံခြုံရေး စတာတွေနဲ့ ဆက်စပ်နေတယ်” ဟု ၀န်ကြီး၏ အကြံပေးတစ်ဦက ပြောကြားခဲ့သည်။
    ပါကစ္စတန်နိုင်ငံ၏ သန်း ၁၉၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်မဟုတ်သူ ၃ ရာခိုင်နှုန်း ရှိနေသည်။
    Ref : Brecorder