News @ M-Media

Tag: Pakistan

  • ဟိန္ဒူတို့၏ ဟိုလီသင်္ကြန်ပွဲတော်ကို ပါကစ္စတန်က ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး

    ဟိန္ဒူတို့၏ ဟိုလီသင်္ကြန်ပွဲတော်ကို ပါကစ္စတန်က ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး

    မတ် ၂၅၊ ၂၀၁၆
    M-Media

    paki

    – လူနည်းစု ဟိန္ဒူတို့၏ ဟိုလီ သင်္ကြန်ပွဲတော်ကို ပါကစ္စတန်က တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ယမန်နေ့က ကျင်းပခဲ့သည့် ထိုပွဲတော်တွင် လုံခြုံရေးများလည်း ချထားပေးခဲ့သည်ဟု သိရသည်။

    အာဏာရပါတီ၏ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပါကစ္စတန်ဟိန္ဒူကောင်စီမှ အကြီးအကဲဖြစ်သော ရာမက်ရှ် ကူးမားရ် ဗန့်က်ဝါနီက တင်သွင်းသည့် နိုင်ငံအတွင်းလူနည်းစုများ၏ နှစ်စဉ်ပွဲတော်များကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေး ဆုံးဖြတ်ချက်ကို ပါကစ္စတန်အစိုးရက ယခုလအတွင်း လက်ခံခဲ့ခြင်းဖြစ်သည်။

    “ဒီနှစ်မှာ ဟိုလီပွဲတော်ကို ဟိန္ဒူတွေသာမဟုတ်ပါဘူး။ နောက်ခံအမျိုးမျိုးက၊ ဘာသာတရားအမျိုးမျိုးက လူတွေ ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲကြပါတယ်။ ရောင်စုံအမှုန့်တွေ ပစ်ပေါက်ရင်း၊ အချိုမုန့်တွေ ၀ငှေရင်းပေါ့ဗျာ။ ပါကစ္စတန်အစိုးရကလည်း ဒီနှစ်မှာ လုံခြုံရေးပေးခဲ့ပြီး အရင်တုန်းက ဒါမျိုး မရှိပါဘူး” ဟု ပါကစ္စတန်-ဟိန္ဒူကောင်စီမှ ညှိနှိုင်းရေးမှူးဖြစ်သူ အေရွန်ကူးမားရ် ကွန်ဒ်နာနီက ပြောကြားခဲ့သည်။

    ကရာချီတွင် ဟိန္ဒူဘာသာဝင် ၅၀၀ ကျော်မှာ Swami Narayan Mandir တွင် ဟိုလီသင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။ ဟိုလီသင်္ကြန်ပွဲတော်ကို နွေဦးရာသီစတင်သည့် အထိမ်းအမှတ်အဖြစ် ကျင်းပကြခြင်းဖြစ်ပြီး ယခုနှစ်တွင် ဗုဒ္ဓဟူးနေ့က စတင်ခဲ့သည်။ အဆိုပါ ပွဲတော်ကို အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် အခြား ဟိန္ဒူလူဦးရေ အများအပြားရှိရာ နိုင်ငံများတွင် အဓိကထား ကျင်းပကြသည်။

    ပါကစ္စတန်၏ သန်း ၁၉၀ သော လူဦးရေတွင် ဟိန္ဒူများမှာ ၃ ရာခိုင်နှုန်းရှိပြီး အများစုမှာ နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် နေထိုင်ကြသည်။

    Ref: Aljazeera

  • အနာဂတ်မျိုးဆက် ငြိမ်းချမ်းရန် အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်ပြော

    အနာဂတ်မျိုးဆက် ငြိမ်းချမ်းရန် အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်ပြော

    မတ် ၁၀၊ ၂၀၁၆
    M-Media

    paki 4

    – မိမိတို့အစိုးရဟာ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက် ငြိမ်းချမ်းရေးကို ရှေးရှုပြီး အကြမ်းဖက်ဝါဒကို ဦးဆောင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ယခုတစ်ပတ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟယာရေးရာ ၀န်ကြီး ဖိလစ်ဟမ်မွန်းကို ဧည့်ခံတွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပြီး အကြမ်းဖက်ဝါဒအား တိုက်ခိုက်ရေးဟာ ပါကစ္စတန်နိုင်ငံရဲ့ တာဝန်တစ်ရပ်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တစ်ဦးတစ်ယောက်ချင်းကဖြစ်စေ၊ အုပ်စုလိုက်ပဲဖြစ်စေ ဒါမှမဟုတ် နိုင်ငံတွေကဖြစ်စေ ပြုလုပ်တဲ့ ကမ္ဘာတစ်ဝှမ်းက ဘယ်လိုအကြမ်းဖက်မှုမျိုးမဆို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချုပါတယ်” လို့ ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် မိမိတို့အစိုးရ တက်လာခါစကတည်းက အကြမ်းဖက်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ စွမ်းအင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး၊ အစိုးရသက်တမ်းအဆုံးပိုင်းမှာ စွမ်းအင်ပြတ်တောက်မှုကို ကျော်ဖြတ်နိုင်ဖို့ ဆောင်ရွက်နေကြောင်း၊ အာဖဂန် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဖိလစ် ဟမ်မွန်းကလည်း ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲရေးကိစ္စတွေအတွက် ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ဦးဆောင်ဦးရွက်ပြုနေမှုကိုလည်း အထူးကျေနပ်အားရပြီး၊ အစိုးရအနေနဲ့ ပြည်တွင်းပြုပြင်ပြောင်းလဲရေး၊ အမျိုးသမီးတွေနဲ့ လူနည်းစုကို ကာကွယ်ဖို့ ဥပဒေပြဌာန်းပေးတာနဲ့ပက်သက်ပြီး လေးစားမိတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ထောင်ဖောက်၍ အကြမ်းဖက်သမားများအား လွှတ်ပေးရန်ကြံစည်မှုကို ပါကစ္စတန် ဖြိုခွင်း

    ထောင်ဖောက်၍ အကြမ်းဖက်သမားများအား လွှတ်ပေးရန်ကြံစည်မှုကို ပါကစ္စတန် ဖြိုခွင်း

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    paki 3

    – ထောင်ကျနေတဲ့အကြမ်းဖက်သမားတွေကို ထောင်ဖောက်ထုတ်ဖို့ ကြံစည်မှုတစ်ခုကို ပါကစ္စတန်က ဖြိုခွင်းလိုက်ပြီး အဲဒီစစ်ဆင်ရေးအတွင်းမှာ ကရာချီမြို့တောင်ပိုင်းက အလ်ကိုင်ဒါနဲ့ လရှ်ကာရ် အီ-ဂျန်ဂ်ဝီ (LeJ) အကြမ်းဖက်အဖွဲ့အစည်း တပ်မှူး ၃ ဦးအပါအ၀င် စစ်သွေးကြွ ၉၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း ပါကစ္စတန်လေတပ်စခန်းနှစ်ခု၊ ကရာချီလေဆိပ်၊ ဒေသဆိုင်ရာ ထောက်လှမ်းရေးဌာနချုပ်တွေ၊ ရဲဌာနတွေကို တိုက်ခိုက်မှုတွေမှာ ပါဝင်ပက်သက်နေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

    အိန္ဒိယတိုက်ငယ် အလ်ကိုင်းဒါးအဖွဲ့ခွဲ (AQIS) ရဲ့ လက်ထောက်အကြီးအကဲ ဖာရွတ် ဘတ်တီအပါအ၀င် LeJ အဖွဲ့ဝင် နအီးမ်ဘိုခါရီနဲ့ ဆဘီးရ်ခန်းတို့ကိုလည်း ပါကစ္စတန်တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်ရေးရာပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ် အာဆင်း ဘဂ်ျဝါက ပြောခဲ့ပါတယ်။

    “အကျဉ်းချုပ်ပြောနိုင်တာကတော့ အကြမ်းဖက်အုပ်စုအားလုံးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဆက်သွယ်ဖို့ ကြိုးစားနေတယ်ဆိုတာပါပဲ” လို့ ဘဂ်ျဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

    LeJ နဲ့ AQIS တို့ဟာ ပါကစ္စတန်တာလီဘန်လို့ခေါ်တဲ့ တာရီခ်-တာလီဘန်ပါကစ္စတန် အဖွဲ့နဲ့ ပူးပေါင်းဆက်သွယ်ဖို့ လှုပ်ရှားနေတာပါ။ LeJ အဖွဲ့ဟာ အစ္စလာမ်အမည်ခံအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ဘာသာရေးဆိုင်ရာအယူအဆတွေဟာ IS တွေနဲ့ တစ်ထပ်တည်းနီးပါး တူညီပါတယ်။ အဲဒီအဖွဲ့ဟာ ပါကစ္စတန်က လူနည်းစုရှီယိုက်တွေကို သတ်ပစ်ပြီး စွန္နီဂိုဏ်းတည်ထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

    ဘူခါရီအပါအ၀င် အကြမ်းဖက်သမားတွေကို ဟိုင်ဒရာဘတ် ဗဟိုအကျဉ်းထောင်ကို ဖောက်ဖို့ ကြိုးစားမှုစွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဝေါစထရိဂျာနယ်သတင်းထောက် ဒန်နီယဲလ် ပါးလ်ကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ ခါလစ်ဒ် အိုမာရ်ရှိုက်ခ်ကို အဲဒီအကျဉ်းထောင်မှာပဲ ထိန်းသိမ်းထားတာဖြစ်ပြီး ထောင်ဖောက်မှုအတွင်း အကြမ်းဖက်သမားတွေက လွှတ်ပေးဖို့ စီစဉ်ထားတာပါ။

    တိုက်ခိုက်ဖို့ ကြံစည်နေသူတွေဟာ ဗန်ကားအပြည့် ဖောက်ခွဲရေးပစ္စည်းတွေ သိပ်ထည့်ထားပြီး အကျဉ်းထောင်ဝင်းကို ဖောက်ခွဲဖို့ လုပ်နေတာဖြစ်ကာ သူတို့သတ်ဖြစ်မယ့် ထောင်သား ၃၅ ယောက်ကိုလည်း စာရင်းပြုစုထားတယ်လို့ ပါကစ္စတန်စစ်တပ်က ဆိုပါတယ်။ ရှိုက်ခ်အပါအ၀င် ကယ်ထုတ်မယ့် အခြားသော အကျဉ်းသား ၁၀၀ ခန့်ရဲ့ စာရင်းလည်း သူတို့ဆီမှာ သီးခြား ရှိနေပါတယ်။

    ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေထဲမှာ အရင်က ရဲတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ခိုးယူသွားတဲ့ ရိုင်ဖယ်သေနတ်တွေလည်း တွေ့ရတယ်လို့ ဘဂ်ျဝါကဆိုပြီး တိုက်ခိုက်မှုအတွက် ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေတဲ့အချိန်မှာ ယခုလို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Arabnews

  • ပါကစ္စတန်ပြည်သူတွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့တဲ့ ဘာချာခန်းတက္ကသိုလ် အကြမ်းဖက်မှု

    ပါကစ္စတန်ပြည်သူတွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့တဲ့ ဘာချာခန်းတက္ကသိုလ် အကြမ်းဖက်မှု

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    paki
    သေဆုံးသွားသူများအတွက်ဆုတောင်းပွဲအခမ်းအနားမှ မြင်ကွင်းတစ်ခု

    – “အကြမ်းဖက်သမားတွေကို ကျွန်တော် ပြောချင်တာက – သူတို့ ဘယ်တော့မှ အောင်နိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။ သူတို့ရှုံးနိမ့်လိမ့်မယ်။ ကျွန်တော်တို့နိုင်မယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနေသူတွေဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းနေကြသူတွေ မဟုတ်ပါဘူး”

    ဒါကတော့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ချာရ်ဆာဒါမြို့က ဘာချာခန်းတက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ တာလီဘန်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ တက္ကသိုလ်အကြီးအကဲ ဖာခါရ်-အီ-အလမ်ရဲ့ ဖခင် ရှားဟ်ဟူစိန်ရဲ့ ရင်ဖွင့်သံပဲဖြစ်ပါတယ်။

    စစ်သွေးကြွတွေ ထကြွသောင်းကြမ်းနေတဲ့ ပက်ရှ်ဝါရ်မြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ချာရ်ဆာဒါက အဲဒီအဖြစ်အပျက်မှာ အပြစ်မဲ့ ပြည်သူ ၂၀ သေဆုံးခဲ့ပြီး အနည်းဆုံး ၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    အစိုးရကတော့ ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကို နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့ပြီး အစိုးရအဆောက်အဦး အားလုံးမှာလည်း ၀မ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ပါကစ္စတန်နိုင်ငံတော်အလံကို တိုင်တစ်ဝက်သာ လွှင့်ထူထားခဲ့ပါတယ်။

    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်ကတော့ ဒီကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ပြီး တိုက်ခိုက်မှုနောက်ကွယ်မှာရှိနေသူတွေကို ရေဆုံးမြေဆုံးလိုက်ကြဖို့လည်း လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးထားပါတယ်။

    အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ တာလီဘန်အဖွဲ့ကတော့ လူမျိုးစုဒေသတွေမှာ သူတို့ကို ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုအတွက် လက်တုံ့ပြန်တာလို့ ပြောခဲ့ပါတယ်။

    “စစ်သွေးကြွတွေက အဲဒီစာသင်ကျောင်းတွေကို ပိတ်ပစ်စေချင်ကြတယ်ဗျ။ ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ ပညာရေးကို ဆက်လက်သင်ကြားသွားမယ်ဆိုတာပါပဲ” လို့ ပြည်နယ်ပညာရေးဝန်ကြီး အာရစ်ဖ်ခန်းက ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်ခံရမှုအတွင်း သေဆုံးသွားသူ အများစုရဲ့ ဈာပနအခမ်းအနားတွေကိုတော့ မနေ့ကပဲ အစ္စလာမ့် ဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း သေဆုံးတစ်ချို့ရဲ့ ဈာပနကို ကျင်းပခဲ့ကြပြီး တက္ကသိုလ်အကြီးအကဲ ဖာခါရ်-အီ-အလမ်ရဲ့ ဈာပနကိုတော့ လူပေါင်း ၁၀၀၀ ၀န်းကျင်လောက် တက်ရောက်ခဲ့ပါတယ်။

    နောက်ပြီး မြို့တော်အစ္စလာမ်မာဘတ်အပါအ၀င် နိုင်ငံတစ်ဝှမ်းမှာလည်း သေဆုံးသွားသူတွေအတွက် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    paki 2
    သေဆုံးသွားသူတစ်ဦး၏ ဈာပနအခမ်းအနား

    “ပါကစ္စတန် မျိုးဆက်သစ်လူငယ်တွေဟာ အကြမ်းဖက်သမားတွေကို ဦးညွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ သန္ဓိဌာန်ချထားပါတယ်” လို့ ပါကစ္စတန်အားကစားဘုတ်အဖွဲ့ (PSB) ရဲ့ ဒါရိုက်တာဖြစ်သူ အခ်တာရ် နာဝဇ်က ပြောကြားခဲ့ပါတယ်။ အစ္စလာမ်မာဘတ်မှာပြုလုပ်ခဲ့တဲ့ ဆုတောင်းပွဲမှာ PSB က အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ အားကစားသမားတွေ စုစုပေါင်း ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပက်ရှ်ဝါရ်မြို့မှာ စစ်တပ်ကဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက စာသင်ကျောင်းကို တာလီဘန်တွေက ၀င်ရောက်ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ကျောင်းသားအများစုအပါအ၀င် စုစုပေါင်း လူ ၁၅၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင်ကတော့ ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ပြန်လည်သုံးသပ်ဖို့ ဒီနေ့မှာ တိုက်တွန်းလိုက်ပြီး အကြမ်းဖက်သမားတွေကို လေ့ကျင့်ပေးတဲ့ ဒါမှမဟုတ် ကူညီပေးတဲ့ အဖွဲ့တွေကို မရှင်းလင်းနိုင်သမျှတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

    ဘာချာတက္ကသိုလ်ဟာ ယခင်ကလည်း အကြမ်းဖက်သမားတွေရဲ့ အသေးစားတိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး ပါကစ္စတန်ပြည်သူတွေကတော့ အစိုးရအနေနဲ့ သူတို့ကို ကာကွယ်မပေးနိုင်ဘူးဆိုရင် သူတို့ဟာသူတို့ ကာကွယ်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “လူတော်တော်များများက သူတို့ရဲ့အိမ်တွေကိုပစ်ပြီး သူတို့ရဲ့ကိုယ်ပိုင်လက်နက်တွေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေကြပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့လေ” လို့ တိုက်ခိုက်မှုအတွင်း ယောက်ဖဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ နာဆင်းမ် အခ်ဘာရ်က ပြောကြားခဲ့ပါတယ်။

    Ref: Channelnewsasia, Aljazeera, PressTV

  • ပါကစ္စတန် တက္ကသိုလ်တစ်ခုကို တာလီဘန်များက အကြမ်းဖက်တိုက်ခိုက်

    ပါကစ္စတန် တက္ကသိုလ်တစ်ခုကို တာလီဘန်များက အကြမ်းဖက်တိုက်ခိုက်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    paki

    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်မြို့အနီးရှိ တက္ကသိုလ်တစ်ခုကို တာလီဘန်အကြမ်းဖက်သမားများက ယနေ့တွင် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    သေနတ်သမား ၄ ဦးက ပက်ရှ်ဝါရ် မြို့မှ ကီလိုမီတာ ၅၀ အကွာတွင်ရှိသည့် ချာဆာဒါမြို့တွင် ဘာချာချန်း တက္ကသိုလ်သို့ ဖောက်ခွဲမှု ၂ ခုနှင့်အတူ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အထူးတပ်ဖွဲ့ ၀င်များမှာ မြေပြင်နှင့် ဝေဟင်တို့မှ စစ်ဆင်ရေးများပြုလုပ်ကာ သေနတ်သမားများအား နှိမ်နင်းခဲ့သည်။

    ရဲတပ်ဖွဲ့အကြီးအကဲ ဆအီဒ် ၀ါဇီရ်ကမူ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ၂၁ ဦးသေဆုံးခဲ့ကာ မိမိတို့ လုံခြုံရေးတပ်ဖွဲ့များမှာ ထိုဒေသအား ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူမှာ ၃၀ ကျော်ရှိပြီး သေဆုံးသူများတွင် သေနတ်သမားများ ပါဝင်ခြင်း ရှိ၊ မရှိ အတိအကျမသိရှိရသေးပေ။

    ပါကစ္စတန် တာလီဘန်အဖွဲ့ TTP က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့ပြီး လူမျိုးစုဒေသများတွင် ၎င်းတို့အား ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုကို လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်း ပက်ရှ်ဝါရ်ရှိ စစ်တပ်ကဖွင့်လှစ်ထားသော စာသင်ကျောင်းသို့ တာလီဘန်များက ၀င်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျောင်းသား အနည်းဆုံး ၁၃၀ ကျော် သေဆုံးခဲ့သည်။

    Ref: Channelnewsasia