News @ M-Media

Tag: Pakistan

  • ပါကစ္စတန်တွင် ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်ခံရပြီး အနည်းဆုံး လူ ၂၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    ပါကစ္စတန်တွင် ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်ခံရပြီး အနည်းဆုံး လူ ၂၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    ဒီဇင်ဘာ ၃၁၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – ဟိန္ဒူဘာသာဝင်များ တရားရုံးချုပ်ရှေ့တွင် ဆန္ဒပြနေစဉ်)

    -နိုင်ငံအရှေ့မြောက်ပိုင်း ခိုင်ဘာ ပက်ခ်သွန်ခွာမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်အစိုးရက မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေအပါအဝင် လူ နှစ်ဒါဇင်ကျော်ကို ဖမ်းထားပါတယ်။

    ကာရက်ဆိုတဲ့မြို့က Shri Paramhans Ji Maharaj Samadhi ဟိန္ဒူဘုရားကျောင်း တိုးချဲ့ ဆောက်လုပ်တာကို ဒေသခံတွေ မကျေနပ်ရာကနေ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တိုက်ခိုက်ဖြိုဖျက်တဲ့အထိ ဖြစ်လာတာပါ။

    ဒီဘုရားကျောင်းဟာ ၁၉၉၇ ခုနှစ်ကလည်း တစ်ကြိမ် တိုက်ခိုက်ဖျက်ဆီးခံရပြီး ပြည်နယ်အာဏာပိုင်တွေက အကန့်အသတ်နဲ့သာ ပြင်ဆင်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ ပါကစ္စတန်တရားရုံးချုပ်က ဒီဟိန္ဒူဘုရားကျောင်းကို အပြည့်အ၀ပြင်ဆင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ အစ်ရ်ဖန်နွလ္လာဟ်ခန်းက မြို့က ဟိန္ဒူလူ့အဖွဲ့အစည်းဟာ ဘုရားကျောင်းဘေးနားကအိမ်ကို ဝယ်ယူပြီး တိုးချဲ့တာကို ဒေသခံတွေက မကျေမနပ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ကာရက်မြို့က မွတ်စလင်ဘာသာရေးဆရာတွေနဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးပါတီ အိုလမာ-အီ-အစ္စလာမ်က အဖွဲ့ဝင်တွေ ဦးဆောင်ပြုလုပ်တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

    ဒေသရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်မှုအပြီးမှာပဲ လူ ၂၆ ဦးကို ဖမ်းဆီးထားပြီး နောက်ထပ် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ပါကစ္စတန် သာသနာရေးဝန်ကြီး နူရွလ်ဟက် ကာဒရီက တိုက်ခိုက်မှုဟာ ‘လူမှုသဟဇတဖြစ်မှုကို ပျက်ပြားအောင် ပူးပေါင်းကြံစည်မှု’ ဖြစ်ကြောင်း၊ တစ်ခြားသူတွေရဲ့ ဘာသာရေးအဆောက်အဦးတွေအပေါ် တိုက်ခိုက်တာကို အစ္စလာမ်သာသနာက တားမြစ်ထားကြောင်း၊ လူနည်းစုတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို စောင့်ရှောက်ဖို့ဟာ အစ္စလာမ်က သတ်မှတ်ထားတဲ့တာဝန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့တာဝန်၊ အမျိုးသားရေးတာဝန် ဖြစ်ကြောင်း ဒီကနေ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းက​လည်း နိုင်ငံအတွင်းက လူနည်းစုတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံတယ်လို့ ဖေဖော်ဝါရီလက ပြောကြားခဲ့ဖူးပါတယ်။

    “မွတ်စလင်မဟုတ်တဲ့ နိုင်ငံသား၊ သူတို့ရဲ့ ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားတဲ့ ဘယ်သူ့ကိုမဆို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ပြည်သူတွေကို ကျွန်တော် သတိပေးချင်ပါတယ်။ လူနည်းစုတွေလည်း နိုင်ငံသားအခွင့်အရေး တန်းတူရှိပါတယ်”

    ဟိန္ဒူများ ဆန္ဒပြ

    ပါကစ္စတန်နိုင်ငံရဲ့ လူဦးရေ သန်း ၂၀၀ မှာ ဟိန္ဒူဘာသာဝင် ၂ ရာခိုင်နှုန်းသာ ရှိပါတယ်။

    ဟိန္ဒူအများစုနေထိုင်တဲ့ ကရာချီမြို့က တရားရုံးချုပ်ရှေ့မှာ ဟိန္ဒူဘာသာဝင် ၂၀၀ လောက် ဒီကနေ့မနက်မှာ ဆန္ဒပြခဲ့ပြီး မနေ့က တိုက်ခိုက်မှုအတွက် တရားမျှတစွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    “အခြားသူတွေရဲ့ ဘာသာတရားကို လေးစားရမယ်။ ကျွန်တော်တို့တွေဟာ ပါကစ္စတန်တွေပါ။ တိုင်းပြည်သစ္စာစောင့်ဖို့ လက်မှတ် ဘယ်သူကမှ ကျွန်တော်တို့ကို လာပေးထားစရာ မလိုပါဘူး” လို့ ဆင်းပြည်နယ်လွှတ်တော်အမတ် မန်ဂလာ ရှရ်မာက ပြောပါတယ်။

    ပါကစ္စတန်ဟိန္ဒူကောင်စီဥက္ကဌ ကိုဂါလ် ကာမူနီက တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက တားဆီးတာမျိုးမရှိဘဲ ရပ်ကြည့်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကထုတ်ပြန်တဲ့ လူနည်းစုတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနည်းတူ ပါကစ္စတန်လည်း ပါဝင်ပါတယ်။

    ပါကစ္စတန် လူ့အခွင့်အရေးဝန်ကြီး ရှီရင်း မာဇာရီက နိုင်ငံသားအားလုံးနဲ့ သူတို့ရဲ့ ဝတ်ပြုရာအဆောက်အဦးတွေကို စောင့်ရှောက်ရမယ့်တာဝန်ဟာ အစိုးရတာဝန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြို့တော်အစ္စလာမ်မာဘတ်က ဟိန္ဒူဘုရားကျောင်းတစ်ခု ဆောက်လုပ်မှုကို မွတ်စလင်မဘသအဖွဲ့ဝင်တွေက နှောက်ယှက်တာမျိုး ပြီးခဲ့တဲ့လတွေမှာ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် ပါကစ္စတန်ရဲ့ ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့က အစ္စလာမ့် ရှရီအသ်တရားတော်အရ လူနည်းစု ဟိန္ဒူတွေဟာ ဝတ်ပြုရာနေရာ ဆောက်လုပ်ခွင့်ရှိပြီး မွတ်စလင်တွေက ဒီနေရာတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ်လို့ နိုဝင်ဘာလမှာ ဓမ္မသတ်အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ပါကစ္စတန်အစိုးရကလည်း ဒီဘုရားကျောင်းအတွက် ရန်ပုံငွေ ပေးအပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ရှရီအာဥပဒေ၏ လူနည်းစုအခွင့်အရေးအရ ဟိန္ဒူဘုရားကျောင်းဆောက်ခွင့်ပေးရန် ပါကစ္စတန် ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့ ဆုံးဖြတ်

    ရှရီအာဥပဒေ၏ လူနည်းစုအခွင့်အရေးအရ ဟိန္ဒူဘုရားကျောင်းဆောက်ခွင့်ပေးရန် ပါကစ္စတန် ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့ ဆုံးဖြတ်

    အောက်တိုဘာ ၂၉၊ ၂၀၂၀
    M-Media

    ပါကစ္စတန်မှ ဟိန္ဒူဘုရားကျောင်း

    -ဘာသာရေးကိစ္စတွေမှာ အစိုးရကို အကြံပေးနေတဲ့ ပါကစ္စတန် အစ္စလာမ့် သာသနာရေးရာကောင်စီ (CII) က မြို့တော် အစ္စလာမ်မာဘတ်မှာ ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ဖို့ ခွင့်ပြုခဲ့ပြီး လူနည်းစုတွေ ဝတ်ပြုရာနေရာ ရရှိရေး အာမခံပေးထားတဲ့ အစ္စလာမ့်ရှရီအာဥပဒေအတိုင်း ဆုံးဖြတ်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် မြို့တော် အစ္စလာမ်မာဘတ်မှာ ဟိန္ဒူဘုရားကျောင်းသစ်တစ်ခု ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ လူဦးရေ ၁ သန်းကျော်ရှိနေတဲ့ အစ္စလာမ်မာဘတ်မှာ ဟိန္ဒူဦးရေက ၃ သောင်းလောက် ရှိနေတာပါ။

    ပါကစ္စတန်လွှတ်တော်က ထင်ရှားတဲ့ ဟိန္ဒူခေါင်းဆောင် လာလ်မလ်ဟီက CII ရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

    အခြေခံဥပဒေမှာ အာမခံထားတဲ့ လူနည်းစုအခွင့်အရေးအရ ဟိန္ဒူတွေဟာ ဘာသာရေးကိစ္စအတွက် သင့်လျော်တဲ့ ဝတ်ပြုရာနေရာတစ်ခုရှိဖို့ လိုအပ်တယ်လို့ ထိပ်တန်း အစ္စလာမ် သာသနာ့ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ CII ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ လူနည်းစုတွေ မင်္ဂလာအခမ်းအနား၊ ဘာသာရေးအခမ်းအနားတွေကျင်းပနိုင်ရေး ဟောခန်းမတစ်ခု တည်ဆောက်ဖို့လည်း CII က ခွင့်ပြုခဲ့ပါတယ်။

    သဘောထားတင်းမာပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ကြွေးကြော်နေတဲ့ မွတ်စလင်တစ်ချို့ရဲ့ ခြိမ်းခြောက်မှုကြောင့် အစ္စလာမ်မာဘတ်မြို့က ဆောက်လုပ်ဆဲ ဟိန္ဒူဘုရားကျောင်းကို ရပ်ဆိုင်းထားဖို့ ဝန်ကြီးချုပ် အင်မရန်းခန်းက ဇွန်လမှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ပါကစ္စတန် ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့ CII ရဲ့ အခုထုတ်ပြန်မှုကြောင့် ဟိန္ဒူဘုရားကျောင်း ဆောက်လုပ်ရေးလုပ်ငန်း ပြန်လည်စတင်နိုင်တော့မှာပါ။ ဒီဘုရားကျောင်းအတွက် ပြည်သူ့ဘဏ္ဍာထဲက ကန်ဒေါ်လာ ၆ သိန်း ထုတ်ပေးဖို့လည်း ဝန်ကြီးချုပ် အင်မရန်းခန်းက ကတိပြုထားပါတယ်။ အင်မရန်းခန်းဟာ အခြေခံဥပဒေမှာ အာမခံပေးထားတဲ့ လူနည်းစုအခွင့်အရေး အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ အာဏာရလာတာ ဖြစ်ပါတယ်။

    ပန်ဂျပ်ပြည်နယ်က ဆစ်ခ်ဘာသာကိုတည်ထောင်သူ ဂုရုနာနက်ရဲ့ ဗိမာန်ကို အိန္ဒိယက ဆစ်ခ်ဘာသာဝင်တွေ အလွယ်တကူဘုရားဖူးလာရောက်နိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ အင်မရန်းခန်းအစိုးရက ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

    ၁၉၉၈ ခုနှစ် သန်းခေါင်စာရင်းအရ ပါကစ္စတန်မှာ ဟိန္ဒူဘာသာဝင် ၈ သန်းဝန်းကျင်ရှိပြီး အများစုဟာ ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာပြီးတဲ့နောက် အိန္ဒိယကနေ ပြောင်းရွှေ့လာကြသူတွေဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း ဟိန္ဒူဘုရားကျောင်း ၄၀၀ ကျော်ရှိနေပါတယ်။

    Ref: Aljazeera

  • သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ချခံနေရသူကို ပါကစ္စတန်က တရားသေလွှတ်ပေး

    သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်ချခံနေရသူကို ပါကစ္စတန်က တရားသေလွှတ်ပေး

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    -သာသနာညှိုးနွမ်းစေမှုစွဲချက်နဲ့ ထောင်ထဲမှာ ၇ နှစ် နေထိုင်နေရတဲ့ ခရစ်ယာန်ဘာသာဝင်တစ်ဦးကို ပါကစ္စတန်တရားရုံးက တရားသေလွှတ်ပေးခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်က ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှာ ​မွတ်စလင်အမျိုးသားတစ်ယောက်နဲ့ စကားများရန်ဖြစ်မှုအတွင်း အသက် ၄၀ အရွယ် ဆာဝမ် မာစီဟာ တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုတယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

    ဒီသတင်းပြန့်နှံ့သွားပြီးနောက် လာဟိုးရ်မြို့က ခရစ်ယာန်ဘာသာဝင်တွေအဓိကနေထိုင်တဲ့ရပ်ကွက်ကို ဒေါသထွက်နေတဲ့လူအုပ်ကြီးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    အဲဒီနောက် မာစီဟာ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲခံရပြီး ၂၀၁၄ ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

    လာဟိုးရ်ဟိုက်ကုတ်တရားရုံးရဲ့ အင်္ဂါနေ့က ကြားနာမှုမှာ မာစီအပေါ်စွဲချက်တင်ထားမှုအားလုံးကို ရုပ်သိမ်းကာ တရားသေလွှတ်ပေးလိုက်ပါတယ်။ ဘာ့ကြောင့် ဒီလိုလွှတ်ပေးရလဲဆိုတဲ့ အသေးိစတ်အချက်အလက်တွေကို မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့လည်း တရားရုံးက ပြောပါတယ်။

    အမြင့်ဆုံး သေဒဏ်အထိချမှတ်လို့ရတဲ့ သာသနာညှိုးနွမ်းစေမှုဥပဒေဟာ ပါကစ္စတန်မှာ အငြင်းပွားစရာ ဥပဒေတစ်ခု ဖြစ်ပါတယ်။

    ​အစ္စလာမ်ဘာသာကို စော်ကားတယ်လို့ သတင်းထွက်လာတိုင်း ဒေါသထွက်နေတဲ့လူအုပ်ကြီး ပေါ်ပေါက်လာပြီး နေအိမ်တွေ၊ စျေးဆိုင်တွေကို ဖျက်ဆီးတာမျိုးတွေ ရှိခဲ့ပါတယ်။

    လက်ရှိ ဝန်ကြီးချုပ်အမီးရ်ခန်းရဲ့ ပါကစ္စတန်အစိုးရဟာ သာသနာညှိုးနွမ်းစေမှု ဥပဒေ အလွဲသုံးစားလုပ်မှုကို လျေ့ချဖို့ ကြိုးစားနေပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ သံသယရှိသူ ၁၁၅ ဦးစလုံးကို သက်သေခံအထောက်အထား မပြည့်စုံတဲ့အတွက် တရားသေ လွှတ်ပေးခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် အစ္စလာမ်မုန်းတီးရေးကို အစိုးရကိုယ်တိုင်က ဆောင်ရွက်ဟု အင်မရန်းခန်း စွပ်စွဲ

    အိန္ဒိယတွင် အစ္စလာမ်မုန်းတီးရေးကို အစိုးရကိုယ်တိုင်က ဆောင်ရွက်ဟု အင်မရန်းခန်း စွပ်စွဲ

    စက်တင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    -အိန္ဒိယနိုင်ငံမှာ အစိုးရကိုယ်တိုင်က အစ္စလာမ်ဘာသာဝင်တွေအပေါ် အမုန်းတရားတွေဖြစ်လာအောင် ဦးဆောင်ပြုလုပ်နေတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပြီး၊ ကက်ရှ်မီးယားက ဖိနှိပ်ညှင်းပမ်းနေတဲ့ အခြေအနေတွေအတွက်လည်း ရှုတ်ချခဲ့ပါတယ်။

    “ပြောရမှာ အားနာပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ အစ္စလာမ်ကြောက်ရောဂါကို အစိုးရက စပွန်ဆာပေးလုပ်ခိုင်းတဲ့ တိုင်းပြည်တစ်ခုရှိနေတယ် ဒါကတော့ အိန္ဒိယပါ။ RSS (ဟိန္ဒူအစွန်းရောက်) အ​တွေးအခေါ်ဟာ ဒီကနေ့အိန္ဒိယကို ချယ်လှယ်နေတာဟာ ဒီနောက်ကွယ်က အကြောင်းအရင်း ဖြစ်ပါတယ်။ အိန္ဒိယဟာ ဟိန္ဒူတွေအတွက် သီးသန့်ဖြစ်ပြီး ဟိန္ဒူမဟုတ်တဲ့ အခြားသူတွေက ဒုတိယတန်းစား နိုင်ငံသားသာ ဖြစ်တယ်လို့ သူတို့ ယုံကြည်နေကြပါတယ်” လို့ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာ အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းကာ စစ်တပ်အမြောက်အများချပြီး ဒေသကို ပိတ်ဆို့ ထိန်းချုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေဟာ ဒေသခံတွေကို တရားလက်လွတ်ဖမ်းဆီးတာ၊ နေအိမ်တွေကို ဝင်ရောက်စီးနင်းတာ၊ ရိုက်နှက်တာစတဲ့ ညှင်းပမ်းမှုတွေ ရှိတယ်လို့ သတင်းတွေထွက်လာခဲ့ပြီး ဒေသခံတွေကလည်း ဒီလုပ်ရပ်တွေကို ဆန္ဒပြခဲ့ကြပါတယ်။

    အင်မရန်းခန်းက ဒီချိုးဖောက်မှုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုအခြေခံကာ ကက်ရှ်မီးယားကိစ္စ မဖြေရှင်းသမျှ ကာလပတ်လုံး တောင်အာရှမှာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရရှိမှာ မဟုတ်ဘူးလို့ မနေ့က ကုလမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံတော်တော်များများမှာ လွတ်လပ်စွာပြောဆိုခွင့်ကို အခြေခံပြီး မွတ်စလင်ကိုပစ်မှတ်ထားစော်ကာတာကိုလည်း ခန်းက ရှုတ်ချခဲ့ပါတယ်။

    “Charlie Hebdo မဂ္ဂဇင်းက ဘာသာရေးစော်ကားတဲ့ ကာတွန်းအပါအဝင် ဥရောပက လတ်တလောအဖြစ်အပျက်တွေကိုကြည့်ရင် ဒါကို သိနိုင်ပါတယ်”

    ပြင်သစ်မဂ္ဂဇင်းဖြစ်တဲ့ Charlie Hebdo ဟာ ၂၀၁၅ ခုနှစ်က ပထမဆုံး ပုံနှိပ်ခဲ့တဲ့ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းကို အခုလမှာ ပြန်လည်ပုံနှိပ် ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးကို အသိအမှတ်ပြုမည်မဟုတ်ဟု ပါကစ္စတန်ပြော

    အစ္စရေးကို အသိအမှတ်ပြုမည်မဟုတ်ဟု ပါကစ္စတန်ပြော

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်း

    -ပါလက်စတိုင်း ပြည်သူတွေအတွက် နိုင်ငံတစ်ခု မပေါ်လာမချင်း အစ္စရေးကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပါကစ္စတန်၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ဩဂုတ်လ ၁၃ ရက်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ အစ္စရေးတို့အကြား သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့အတွက် သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

    ဒါ့ကြောင့် ယူအေအီးဟာ ပင်လယ်ကွေ့ဒေသမှာ အစ္စရေးကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပြီး အရှေ့အလယ်ပိုင်းဒေသမှာ အီဂျစ်နဲ့ ဂျော်ဒန်တို့နောက်ပိုင်း အစ္စေရးနဲ့ ဆက်ဆံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

    ပါကစ္စတန်၀န်ကြီးချုပ် အင်မရန်းခန်းက မိမိတို့အနေနဲ့ အခြား တိုင်းပြည်တွေရဲ့လမ်းစဥ်ကို လိုက်မှာ မဟုတ်ဘူးလို့ ပြည်တွင်းရုပ်သံ Dunya News နဲ့ အဂင်္ါနေ့က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “အခြားနိုင်ငံတွေ ဘာပဲလုပ်လုပ် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးကို မပေးသမျှ၊ ဒီပြဿနာကို မဖြေရှင်းသမျှ ကာလပတ်လုံး အစ္စရေးကို အသိအမှတ်မပြုဘူးလို့ (ပါကစ္စန် တည်ထောင်သူ) မိုဟာမက် အလီဂျင်းနား ၁၉၄၈ ခုနှစ်မှာ ရှင်းရှင်းလင်းလင်း ပြောထားတဲ့ အတိုင်းပါပဲ”

    ပါလက်စတိုင်းတွေ ဖိနှိပ်ညှင်းပမ်းခံရမှုကို လစ်လျူရှုပြီး အစ္စရေးကို လက်ခံလိုက်မယ်ဆိုရင် ကက်ရှ်မီးယားကို လစ်လျူရှုလိုက်သလိုမျိုး ဖြစ်မှာဖြစ်ပြီး ဒါမျိုးကို ပါကစ္စတန်က လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း အင်မရန်းခန်းက ဆိုပါတယ်။

    ပါကစ္စတန်ရဲ့ ရပ်တည်ချက်အတွက် ကျေးဇူးတင်တယ်လို့ အစ္စလာမ်မာဘတ်မြို့ ပါလက်စတိုင်းသံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျကလည်း သူတို့အနေနဲ့ ယူအေအီးလမ်းစဥ်ကို လိုက်မှာမဟုတ်ဘဲ ပါလက်စတိုင်းတွေနဲ့ နိုင်ငံတကာသအိအမှတ်ပြု ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း အစ္စရေးကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera