News @ M-Media

Tag: Pakistan

  • သီးနှံဖျက်ကျိုင်းကောင်များကို ပါကစ္စတန်က အကျိုးရှိအောင် အသုံးချနေ

    သီးနှံဖျက်ကျိုင်းကောင်များကို ပါကစ္စတန်က အကျိုးရှိအောင် အသုံးချနေ

    ဇွန် ၁၁၊ ၂၀၂၀
    M-Media

    -ကောက်ပဲသီးနှံတွေကို ကိုက်ဖျက်စားသောက်တတ်တဲ့ ကျိုင်းကောင်တွေကို ဖမ်းဆီးကာ ကြက်အစာအဖြစ် ဖန်တီးအသုံးပြုတဲ့နည်းလမ်းကို ပါကစ္စတန်အစိုးရ အကောင်အထည်ဖော်နေပါတယ်။

    အခုနှစ် ပါကစ္စတန်နိုင်ငံ တစ်ချို့ဒေသတွေမှာ ကျိုင်းကောင်အုပ်တွေ ဝင်ရောက်ပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးမှုဟာ ၂၅ နှစ်အတွင်း အဆိုးဝါးဆုံး ဖြစ်နေကာ လယ်သမားတွေလည်း ရုန်းကန်နေရပါတယ်။

    ပါကစ္စတန်အစိုးရက ကျိုင်းကောင်တွေကို ဖမ်းဆီးကာ ကြက်အစာအဖြစ်အသုံးပြုတဲ့အစီအစဉ်ကို ဂျုံအဓိကထွက်တဲ့ ပန်ဂျပ်ပြည်နယ်မှာ ဖော်ဖော်ဝါရီလက စတင်ခဲ့ပြီး လယ်သမားတွေအနေနဲ့ ကျိုင်းကောင်တွေကို ဖမ်းဆီးဖို့လည်း တိုက်တွန်းအားပေးနေပါတယ်။

    အစိုးရဟာ ကျိုင်းကောင်အသေတစ်ကီလိုကို ရူပီး ၂၀ (ဒေါ်လာ ၁၂ ပြား) ပေးဝယ်နေပြီး ကြက်အစာကုမ္ပဏီ Hi-Tech Feeds ကို ပြန်သွင်းပါတယ်။ ဖေဖော်ဝါရီလ တစ်လအတွင်းမှာပဲ လယ်သမားတွေဟာ ကျိုင်းကောင် တန် ၂၀ လောက်ကို ဖမ်းဆီးကာ အစိုးရထံသွင်းနိုင်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ပါကစ္စတန်အစိုးရဟာ ဒီအစီအစဉ်ကို နိုင်ငံက အခြားပြည်နယ်တွေမှာ တိုးချဲ့ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

    ဒီအစီအစဉ်ကြောင့် Hi-Tech Feeds ကုမ္ပဏီ ကြက်စာထုတ်လုပ်မှု ကုန်ကြမ်းရဲ့ ၁၀ ရာခိုင်နှုန်းကို ကျိုင်းကောင်တွေနဲ့ အစားထိုးနိုင်နေပြီ ဖြစ်ပါတယ်။

    “ကြက်အစာနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ အသားစားကြက်မွေးမြူရေးမှာ ကျိုင်းကောင်တွေကို အစာအဖြစ်အသုံးပြုဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်” လို့ ကုမ္ပဏီမန်နေဂျာ မိုဟာမက် အက်သာရ်က ပြော​က​ြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း လူနေအိမ်များပေါ်သို့ ပျက်ကျမှု ဖြစ်ပွား

    ပါကစ္စတန်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း လူနေအိမ်များပေါ်သို့ ပျက်ကျမှု ဖြစ်ပွား

    မေ ၂၂၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ ဒီကနေ့ညနေပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူအများအပြားသေဆုံးဖွယ် ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ကနေ တောင်ပိုင်း ကရာချီမြို့ကို ပျံသန်းလာတဲ့ အဲဒီ PK 8303 လေယာဉ်မှာ ခရီးသည် ၉၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦး လိုက်ပါလာတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ပါကစ္စတန်ဟာ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းထားရကနေ အခုမှ ပြန်လည်ပြေးဆွဲတာပါ။

    ကရာချီမြို့ လေဆိပ်ကို ဆင်းကာနီးမှာ တယ်လီဖုန်းတာဝါတိုင်တစ်ခုကို တိုက်မိပြီး လူနေအိမ်ယာတွေပေါ်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ မပျက်ကျခင်မှာ လေယာဉ်ဘီး ချမရဘူးလို့ လေယာဉ်မှူးက သတင်းပို့တာ ရှိပေမယ့် ပျက်ကျမှုအကြောင်းအရင်းကိုပြောဖို့ စောနေသေးတယ်လို့ ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း(PIA) ရဲ့ပြောရေးဆိုခွင့်ရှိသူ အဘ်ဒူလာ ဟာဖစ်ဇ်က ပြောကြားခဲ့ပါတယ်။

    ​ပျက်ကျသွားတဲ့လေယာဉ်ဟာ Airbus A320 အမျိုးစား လေယာဉ်ဖြစ်ပြီး သက်တမ်း ၁၅ နှစ်ရှိပါပြီ။ ပါကစ္စတန်စစ်တပ်က တပ်ဖွဲ့တွေကို အခင်းဖြစ်ရာတစ်ဝိုက်မှာ ချထားလိုက်ပြီး ရဟတ်ယာဉ်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်က နိုင်ငံအနောက်မြောက်ပိုင်း Khyber-Pakhtunkhwa ပြည်နယ်မှာ ပြည်တွင်း ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ၄၇ ဦး သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်သမိုင်းမှာ အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှုက ၂၀၁၀ ခုနှစ် အစ္စလာမ်မာဘတ်မြို့အနီး AirBlue လေယာဉ် ပျက်ကျမှုဖြစ်ပြီး ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Reuters

  • ပါကစ္စတန်တွင် ကိုဗစ်ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း မြင့်တက်လာ

    ပါကစ္စတန်တွင် ကိုဗစ်ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း မြင့်တက်လာ

    ဧပြီ ၂၁၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်နိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက်နဲ့ သေဆုံးမှုအရေအတွက်ဟာ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

    မနေ့က ကူးစက်သူအရေအတွက် ၇၀၅ ဦးရှိခဲ့ပြီး၊ သေဆုံးသူက ၁၉ ဦး ရှိခဲ့ပါတယ်။ ဒါဟာ တစ်ရက်တာအတွင်း ကူးစက်မှု၊ သေဆုံးမှု အများဆုံးလည်းဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်မှုဟာ ၉၂၁၄ ဦး၊ သေဆုံးသူ ၁၉၂ ဦး ရှိလာတာပါ။

    ပါကစ္စတန်ဟာ စီးပွားရေးကျဆင်းမှုကို ထိန်းဖို့အတွက် တိုင်းပြည်အတွင်း ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို လျော့ပေါ့ပေးထားပါတယ်။ ပြန်လည်ကောင်းမွန်လာသူ အရေအတွက်က ၂၀၅၃ ဦး ရှိပါတယ်။

    နေ့စဉ် စစ်ဆေးမှုအရေအတွက် မြင့်တက်လာတာနဲ့အမျှ ရောဂါပိုးတွေ့ရှိသူ အရေအတွက်ကလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ လက်ရှိမှာ တစ်နေ့ကို လူပေါင်း ၂၅၀၀၀ လောက် စစ်​ဆေးနေပါတယ်။

    ပါကစ္စတန်မှာ Covid-19 ဟာ အိမ်နီးချင်း အီရန်နိုင်ငံက ခရီးသွားတွေကနေ စတင်ကူးစက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်တွှင်းကူးစက်မှုတွေ ဖြစ်လာတာပါ။

    ကျန်းမာရေးဝန်ကြီး ဇာဖာရ် မီရ်ဇာက ကမ္ဘာတစ်ဝှမ်းကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဆရာဝန်တွေ နိုင်ငံအတွင်း ပြန်လာကာ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနိုင်အောင် နည်းလမ်းတစ်ခု ဖန်တီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကျိုင်းကောင်ပြဿနာဖြေရှင်းရန် ပါကစ္စတန်သို့ တရုတ်က ‘ဘဲတပ်’ ပို့မည်

    ကျိုင်းကောင်ပြဿနာဖြေရှင်းရန် ပါကစ္စတန်သို့ တရုတ်က ‘ဘဲတပ်’ ပို့မည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်နိုင်ငံမှာ နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အခြေအနေဖြစ်လာတဲ့ ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းဖို့အတွက် ဘဲအုပ်တစ်အုပ် စေလွှတ်ဖို့ စီစဉ်နေတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    သန်းနဲ့ချီတဲ့ ကျိုင်းကောင်တွေ အုပ်ဖွဲ့ပြီး ကောက်ပဲသီးနှံကို စားသောက်ဖျက်ဆီးတဲ့ အန္တရာယ်ကို အာရှနဲ့ အာဖရိက နိုင်ငံတစ်ချို့က လတ်တလောမှာ ကြုံတွေ့နေရတာပါ။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် တရုတ်ကျွမ်းကျင်သူတွေဟာ ပါကစ္စတန်ကို သွားရောက်လေ့လာခဲ့ပြီးတဲ့နောက် အကောင်ရေ တစ်သိန်းပါဝင်မယ့် ဘဲအုပ်တစ်ခုကို နိုင်ငံအရှေ့ပိုင်း ကျီကျန်းပြည်နယ်ကနေ စေလွှတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

    ဘဲတွေစားတဲ့ အစာတွေထဲမှာ အင်းဆက်ပိုးမွှားတွေလည်း ပါဝင်ပြီး No. 1 Guoshao လို့ အမည်ပေးထားတဲ့ ကျီကျန်းက ဘဲတွေကတော့ ကျိုင်းကောင်တွေကို စားသောက်ရာမှာ နာမည်ကြီးပါတယ်။ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ လွန်ခဲ့တဲ့နှစ် ၂၀ ကျိုင်းကောင်ကပ်ဘေးကျရောက်ချိန် တရုတ်ဟာ ဘဲတွေနဲ့နှိမ်နှင်းတဲ့နည်းကို အသုံးပြုခဲ့ပြီး သိသာတဲ့ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

    ဘဲတွေကို အသုံးပြုတာဟာ ပိုးသတ်ဆေးကို အသုံးပြုတာထက် ကုန်ကျစားရိတ် ပိုသက်သာပြီး သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးမှုကိုလည်း လျော့ကျစေတယ်လို့ ကျီကျန်းပြည်နယ် စိုက်ပျိုးရေးနည်းပညာတက္ကသိုလ်က သုတေသနပညာရှင် လူလီကျီက ပြောကြားခဲ့ပါတယ်။

    ဘဲတစ်ကောင်ဟာ တစ်နေ့ကို ကျိုင်းကောင် ၂၀၀ လောက်ကို စားနိုင်ပြီး ကြက်တွေထက် ၃ ဆလောက် ထိရောက်မှုရှိပါတယ်။

    လူက ပါကစ္စတန်ကို ဘဲအုပ်လွှတ်မယ့်‌ကိစ္စဟာ လျာထားတာသာဖြစ်ပြီး လွှတ်ဖြစ်မယ်ဆိုရင်တောင် အခုနှစ်နှောင်းပိုင်းလောက်မှ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဘဲတွေနဲ့ ကျိုင်းကောင်အုပ်ကို နှိမ်နှင်းတဲ့ နည်းလမ်းဟာ အသုံးဝင်တယ်ဆိုတာကို သိရှိထားပေမယ့် စမ်းသပ်စစ်ဆေးမှုတွေ ထပ်လိုသေးတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Dailymail

  • ဘာသာပေါင်းစုံသဟဇာတဖြစ်ရေး ပါကစ္စတန်၏ ကြိုးပမ်းမှုကို ကုလအတွင်းရေးမှူး ချီးကျူး

    ဘာသာပေါင်းစုံသဟဇာတဖြစ်ရေး ပါကစ္စတန်၏ ကြိုးပမ်းမှုကို ကုလအတွင်းရေးမှူး ချီးကျူး

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    ကာတာပူးရ် စင်္ကြန်ကို သွားရောက်လည်ပတ်ခဲ့သည့် ဂူတာရက်ဇ်

    -ပါကစ္စတန်အစိုးရရဲ့ ဘာသာပေါင်းစုံ သဟာဇတဖြစ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို မြင်ရတာ ကျေနပ်မိတယ်လို့ ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

    ဂူတာရက်စ်ဟာ ပါကစ္စတန်ကို ၄ ရက်တာ အလည်အပတ်ခရီး ရောက်ရှိနေတာ ဖြစ်ပါတယ်။ အိန္ဒိယနယ်စပ်က ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့ ဆစ်စ်ဘာသာရေးစင်္ကြန်ဒေသ Kartarpur Corridor ကို သွားရောက်ခဲ့ပြီးတဲ့နောက် ပါကစ္စတန်ရဲ့ ဆောင်ရွက်ချက်တွေကို အခုလို ချီးကျူးခဲ့တာပါ။

    “မကြာသေးမီက ပါကစ္စတန်ကဖွင့်လှစ်ခဲ့တဲ့ ကာတာပူးရ်စင်္ကြန်ဒေသကို သွားရောက်ခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒီနေရာဟာ ဆစ်ခ်ဘုရားဖူးဒေသနှစ်ခုကို ဆက်သွယ်ထားတဲ့ မျှော်လင့်ခြင်း စင်္ကြန်ဒေသလည်း ဖြစ်ပါတယ်။ ဒါဟာ ဘာသာ‌ပေါင်းစုံ သဟဇာတဖြစ်ရေးအတွက် ကြိုဆိုရမယ့် လက္ခဏာတစ်ခုပါ”

    ကာတာပူးရ်စင်္ကြန်ဟာ ငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံသဟဇာတဖြစ်ရေးဆောင်ရွက်လိုတဲ့ ပါကစ္စတန်ရဲ့ ဆန္ဒကို လက်တွေ့ဖော်ကျူးနေတဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ခန္တီတရားကို‌ မြှင့်တင်ပေးမယ့်နေရာ ဖြစ်တယ်လို့လည်း ဂူတာရက်စ်က လာဟိုးရ်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ပန်ဂျပ်ပြည်နယ် နာရိုဝါလ်ခရိုင်က ဆစ်ခ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ Kartarpur Sahib နေရာကိုလည်း ဂူတာရက်စ်က သွားရောက်ခဲ့ပါတယ်။ အဲဒီနေရာဟာ ဆစ်ခ်ဘာသာကို တည်ထောင်သူ ဂုရုနာနက် နောက်ဆုံး ၁၈ နှစ်သက်တမ်း သီတင်းသုံးခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

    “ဆစ်ခ်တွေရဲ့ ဘာသာရေးအထွဋ်အမြတ်နေရာတွေကို မြင်ရတာ၊ ဆစ်ခ်တွေ၊ မွတ်စလင်တွေ၊ ဟိန္ဒူတွေ၊ ခရစ်ယာန်တွေ ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်နေတာတွေကို မြင်ရတာ ကြည်နူးစရာပါ။ ဒါဟာ ကမ္ဘာကြီးအတွက် အကောင်းဆုံး ပြယုဂ်လည်း ဖြစ်ပါတယ်။ ဘာသာတရားတွေဟာ ကျွန်တော်တို့ကို စည်းလုံးညီညွတ်စေတာမျိုးပဲ ဖြစ်ရမှာဖြစ်ပြီး ဒီအတွက် အကောင်းဆုံး ဥပမာက ဒီလို မြင့်မြတ်ရာနေရာတွေ ဖြစ်ပါတယ်”

    ကာတာပူးရ် စင်္ကြန်ဒေသဟာ ပါကစ္စတန် အရှေ့မြောက်ပိုင်းနဲ့ အိန္ဒိယအရှေ့ပိုင်းတို့ကို ဆက်သွယ်ရာနေရာ ဖြစ်ပါတယ်။ ဆစ်ခ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာနေရာတွေရှိတဲ့ ဒီ‌ဒေသကို ပါကစ္စတန်က ပြင်ဆင်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသည်တွေအတွက် ဗီဇာကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။ လက်ရှိ အဲဒီဒေသမှာ တစ်ရက်ကို ဘုရားဖူး ၅၀၀၀ လောက် လာရောက်လေ့ရှိပြီး ဒီပမာဏ ၂ ဆမြင့်တက်လာအောင်လည်း ပါကစ္စတန်က စီစဉ်နေပါတယ်။

    Ref: The Nation