News @ M-Media

Tag: Pakistan

  • လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်

    လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်

    ဧပြီ ၁၈၊ ၂၀၁၆
    M-Media

    apki

    – အဆီးရ်ဒေသတောင်ကြားတစ်ခုမှာ ရေနစ်နေတဲ့ ဆော်ဒီနိုင်ငံသားတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ပါကစ္စတန် အလုပ်သမားတစ်ဦးကို ဆုငွေချီးမြှင့်ဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် နအီးဖ်က သောကြာနေ့မှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီ ပါကစ္စတန်အလုပ်သမားဟာ ရှောင်ကသ် အေမင်ဆိုသူ ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံသား ဖာ့ဟ်ဒ် အလ်-ကာတာနီဟာ သဒ်လိဒ်တောင်ကြားမှာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် သူမောင်းနှင်လာတဲ့ ကားနဲ့အတူ ရေနစ်သေဆုံးမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတာပါ။

    အလ်ကာတာနီက ၎င်းရဲ့ကားထိပ်ပိုင်းမှာ မတ်တပ်ရပ်ကာ အကူအညီတောင်းခံခဲ့ပြီး မျက်မြင်သက်သေတွေက အေမင်ရဲ့ သူရဲကောင်းဆန်ဆန်အပြုအမူကြောင့် ကာတာနီတစ်ယောက် အသက်ရှင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီ ပြည်သူ့ကာကွယ်ရေးအာဏာပိုင်တွေကတော့ အေမင်ရဲ့ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အိမ်ရှေ့မင်းသားရဲ့အမိန့်နဲ့ ချီးမြင့်ခဲ့တဲ့ ဆုငွေပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

    ဆော်ဒီနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မန်ဇူလ် အူလ် ဟက်ကတော့ မိမိတို့နိုင်ငံသားတစ်ယောက်ဟာ သေအံဆဲဆဲလူတစ်ယောက်ကို ဒီလိုကယ်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပြီး အေမင်ရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့တဲ့ အိမ်ရှေ့မင်းသားကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref; Arab News

  • အီရန်-ပါကစ္စတန် ကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည်

    အီရန်-ပါကစ္စတန် ကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည်

    မတ် ၂၈၊ ၂၀၁၆
    M-Media

    iran

    – အီရန်နဲ့ပါကစ္စတန်တို့ဟာ မရှိမဖြစ်လိုအပ်တဲ့ မဟာဗျုဟာတွေ လက်ခံကျင့်သုံးဖို့နဲ့ နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုတန်ဖိုးကို ကန်ဒေါ်လာ ၅ ဘီလီယံထိ တိုးမြင့်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်က အီရန်သမ္မတ ရူဟာနီနဲ့အဖွဲ့က ပါကစ္စတန်ကို လာရောက်လည်ပတ်စဉ်အတွင်းမှာ ဒီလို သဘောတူညီခဲ့ကြတာဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်းမှာ အီရန်-ပါကစ္စတန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီရဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေးကို ကျင်းပဖို့လည်း ရှိနေပါတယ်။ အီရန်သမ္မတရဲ့ ဒီခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင် အယောက် ၆၀ လောက်လည်း ပါဝင်ခဲ့ပါတယ်။

    အီရန်အပေါ် နျူကလီးယားအစီအစဉ်နဲ့ပက်သက်လို့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ခြင်းနဲ့ ဥပဒေဆိုင်ရာ အဟန့်အတားတွေ အထူးသဖြင့် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဖလှယ်ရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးတဲ့နောက် အီရန်နဲ့ ပါကစ္စတန်ကြား ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအရှိန်မြင့်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပါကစ္စတန်က ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ပါကစ္စတန်နဲ့ အီရန်တို့ နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၅ ဘီလီယံထိ တိုးမြင့်နိုင်ဖို့ သဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်နဲ့ အီရန်ကြား ကုန်သွယ်မှုမှာ ၂၀၀၈-၀၉ မှာ ကန်ဒေါ်လာ ၁.၃၂ ဘီလီယံ ရှိပြီး ၂၀၁၀-၁၁ မှာ ကန်ဒေါ် ၄၃၂ သန်း ထိကျဆင်းခဲ့တယ်လို့ ပါကစ္စတန် ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

    ရူဟာနီရဲ့ ဒီခရီးစဉ်မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက ကုန်သွယ်ရေး၊ စီးပွားရေး၊ အာမခံ၊ ယဉ်ကျေးမှု၊ အဆင့်မြင့်ပညာရေး၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ နယ်ပယ်အမျိုးမျိုးနဲ့သက်ဆိုင်တဲ့ သဘောတူစာချုပ် စုစုပေါင်း ၆ ခုမှာ လက်မှတ်ရေးခဲ့ကြပါတယ်။

    Ref: Presstv

  • ပါကစ္စတန်အရှေ့ပိုင်းတွင် တာလီဘန်က အသေခံဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    ပါကစ္စတန်အရှေ့ပိုင်းတွင် တာလီဘန်က အသေခံဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    မတ် ၂၈၊ ၂၀၁၆
    M-Media

    paki 2

    – ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ ပန်းခြံတစ်ခုတွင် ယမန်နေ့က အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ပြီး လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မိသားစုများနှင့် ကလေးငယ်များ အပန်းဖြေလေ့ရှိသည် အဆိုပါ ပန်းခြံတွင် ခရစ်ယာန်ဘာသာဝင်များက အီစတာပွဲတော် ကျင်းပရန် ဆောင်ရွက်နေကြသည့်အချိန်တွင် အသေခံဗုံးခွဲသမားတစ်ဦးက ယမန်နေ့ညနေပိုင်း ၇ နာ ရီဝန်းကျင်ခန့်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

    ပါကစ္စတန်တာလီဘန်၏ အဖွဲ့ခွဲဖြစ်သည့် ဂျမာအတ်-အူလ်-အဟ်ရာရ်ကမူ ထိုတိုက်ခိုက်မှုကို ၎င်းတို့က ပြုလုပ်ခြင်းဖြစ်ပြီး ခရစ်ယာန်များကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ ပေါက်ကွဲအား ပြင်းထန်သောကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ၀ါဇီရစ္စတန်မြောက်ပိုင်းတွင် အခြေစိုက်သည့် တာလီဘန်များမှာ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် တိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိနေပြီး ထိခိုက်ခံစားရသူအများစုမှာ မွတ်စလင်များဖြစ်ကြသည်။

    Ref: Aljazeera

  • အစ္စလာမ်ကမ္ဘာမှ ပြဿနာများမှာ မွတ်စလင်များ မစည်းလုံးခြင်းကြောင့်ဖြစ်သည်ဟု အီရန်သမ္မတပြော

    အစ္စလာမ်ကမ္ဘာမှ ပြဿနာများမှာ မွတ်စလင်များ မစည်းလုံးခြင်းကြောင့်ဖြစ်သည်ဟု အီရန်သမ္မတပြော

    မတ် ၂၆၊ ၂၀၁၆
    M-Media

    Iran 2

    – အစ္စလာမ်ကမ္ဘာတွင် လက်ရှိဖြစ်ပွားနေသည့် ပြဿနာများနှင့် ပဋိပက္ခများ၏ နောက်ကွယ်မှ အဓိက အကြောင်းအရင်းမှာ မွတ်စလင်များအကြား စည်းလုံးညီညွှတ်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    ပါကစ္စတန်သို့ ရောက်ရှိနေသည့် ရူဟာနီမှာ ယနေ့တွင် မြို့တော်အစ္စလာမ်မာဘတ်၌ ဓမ္မပညာရှင်၊ တတ်သိပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရှီယိုက်နှင့် စွန်နီမွတ်စလင်များ ထိခိုက်ခံစားနေရသည့် ပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသော ကုသနည်းမှာ စည်းလုံးညီညွတ်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် အစ္စလာမ့်နိုင်ငံများမှ ဘာသာရေးကျောင်းများမှာ အစ္စလာမ်ဘာသာဝင်များအကြား ညီညွတ်ရေးကို သင်ကြားသင့်ပြီး၊ မွတ်စလင်များအနေဖြင့် လက်ရှိ အစ္စလာမ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် ပြဿနာများကို ကျော်လွှားချင်ပါက မွတ်စလင်လူ့အဖွဲ့အစည်းများအကြား စည်လုံးညီညွတ်ရေး ရရှိရန် ကြိုးစားခြင်းမှတစ်ပါး အခြား ရွေးချယ်စရာမရှိဟု အီရန်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ အလယ်အလတ်လမ်းစဉ်ကို ပြသထားကာ ကိုယ်ကျင့်တရားကောင်းမွန်ရန် သွန်သင်ထားသည့် သာသနာဖြစ်ကြောင်း၊ ရှီယိုက်မွတ်စလင်များ၏ သဘာဝမှာ စွန်နီမွတ်စလင်များအား စိန်ခေါ်မှုတွင် အခြေမခံကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရှီယိုက်နှင့် စွန်နီမွတ်စလင်အုပ်စုတို့အကြား သဘောထားကွဲလွဲအောင် လုပ်ဆောင်သူများမှာ အဆိုပါ အုပ်စုနှစ်ခုစလုံး ပျက်ဆီးရန် ဆောင်ရွက်ခြင်းမှလွဲ၍ အခြား ရည်ရွယ်ချက်မရှိဟုလည်း ရူဟာနီက သတိပေးခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အစ္စလာမ်ဆိုတဲ့ အမှတ်သညာကို အားကောင်းအောင် ပြုလုပ်ရပါမယ်” ဟု ပါကစ္စတန်သို့ ၂ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အီရန်သမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး အစ္စလာမ်၏ စွမ်းပကားကို အသုံးချရန်နှင့် စည်းလုံးညီညွတ်မှုကို အားကောင်းအောင်ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

    ထိုကဲ့သို့ စည်းလုံးညီညွတ်မှုမှာ အစ္စလာမ်ခေါင်းစဉ်အောက်ရှိသည့် အုပ်စုများ လေးစားမှုမခံရသမျှ ကာလပတ်လုံး ရရှိ မည်မဟုတ်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

    အစ္စလာမ်သာသနာ၏ စစ်မှန်သော သင်ကြားမှုများကို မြှင့်တင်ရေးနှင့် ပတ်သက်၍ ရူဟာနီက ” ရန်သူတွေကို ရင်ဆိုင်ဖို့အတွက် ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမှုအစစ်အမှန်ကို မြှင့်တင်ဖော်ဆောင်ပေးဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် မွတ်စလင်များအနေဖြင့် သိပ္ပံနှင့် အသိပညာများကို ရှာဖွေဆည်းပူးခြင်းအားဖြင့်သာ ၎င်းတို့၏ စွမ်းအားတိုးမြှင့်သင့်ကြောင်း၊ အစ္စလာမ်၏ စွမ်းပကားကို အားကောင်းစေရန်အတွက် မွတ်စလင် အမျိုးသား၊ အမျိုးသမီး ပညာရှင်များအားလုံး အတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်သမ္မတက နိဂုံးချုပ် ပြောကြားခဲ့သည်။

    “အစ္စလာမ်ဆိုတဲ့သစ်ပင်ကြီးက အသီးအပွင့်တွေ မသီးပွင့်နိုင်တာကို ရန်သူတွေက လိုချင်ကြတာပါ။ မွတ်စလင်အနေနဲ့ စစ်မှန်တဲ့ အစ္စလာမ်ကို ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

    Ref: Press TV

  • အီရန်-ပါကစ္စတန် ဆက်ဆံရေးမှာ မဟာဗျူမြောက်ဖြစ်သည်ဟု သမ္မတ ရူဟာနီပြော

    အီရန်-ပါကစ္စတန် ဆက်ဆံရေးမှာ မဟာဗျူမြောက်ဖြစ်သည်ဟု သမ္မတ ရူဟာနီပြော

    မတ် ၂၆၊ ၂၀၁၆
    M-Media

    iran

    – အီရန်နဲ့ ပါကစ္စတန်တိုရဲ့ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ဆက်ဆံရေး ဖြစ်တယ်လို့ အစ္စလာမ်မာဘတ်ကို ၂ ရက်ကြာ သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အီရန်သမ္မတ ရူဟာနီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    နျူသဘောတူညီချက်ရရှိအပြီး အီရန်အပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီးတဲ့နောက် သွားရောက်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုတောင့်တင်းခိုင်မာစေဖို့ ရည်မှန်းထားတာပါ။

    ရူဟာနီကတော့ အီရန်နဲ့ ဘာသာရေး၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှု ဘုံတူညီမှုတွေရှိနေတဲ့ ပါကစ္စတန်နိုင်ငံဟာ အီရန်အတွက် အရေးပါတယ်လို့ ဆိုပါတယ်။ ယခုလည်ပတ်မှုဟာ နိုင်ငံတော်အဆင့် ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အီရန်သမ္မတဟာ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်၊ သမ္မတ မန်နွန် ဟူစိန်၊ စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ် ရာဟီးလ်ရှရစ်ဖ်တို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ပါကစ္စတန်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် စီမံကိန်းတစ်ခုဖြစ်တဲ့ အီရန်-ပါကစ္စတန်ဓာတ်ငွေ့ပိုက်လိုင်း ပြန်လည်ဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

    အဲဒီစီမံကိန်းကို အမေရိကန်က နှစ်အတော်ကြာ ကန့်ကွက်ခဲ့ပေမယ့် နျူကလီးယားသဘောတူညီမှု ရပြီးနောက်ပိုင်း ပြန်လည်စတင်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ဖ်ကတော့ ပါကစ္စတန်အနေနဲ့ ဖြစ်နိုင်သမျှ စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုအခွင့်အလမ်းတွေအားလုံး အီရန်နဲ့ ဆောင်ရွက်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပြီး နှစ်နိုင်ငံကြား အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အရေး ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ဒေသတွင်းအကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ စတာတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

    Ref: Presstv