News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းပိုင် ဟီဘရွန်မြို့တွင် တရားမ၀င်အိမ်ယာဆောက်ရန် အစ္စရေး စီစဉ်

    ပါလက်စတိုင်းပိုင် ဟီဘရွန်မြို့တွင် တရားမ၀င်အိမ်ယာဆောက်ရန် အစ္စရေး စီစဉ်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    ဟီဘရွန်တွင် ပါလက်စတိုင်းအိမ်ယာများကို ဂျူးများက အပိုင်စီးထားသည့် မြင်ကွင်း

    – ပါလက်စတိုင်းပိုင် ဟီဘရွန်မြို့တွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန် အစ္စရေးအစိုးရက အတည်ပြုလိုက်ပြီး ဟီဘရွန်တွင် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်။

    ဟီဘရွန်မြို့ဟောင်း ဘီအစ် ရိုမာနိုရပ်ကွက်တွင် အစ္စရေးက ဘတ်စ်ကားရပ်နားစခန်းအဖြစ် အသုံးပြုခဲ့ဖူးသည့် ရှူဟာဒါလမ်း၌ အိမ်ယာပေါင်း ၃၁ ခု ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ထိုနေရာနှင့် ကပ်လျက်တွင်လည်း ယခင်က ပါလက်စတိုင်းကျောင်းတစ်ခုအား အစ္စရေးစစ်တပ်က သိမ်းယူ အသုံးပြုနေသည်။

    ဟီဘရွန်မြို့တော်ဟောင်း၏ စီးပွားရေးအသက်သွေးကြောတစ်ခုဖြစ်သည့် ရှုဟာဒါလမ်းမကို အစ္စရေးစစ်တပ်က ၁၉၉၄ မှစ၍ ပိတ်ခဲ့ပြီး ဈေးဆိုင်အများအပြားကိုလည်း ပိတ်ပစ်ရန် ဖိအားပေးခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းပြည်သူများအား အဆိုပါလမ်းထဲ ၀င်ရောက်မှုကို ပိတ်ပင်ခဲ့သောကြောင့် ပါလက်စတိုင်းများမှာ အသက်မွေးလုပ်ငန်းအများအပြားနှင့် နေအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည်။

    အဆိုပါ တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းရန် ပါလက်စတိုင်းများအနေနှင့် အယူခံဝင်နိုင်သည်ဟု ဆိုသည်။

    ဟီဘရွန်မြို့တော်ဝန် တိုင်ဆီရ် အဘူ ဆနီနီဟ်က အစ္စရေး၏ ထိုဆုံးဖြတ်ချက်မှာ ဟီဘရွန်စည်ပင်ပိုင် နေရာကို ပြောင်ပြောင်တင်းတင်း ကျူးကျော်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

    ဟီဘရွန်မြို့သည် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် အစ္စရေးက နှစ်ပိုင်းပိုင်းကာ ထိန်းချုပ်ခဲ့သည်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းက တားမြစ်မှုများ ရှိသော်လည်း ၁၉၆၇ ခုနှစ်နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ခဲ့ပြီး လက်ရှိတွင် ထိုအိမ်ယာများတွင် အစ္စရေး သန်းဝက်ကျော် နေထိုင်နေသည်။

    Ref : Aljazeera

     

  • ပါလက်စတိုင်း နိုင်ငံရေးပါတီကြီးနှစ်ခု ရင်ကြားစေ့ရေး သဘောတူညီချက် ရရှိ

    ပါလက်စတိုင်း နိုင်ငံရေးပါတီကြီးနှစ်ခု ရင်ကြားစေ့ရေး သဘောတူညီချက် ရရှိ

    အောက်တိုဘာ ၁၃၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်း၏ အဓိကနိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်သော ဖာတာနှင့် ဟားမက်စ်တို့မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး သဘောတူညီချက်ကို ကိုင်ရို၌ ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၀ စုနှစ်တစ်ခုကြာ သဘောထားကွဲလွဲမှုကို အဆုံးသတ်ရန် အားထုတ်မှုဖြစ်သည်။

    ပါတီနှစ်ခုမှ ကိုယ်စားလှယ်များမှာ အင်္ဂါနေ့မှစ၍ ကိုင်ရိုတွင် ဆွေးနွေးခဲ့ကြပြီး ၂၀၁၁ ခုနှစ်က ရရှိခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့သည့် သဘောတူညီချက်ကိစ္စအတွက် အဓိကထားခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် ဖာတာပါတီ ဦးဆောင်သည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဇမ် အလ်-အဟ်မဒ်က ဂါဇာနှင့် အီဂျစ် နယ်စပ်ဖြတ်ကျော်မှုကိစ္စကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်၏ အစောင့်တပ်မှ တာဝန်ယူ စီမံသွားရန် နှစ်ဖက် သဘောတူခဲ့သည်ဟု ပြောကြားခဲ့သည်။

    အခြား သဘောတူညီချက်များတွင် လွှတ်တော်၊ သမ္မတနှင့် အမျိုးသားကောင်စီ ရွေးကောက်ပွဲများကို တစ်နှစ်အတွင်း ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲမတိုင်ခင် ဖာတာနှင့် ဟားမက်စ်အဖွဲ့ပေါင်းကာ ကြားဖြတ်အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းရေးတို့လည်း ပါဝင်သည်။

    သို့သော် သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

    ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်၌ ဖာတာပါတီအား ဟားမက်စ်က အပြတ်အသတ်အနိုင်ရပြီးနောက်ပိုင်း ပါတီနှစ်ခုအကြား သဘောထားတင်းမာမှုများ မြင့်တက်ခဲ့သည်။

    ယခင်က ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပေ။

    ယခုဆွေးနွေးမှုကို အီဂျစ်က စီစဉ်ပေးခြင်းဖြစ်ပြီး သဘောတူညီချက် အကောင်အထည်ဖော်နိုင်ပါက ဂါဇာပြည်သူများ ကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ လျော့ပါးဖွယ် ရှိနေသည်။

    Ref: Aljazeera

  • ပါလက်စတိုင်း နိုင်ငံရေးပါတီနှစ်ခု ကိုင်ရိုတွင် တွေ့ဆုံဆွေးနွေး

    ပါလက်စတိုင်း နိုင်ငံရေးပါတီနှစ်ခု ကိုင်ရိုတွင် တွေ့ဆုံဆွေးနွေး

    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media

    ကိုင်ရိုသို့ ရောက်ရှိလာသည့် ကိုယ်စားလှယ်များ

    – ပါလက်စတိုင်းနိုင်ငံရေးပါတီများဖြစ်သော ဟားမတ်စ်နှင့် ဖာတာအဖွဲ့တို့မှ ကိုယ်စားလှယ်များမှာ အီဂျစ်မြို့တော် ကိုင်ရိုတွင် ပြန်လည်ရင်ကြားစေ့ရေးဆွေးနွေးရန် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြသည်။

    တွေ့ဆုံပွဲ၌ ၁၀ နှစ်ကြာ ဂိုဏ်းဂဏကွဲပြားမှုကို အဆုံးသတ်စေရေးအတွက် နိုင်ငံရေးပါတီနှစ်ခုအကြား ၂၀၁၁ ခုနှစ် ကိုင်ရိုသဘောတူညီချက်စာချုပ်ကို လက်တွေ့ကျင့်သုံးရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။

    ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်များမှာ ဟားမတ်စ် နိုင်ငံရေးရုံးတွဲဖက်ဥက္ကဌ ဆွာလေ အလ်အရူရီနှင့် ဖာတာဗဟိုကော်မတီအဖွဲ့ဝင် အာဇမ် အလ်-အဟ်မဒ်တို့ ဖြစ်သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းမှ ဟားမတ်စ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဆန် ယူစွတ်ဖ်က ဂျော်ဒန်မှတဆင့် ကိုင်ရိုသို့ ဆွေးနွေးပွဲလာရောက်ရန် ကိုယ်စားလှယ်တစ်ဦးကို အစ္စရေးက ပိတ်ပင်တားဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခါလစ်အလ်ဟာယာက ယခုတွေ့ဆုံပွဲတွင် တရားဥပဒေပြုရေး၊ သမ္မတရွေးချယ်ရေးနှင့် အမျိုးသားကောင်စီရွေးချယ်ရေးတို့အတွက် ပြင်ဆင်ရန်နှင့် ပါလက်စတိုင်နိုင်ငံရေးပါတီများအားလုံး ပူးပေါင်းပါဝင်သည့် ညီညွတ်သောအစိုးရတစ်ရပ် ဖွဲ့စည်းရန်၊ အစ္စရေး၏ စီမံကိန်းများအပေါ် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန်နှင့် ပါလက်စတိုင်းနှစ်ခြမ်းခွဲမည့်ကိစ္စကို အဆုံးသတ်ရန် ဆွေးနွေးမည်ဟု ဆိုသည်။

    ဟားမက်စ်၏ ဂါဇာကမ်းမြှောင်ဒေသအား ထိန်းချုပ်ထားမှုကို လက်လွှတ်ရန် ဖိအားပေးသည့် လုပ်ရပ်များကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အတ်စ်က ပြီးခဲ့သည့်လအနည်းငယ်အတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါဖိအားများတွင် ဂါဇာရှိ ပါလက်စတိုင်းအလုပ်သမားများထံမှ လစာငွေဖြတ်တောက်ခြင်းလည်း ပါဝင်ပြီး ဂါဇာအား
    လျှပ်စစ်ဓာတ်အား လျှော့ချရန် အစ္စရေးကို တောင်းဆိုခဲ့သည်။

    ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းအားထုတ်မှုအောင်မြင်ပါက ၎င်းတို့အနေနှင့် ဂါဇာဒေသရှိ ဆိုးရွားလှသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို လျော့ကျအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၄၀၀၀ အစ္စရေး ထပ်ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၄၀၀၀ အစ္စရေး ထပ်ဆောက်မည်

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများ

    – နိုင်ငံတကာအသိုင်းအ၀ိုင်းက ဆန့်ကျင်မှုများ ရှိသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် ကျူးကျော်အိမ်ယာ ၄၀၀၀ ခန့် ထပ်မံတည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။

    ထိုကဲ့သို့ တရားမ၀င်အိမ်ယာများ ထပ်မံဆောက်လုပ်မည့် အစီအစဉ်ကို ယခုတစ်ပတ်အတွင်း အစ္စရေးအစိုးရ အတည်ပြုရန် ရှိနေသည်ဟု တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ အစ္စရေးနေ့စဉ်သတင်းစာ Jerusalem Post က မနေ့တွင် ဖော်ပြခဲ့သည်။

    ယင်းစီမံကိန်း၌ ပါဝင်သောနေရာများမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ Negohot၊ Rehalim၊ Har Bracha၊ Kochav Ya’acov၊ Ma’aleh Michmash၊ Kfar Etzion, Beit El၊ Tekoa၊ Avnei Hefetz နှင့် Nofim ဒေသများဖြစ်သည်။

    ၁၉၆၇ ခုနှစ်တွင် ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ပြီးကတည်းက အစ္စရေမှာ တရားမ၀င် အခြေချအိမ်ယာ ၂၃၀ ကို ဆောက်လုပ်ခဲ့ပြီး အစ္စရေး ၆ သိန်းကျော် နေထိုင်နေသည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ထိုကဲ့သို့ အခြေချအိမ်ယာများ ဆက်လက် ဆောက်လုပ်နေမှုက အရှေ့အလယ်ပိုင် တည်ငြိမ်ရေးအတွက် အဟန့်အတား ဖြစ်နေသည်။

    Ref : Presstv

  • ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်း ၀န်ကြီးချုပ် ဂါဇာသို့ သွားရောက်

    ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်း ၀န်ကြီးချုပ် ဂါဇာသို့ သွားရောက်

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့အကြား အမျိုးသားရင်ကြားစေ့ရေးအပေါ် ကြိုးစားအားထုတ်မှုတစ်ခုအနေဖြင့် ပါလက်စတိုင်း ၀န်ကြီးချုပ် ရာမီ ဟမ်ဒါလာသည် တနင်္လာနေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    ၎င်း၏လည်ပတ်မှုအပေါ် သတင်းစာရှင်းလင်းပွဲ၌ ဟမ်ဒါလာက ယခုလည်ပတ်မှုကို ‘သမိုင်းဝင်ကာလတစ်ခု’ အဖြစ် ခေါ်ဆိုခဲ့ပြီး ပါလက်စတိုင်း ပြည်သူများ စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဒီကိုလာရခြင်းဟာ ပါလက်စတိုင်းသမ္မတမဟ်မူးဒ် အတ်စ်ရဲ့ ညွှန်ကြားချက်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ဂါဇာရဲ့ အချက်အခြနေရာကနေ ကမ္ဘာကြီးကို ကြေငြာချင်တာက အနောက်ဖက်ကမ်းနဲ့ ဂါဇာတို့အကြား နိုင်ငံရေးအရ၊ ပထ၀ီအနေအထားအရ ပေါင်းစည်းမှုမရှိဘဲ ပါလက်စတိုင်းတိုင်းနု
ိင်ငံ ဖြစ်လာမှာမဟုတ်ဘူး ဆိုတာပါပဲ”

    ယခုလည်ပတ်မှုသည် ၂ နှစ်အတွင်း ဟမ်ဒါလာ၏ ပထမဆုံးအကြိမ် ဂါဇာသို့ သွားရောက်မှုဖြစ်သည်။

    ဂါဇာရှိ ပါလက်စတိုင်း ပြည်ထဲရေးဝန်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့အကြား သဘောထားကွဲလွဲမှုများကို ဖယ်ရှားပြီး ပြည့်ဝသည့် အမျိုးသားရင်ကြားစေ့ရေး အောင်မြင်အောင် ကြိုးစားကာ ပြည်သူလူထု၏ လုံ့လ၀ိရိယ အားကောင်းလာအောင်၊ မိမိတို့၏ အခွင့်အရေးများကို ရယူလာနိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် ဟားမက်စ်အဖွဲ့မှာ သမ္မတ မဟ်မူးဒ်အဘတ်စ်၏ ဖာတာပါတီကို လွှတ်တော် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဟားမက်စ်မှာ ဂါဇာကို သိမ်းပိုက်ခဲ့ပြီး အာဏာရ ဖာတာပါတီနှင့် သဘောထားကွဲလွဲမှု ကြီးထွားလာခဲ့သည်။

    Ref: Aljazeera