News @ M-Media
Tag: Palestine
  • ဂျေရုစလင်ရှိ အလ်-အက်ဆာဗလီနှင့်ပတ်သက်၍ သိထားရမည့် အချက် ၅ ချက်
    ဂျေရုစလင်ရှိ အလ်-အက်ဆာဗလီနှင့်ပတ်သက်၍ သိထားရမည့် အချက် ၅ ချက်
    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media
    ဂျေရုစလင်မြို့ရှိ အလ်-ဟရမ် အလ်-ရှရှစ်ဖ်
    – အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေက ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေအကြား ဆန္ဒပြမှုတွေ၊ ထိပ်တိုက်တွေ့ဆုံမှုတွေဟာ အခုရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ် ဖြစ်လာခဲ့ပါတယ်။
    ဇူလိုင်လ ၁၄ ရက်နေ့ ဂျေရုစလင်မြို့ဟောင်းက အလ်-အက်ဆာဗလီဝတ်ကျောင်းတော် အပြင်ဘက်မှာ ပါလက်စတိုင်း ၃ ဦးက အစ္စရေးတပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ပစ်ခတ်မှုအပြီး အစ္စရေးက ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့တာကြောင့် ဒီလို မငြိမ်မသက်မှုတွေ ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ ၁၉၆၉ ခုနှစ်နောက်ပိုင်း အလ်-အက်ဆာဗလီ ပထမဆုံး အပိတ်ခံရမှုလည်း ဖြစ်ပါတယ်။
    နောက်ပိုင်းမှာ ဗလီကို အစ္စရေးက ပြန်ဖွင့်ပေးခဲ့ပေမယ့် ဗလီဝင်တဲ့ ဂိတ်ပေါက်တွေမှာ သတ္တုရှာဖွေရေးစက်တွေ တပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းတွေက သူတို့နဲ့သက်ဆိုင်တဲ့ အလ်-အက်ဆာဗလီကို အစ္စရေးရဲ့ သိမ်းပိုက်လိုတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ မှတ်ယူခဲ့ပါတယ်။
    အဲဒီနောက် ဒီစက်တွေကိုဖြတ်ကာ ဗလီဝတ်ကျောင်းတော်အတွင်းဝင်ရောက်ဖို့ ပါလက်စတိုင်းတွေက ငြင်းဆိုခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံးမှာ နေ့စဉ်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ဇူလိုင်လ ၂၁ ရက် သောကြာနေ့ဝတ်ပြုအပြီးမှာ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းပြည်သူတွေဟာ ဗလီဝတ်ကျောင်းတော်ရဲ့ ၀င်ပေါက်တွေအရှေ့မှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့တာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၅ ဦးသေဆုံးခဲ့ကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
    အလ်-အက်ဆာဗလီဝတ်ကျောင်းတော်ဟာ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခမှာ အဓိကကျတဲ့ အရာတစ်ခုဖြစ်နေပြီး ဒါနဲ့ပတ်သက်လို့ သိထားရမယ့်အချက် ၅ ခုရှိပါတယ်။
    ၁။ ဘာ့ကြောင့် ဒီဗလီက အရေးပါသလဲ
    အလ်-အက်ဆာဗလီဆိုတာ မွတ်စလင်တွေက အလ်-ဟရမ် အလ်-ရှရှစ်ဖ်လို့ခေါ်ပြီး ဂျူးတွေက Temple Mount လို့ခေါ်တဲ့ ၃၅ ဧကကျယ်တဲ့ ပရ၀ုဏ်ထဲမှာတည်ရှိတဲ့ ငွေရောင်အမိုးခုံးနဲ့ ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။ အဲဒီပရ၀ုဏ်ကြီးဟာ ကုလရဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဂျေရုစလင်မြို့ဟောင်းမှာ တည်ရှိပါတယ်။ ဒီပရ၀ုဏ်ဟာ တမန်တော်အီဗရာဟင်ကို အခြေခံပြီး ဖြစ်လာတဲ့ ဘာသာတရား ၃ ခုစလုံးအတွက် အရေးကြီးတဲ့ နေရာဖြစ်ပါတယ်။
    ၁၉၆၇ ခုနှစ်မှာ အစ္စရေးက အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်နဲ့ မြို့ဟောင်းအပါအ၀င် အရှေ့ဂျေရုစလင်တို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း အလ်-ဟရမ် အလ်-ရှရစ်ဖ်ဟာ ပါလက်စတိုင်းမှာ ထိပ်တိုက်တွေ့မှုအဖြစ်ဆုံးနေရာ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ အစ္စရေးနိုင်ငံ မဖန်တီးခင်ကတည်းက ရှိနေတာပါ။
    ၁၉၄၇ ခုနှစ်မှာ ကုလဟာ အဲဒီအချိန်က ဗြိတိသျှလက်အောက်မှာရှိနေတဲ့ သမိုင်းဝင် ပါလက်စတိုင်းဒေသကို ဂျူးတွေ – အထူးသဖြင့် ဥရောပက ၀င်ရောက်လာတဲ့ ဂျူးတွေအတွက် နိုင်ငံတစ်ခု၊ ပါလက်စတိုင်းတွေအတွက် နိုင်ငံတစ်ခု ပိုင်းခြားပေးဖို့ စီမံကိန်း ဆွဲခဲ့ပါတယ်။ သမိုင်းဝင်ပါလက်စတိုင်းဒေသရဲ့ ၅၅ ရာခိုင်နှုန်းကို ဂျူးတွေက ရမှာဖြစ်ပြီး ကျန်ရှိတဲ့ ၄၅ ရာခိုင်နှုန်းကတော့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပါတယ်။
    အလ်-အက်ဆာဗလီဝတ်ကျောင်းတော်ရှိရာ ဂျေရုစလင်မြို့က ကုလရဲ့ ကြီးကြပ်မှုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာဖြစ်ပါတယ်။ ကုလဟာ ဒီနေရာကို အီဗရာဟမစ် ဘာသာတရား ၃ ခုစလုံးအတွက် အထူးအရေးပါတဲ့နေရာတစ်ခုအဖြစ် ထိးန်သိမ်းထားဖို့ အာမခံခဲ့ပါတယ်။
    အစ္စရေးနိုင်ငံထူထောင်လိုက်တဲ့ ၁၉၄၈ ခုနှစ်မှာ ပထမဆုံး အာရပ်-အစ္စရေးစစ်ပွဲ ဖြစ်ပွားခဲ့ပြီး အစ္စရေးက သမိုင်းဝင် ပါလက်စတိုင်းဒေသရဲ့ ၇၈ ရာခိုင်နှုန်းကို သိမ်းပိုက်ခဲ့ကာ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နဲ့ ဂါဇာတို့ကို အီဂျစ်နဲ့ ဂျော်ဒန်တို့က ထိန်းချုပ်ခဲ့ပါတယ်။
    အစ္စရေးက ပါလက်စတိုင်းပိုင်နက်ကို တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်မှုဟာ ဒုတိယ အာရပ်-အစ္စရေးစစ်ပွဲဖြစ်တဲ့ ၁၉၆၇ ခုနှစ်မှာ မြင့်တက်လာခဲ့ပြီး အရှေ့ဂျေရုစလင်ကိုပါ သိမ်းယူလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်းနဲ့ မြို့ဟောင်းနဲ့ အလ်-အက်ဆာဗလီအပါအ၀င် ဂျေရုစလင်ကို သူ့ပိုင်နက်ထဲ တရားမ၀င် သွတ်သွင်းခဲ့ပါတယ်။
    မြို့ဟောင်းအပါအ၀င် အရှေ့ဂျေရုစလင်ကို အစ္စရေးရဲ့ တရားမ၀င်ထိန်းချုပ်ထားမှုဟာ နိုင်ငံတကာဥပဒေ တော်တော်များများကို ချိုးဖောက်မှုဖြစ်ပြီး နိုင်ငံတကာက အသိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ အချုပ်အခြာအာဏာ မတည်ရဘူးလို့ သတ်မှတ်ထားပါတယ်။
    နောက်ပိုင်းနှစ်တွေမှာတော့ အစ္စရေးအစိုးရဟာ မြို့ဟောင်းနဲ့ အရှေ့ဂျေရုစလင်တစ်ခုလုံးကို ထိန်းချုပ်ဖို့၊ ဂျူးဇာတ်သွင်းဖို့ ပိုမိုလုပ်ဆောင်လာခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ ဂျေရုစလင်ဟာ အစ္စရေးရဲ့ ‘ပြည့်စုံပေါင်းစည်းတဲ့’ မြို့တော်အဖြစ် ကြေငြာတဲ့ ဥပဒေတစ်ခုကို အတည်ပြုခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။
    ဒီနေ့အချိန်မှာ ဂျေရုစလင်ဟာ အစ္စရေးပိုင်ဖြစ်တယ်ဆိုပြီး ကမ္ဘာပေါ်က ဘယ်နိုင်ငံကမှ လက်မခံသလို၊ ဂျေရုစလင်ရဲ့ ပထ၀ီအနေထား၊ လူမှုအသိုက်အ၀န်း ပြောင်းလဲသွားဖို့ အစ္စရေးရဲ့ ဘယ်လုပ်ရပ်ကိုမှ ထောက်ခံခြင်း မရှိပါဘူး။
    ဂျေရုစလင်က ပါလက်စတိုင်း ၄ သိန်းလောက်ဟာ သူတို့ အဲဒီမှာမွေးပေမယ့် နိုင်ငံသားမရဘဲ အမြဲတမ်းနေထိုင်ခွင့်လက်မှတ်သာ ရရှိထားပြီး၊ ဂျူးတွေကတော့ နိုင်ငံသား ရရှိထားပါတယ်။ ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးဟာ အမြဲတမ်းနေထိုင်ခွင့်ကို ထိန်းသိမ်းဖို့ ခက်ခဲတဲ့အခြေအနေမျိုးတွေ ဖန်တီးပြီး ဂျေရုစလင်က ပါလက်စတိုင်းတွေကို လူမသိ၊ သူမသိ မောင်းထုတ်ခဲ့ပါတယ်။
    နောက်ပြီး အရှေ့ဂျေရုစလင်မှာ ဂျူးသီးသန့် တရားမ၀င်အိမ်ယာ အနည်းဆုံး ၁၂ ခုလောက်ကို အစ္စရေးက ဆောက်လုပ်ထားပြီး ဂျူး ၂ သိန်းလောက် နေထိုင်နေကြပါတယ်။ ပါလက်စတိုင်းတွေကိုတော့ အိမ်ယာ ဆောက်လုပ်ခွင့်ချမပေးတာ၊ တရားမ၀င်ဆောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်တွေကို ဖြိုချတာတွေ ပြုလုပ်နေပါတယ်။
    ၂။ အလ်-ဟရမ် အလ်-ရှရှစ်၏ ဘာသာရေးအရ အရေးပါမှု
    မွတ်စလင်တွေက အလ်-ဟရမ် အလ်-ရှရှစ်ဖ်ဟာ အစ္စလာမ်မှာ တတိယအထွဋ်မြတ်ဆုံး နေရာအဖြစ် သတ်မှတ်ထားပြီး ၇ ရာစုက ဆောက်လုပ်ထားတဲ့ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်နဲ့ Dome of the Rock အဆောက်အဦးကနေ တမန်တော်မုဟမ္မဒ်ဟာ ကောင်းကင်ခရီး ကြွသွားတယ်လို့ ယုံကြည်ထားကြပါတယ်။
    ဂျူးတွေကတော့ သမ္မာကျမ်းမှာဖော်ပြထားတဲ့ ဂျူးဘုရားကျောင်းတွေ တစ်ချိန်က အဲဒီမှာရှိခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် အစ္စရေးဥပဒေနဲ့ ဂျူးဘာသာရေးဥပဒေအရ ဒီနေရာဟာ ခြေချလို့မရလောက်အောင် မြင့်မြတ်တာကြေင့် ဂျူးတွေအနေနဲ့ ဒီပရ၀ုဏ်အတွင်းကို ၀င်ရောက်ဆုတောင်းခွင့်မရှိဘူးလို့ သ
    တ်မှတ်ထားပါတယ်။
    ဒီပရဝုဏ်က Western Wall နံရံကို ဂျူးတွေက Second Temple ဂျူးဘုရားကျောင်းရဲ့ အကြွင်းအကျန်ဖြစ်တယ်လို့ မှတ်ယူပြီး၊ မွတ်စလင်တွေက တမန်တော်မုဟမ္မဒ် ကောင်းကင်ခရီးသွားတဲ့အချိန် စီးနင်းတဲ့ ‘ဘိုရက်မြင်းပျံ’ ကို အဲဒီနံရံမှာ ချည်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။
    ၃။ လက်ရှိအနေအထား
    ၁၉၆၇ ခုနှစ်ကတည်းက ဒီပရဝုဏ်အတွင်းပိုင်းကို မွတ်စလင်ဂေါပကအဖွဲ့က စီမံထိန်းချုပ်ပြီး၊ အပြင်ပိုင်းလုံခြုံရေးကို အစ္စရေးက စီမံဖို့ ဂျော်ဒန်နဲ့ အစ္စရေးအကြား သဘောတူထားခဲ့ကြပါတယ်။ လည်ပတ်ခွင့်ပြုတဲ့အချိန်မှာ မွတ်စလင်မဟုတ်သူတွေ ဒီအထဲကို ၀င်ခွင့်ရပေမယ့် ၀တ်ပြုခွင့်မရှိပါဘူး။
    ဒါပေမယ့် Temple Mount Faithful နဲ့ Temple Institute တို့လို့ ဂျူးအဖွဲ့တွေ့ရဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် သူတို့တွေဟာ ဂျူးတွေ ဒီပရ၀ုဏ်ထဲ ၀င်ရောက်ခွင့်ပိတ်ပင်တဲ့ အစ္စရေးအစိုးရကို ပြဿနာရှာလာပြီး ဒီပရ၀ုဏ်ထဲမှာ ဂျူးဘုရားကျောင်းတစ်ခု ဆောက်လုပ်ဖို့အထိ လုပ်လာကြပါတယ်။
    အစ္စရေးအစိုးရက လက်ရှိအနေအထားကို ထိန်းသိမ်းထားလိုတဲ့ဆန္ဒမျိုး ရှိတယ်လို့ ပြောထားပေမယ့် ဒီအုပ်စုတွေကို ငွေကြေးထောက်ပံ့ကူညီနေသူတွေက အစ္စရေးအစိုးရအဖွဲ့ဝင်တွေ ဖြစ်နေပါတယ်။
    အခုလက်ရှိမှာတော့ ပါလက်စတိုင်းစတိုင်းပိုင်နက်ထဲက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာနေထိုင်တဲ့ ဂျူးတွေကို အစ္စရေးတပ်ဖွဲ့တွေက လုံခြုံရေးပေးကာ ရာနီချီတဲ့အသုတ်လိုက် အလ်-အက်ဆာ ပရ၀ုဏ်ထဲကို ပုံမှန်ဝင်ရောက်ခွင့် ပေးနေပြီး ပါလက်စတိုင်းတွေက သူတို့ရဲ့အမွေအနှစ်ကို အစ္စရေးက သိမ်းယူတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
    ၁၉၉၀ ပြည့်နှစ်မှာ Temple Mount Faithful အဖွဲ့က သူတို့ရဲ့ Third Temple ဘုရားကျောင်းအတွက် Dome of the Rock မှာ အုတ်မြစ်ချတာ့မယ်လို့ ကြေငြာခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုတွေ ပေါ်ထွက်လာခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့လက်ချက်ကြောင့် ပါလက်စတိုင်းပြည်သူ ၂၀ သေဆုံးခဲ့ပါတယ်။
    ၂၀၀၀ ခုနှစ်မှာ အစ္စရေးနိုင်ငံရေးသမား အေရီယဲလ်ရှာရွန်ဟာ ရဲတပ်ဖွဲ့ဝင် ၁၀၀၀ လောက်ခြံရံကာ အလ်-ဟရမ် အလ်-ရှရှစ် ပရ၀ုဏ်ထဲ ၀င်ရောက်ခဲ့ပြီး အစ္စရေးရဲ့ သိမ်းပိုက်လိုတဲ့ဆန္ဒကို တမင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အစ္စရေးဝန်ကြီးချုပ် အီဟွတ်ဘာရက်နဲ့ ပါလက်စတိုင်းခေါင်းဆောင် ရာဇာ အာရာဖတ်တို့အကြား ဂျေရုစလင်ကို ဘယ်လိုမျှဝေယူမလဲဆိုတာ အပါအ၀င် ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ရှာရွန်ရဲ့ ဒီလို ၀င်ရောက်မှုကြောင့် Second Intifada လို့ခေါ်တဲ့ ပါလက်စတိုင်းတို့ရဲ့ ဒုတိယမြောက်အုံကြွမှု ပေါ်ပေါက်လာခဲ့ပြီး ပါလက်စတိုင်း ၃၀၀၀ ကျော်နဲ့ အစ္စရေး ၁၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။
    အခုနှစ်မေလမှာတော့ အစ္စရေးကက်ဘိနက်အဖွဲ့ဟာ အပတ်စဉ်အစည်းအဝေးကို အလ်-အက်ဆာဗလီရဲ့ မြေအောက်လှိုဏ်ခေါင်းတွေမှာ လုပ်ခဲ့ပြီး အရှေ့ဂျေရုစလင်ကို အစ္စရေးက သိမ်းပိုက်မှု နှစ် ၅၀ ပြည့်တဲ့အချိန် ဂျေရုစလင်လွတ်မြောက်မှုနဲ့ ပြန်လည်ပေါင်းစည်းမှုအထိမ်းအဖြစ် လုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒီလုပ်ရပ်ကလည်း ပါလက်စတိုင်းတွေကို ဒေါသတွက်စေခဲ့ပါတယ်။
    အလ်-ဟရမ် အလ်-ရှရှစ် ပရ၀ုဏ်အတွင်း ပါလက်စတိုင်းတွေ ၀င်ရောက်မှုကို အစ္စရေးက နည်းမျိုးစုံနဲ့ ကန့်သတ်ခဲ့ပြီး အနောက်ဖက်ကမ်းက ပါလက်စတိုင်းတွေ အစ္စရေးထဲကို ၀င်မလာအောင် ရည်ရွယ်တဲ့ နယ်ခြားတံတိုင်းတည်ဆောက်မှုလည်း ဒီလုပ်ရပ်ထဲမှာ ပါဝင်ပါတယ်။ အဲဒီတံတိုင်းကို ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
    အနောက်ဖက်ကမ်းက ပါလက်စတိုင်း ၃ သန်းလောက်ကို သောကြာနေ့ဝတ်ပြုမှုအတွက် ဂျေရုစလင်ကိုဝင်ရောက်ဖို့ အသက်အကန့်အသတ်နဲ့သာ ခွင့်ပြုပြီး၊ တစ်ခြားလူတွေကိုတော့ အစ္စရေးအာဏာပိုင်တွေဆီက လျှောက်ရခက်တဲ့ ပါမစ်နဲ့သာ ၀င်ခွင့်ပြုပါတယ်။ အဲဒီကန့်သတ်မှုတွေကြောင့် အနောက်ဖက်ကမ်းနဲ့ ဂျေရုစလ
    င်ကြားက စစ်ဆေးရေးဂိတ်တွေမှာ လူတွေကြိတ်ကြိတ်တိုးကာ တင်းမာမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်။ ဂျေရုစလင်မှာ ၀တ်ပြုဖို့အတွက် ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေဟာ အဲဒီ စစ်ဆေးရေးဂိတ်တွေမှာ အစစ်ဆေးခံကြရပါတယ်။
    အခုနောက်ဆုံးပြုလုပ်တဲ့ ဆောင်ရွက်ချက်တွေမှာ ဒီပရ၀ုဏ်ရဲ့ဝင်ပေါက်မှာ သတ္တုရှာဖွေရေးစက်တွေ တပ်ဆင်တာလည်းပါဝင်ပြီး ပါလက်စတိုင်းတွေက ဒီလုပ်ရပ်ဟာ ဒီနေရာကို ပိုမိုထိန်းချုပ်နိုင်ဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှုလို့ ရှုမြင်ကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ လွတ်လပ်စွာ ၀တ်ပြုခွင့်ကို ချိုးဖောက်တာ၊ နိုင်ငံတကာ ဥပဒေအရ ကာကွယ်ထားမှုကို ချိုးဖောက်တာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က အစ္စရေးရဲ့လုပ်ရပ်ကြောင့် အလ်-အက်ဆာဗလီတစ်ဝိုက် တင်းမာမှုတွေ မြင့်တက်နေတဲ့အတွက် အစ္စရေးနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်တယ်လို့ မကြာသေးခင်ကပဲ ကြေငြာခဲ့ပြီး အစ္စရေးကလုပ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ မဖယ်ရှားသမျှ အဆက်အသွယ်လုပ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    ၄။ လက်တလော တင်းမာမှုများ၎။ လက်တလော တင်းမာမှုများ
    အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်တစ်ဝိုက် တင်းမာမှုတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြစ်နေခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဂျူးတွေက သူတို့ရဲ့ပွဲတော် ကျင်းပဖို့အတွက် ဗလီပရ၀ုဏ်ထဲ ၀င်ရောက်ဖို့ ကြိုးစာတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ခဲ့ပါတယ်။
    နောက်တစ်နှစ်အကြာ ၂၀၁၆ ခှုစ်မှာလည်း တရားမ၀င်အခြေချအိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးတွေက အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ နောက်ဆုံး ၁၀ ရက်မှာ ဒီဗလီထဲကို အုပ်စုလိုက် ၀င်ရောက်ခဲ့တာကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအများစုဟာ ဗလီဝတ်ကျောင်းတော်ရဲ့ လက်ရှိအနေအထားကို ဆန့်ကျင်ပြီး ဂျူးတွေက ဒီပရ၀ုဏ်အတွင်းမှာ ၀တ်ပြုဖို့ ကြိုးစားတာကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
    အသက် ၅၀ အောက် ပါလက်စတိုင်းတွေကို ဒီပရ၀ုဏ်အတွင်း ၀င်ရောက်ခွင့် ပိတ်ပင်တာအပြင် အစ္စရေးက ဆောင်ရွက်တဲ့ကိစ္စတွေကို မကျေနပ်တာကြောင့် ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ ပြုလုပ်တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုတွေကို အစ္စရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာအုပ်ထားတဲ့ စတီးကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
    လက်တလော ပြဿနာတွေကြောင့် အစ္စရေးဟာ ဒီပရ၀ုဏ်တစ်ဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ပေါင်း ၃၀၀၀ လောက် တပ်ဖြန့်ချထားခဲ့ပါတယ်။
    ၅။ အခြားအကြောင်းအရင်း
    အလ်-အက်ဆာဟာ ပါလက်စတိုင်းက နေရာသေးသေးလေးတစ်ခုဖြစ်ပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ပြဿနာရဲ့ အဓိကအစိတ်အပိုင်း ဖြစ်နေပါတယ်။
    ဒီဗလီဝတ်ကျောင်းတော်ဟာ မွတ်စလင်တွေအတွက်သာ အရေးပါပေမယ့် ပါလက်စတိုင်းခရစ်ယာန်တွေကလည်းအစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်ကြပြီး သောကြာနေ့က Lion ဂိတ်ပေါက်ဝမှာပြုလုပ်တဲ့ မွတ်စလင်တွေရဲ့ဝတ်ပြုမှုမှာ ပါလက်စတိုင်း ခရစ်ယာန်တွေ ပါဝင်ခဲ့ပါတယ်။
    “အလ်-ဟရမ် အလ်-ရှရစ်ဖ် ပြဿနာဟာ အထင်ကရဖြစ်ပြီး ဂျေရုစလင်မှာ ပါလက်စတိုင်းတွေ နေ့စဉ်လိုလို ရင်ဆိုင်နေရတဲ့ တရားမဲ့မှုတွေ၊ ဖိနှိပ်မှုတွေကို မီးထိုးပေးတဲ့အရာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ဒေါသတွေ၊ အုံကြွမှုတွေ အဆက်မပြတ်ဖြစ်စေတဲ့ အကြောင်းအရင်းပါ” လို့ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးဟောင်း ယာရာ ဂျာလာဂျဲလ်က ဆိုပါတယ်။
    လတ်တလော အလ်-အက်ဆာမှာဖြစ်နေတဲ့ ပြဿနာတွေက အနောက်ဖက်ကမ်းနဲ့ ဂါဇာတို့မှာလည်း ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေကို ဖြစ်စေပါတယ်။
    ဒီပရ၀ုဏ်အတွင်း ပါလက်စတိုင်းတွေ ၀င်ရောက်ခွင့်ကို ပိုမိုကန့်သတ်လာတာ၊ ဂျူးဘာသာရေးအုပ်စုတွေက ဒီနေရာမှာ ဂျူးတွေဝတ်ပြုခွင့်ရဖို့ တောင်းလာတာတွေကြောင့် ပါလက်စတိုင်းတွေက ဒီနေရာကြီး ပိုင်းခြားခံရမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။
    အလ်-အက်ဆာဗလီရဲ့ ဂေါပကအဖွဲ့က အစ္စရေးအနေနဲ့ ဒီလိုကန့်သတ်မှုတွေ တိုးမြှင့်လုပ်ဆောင်ထားတာကို မဖယ်ရှားဘူးဆိုရင်တော့ ပြဿနာတွေက ပိုပြီးဆိုးလာလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အရှေ့ဂျေရုစလင် တင်းမာမှုအတွင်း မနေ့က ပါလက်စတိုင်း ၂ ဦး ထပ်မံသေဆုံး
    အရှေ့ဂျေရုစလင် တင်းမာမှုအတွင်း မနေ့က ပါလက်စတိုင်း ၂ ဦး ထပ်မံသေဆုံး
    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media
    သောကြာနေ့က သေဆုံးသွားသည့် ပါလက်စတိုင်း ၂ ဦး၏ ဈာပနအခမ်းအနား
    – အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးက သိမ်းပိုက်လိုသည့် လုပ်ရပ်များမှ အစပြုသော ဆန္ဒပြမှုများမှာ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့က ပါလက်စတိုင်း ၂ ဦး သေဆုံးခဲ့သည်။
    အသက် ၁၇ နှစ်အရွယ် အိုဒေး နာဝါဂျာမှာ ဂျေရုစလင်အရှေ့ပိုင်း အလ်-အီဇာရီယာရွာတွင် အစ္စရေးတပ်ဖွဲ့၏ ကျည်အစစ်ဖြင့် ပစ်ခတ်မှုအတွင်း ရရှိသော ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး အခြားတစ်ဦးဖြစ်သူ အသက် ၁၈ နှစ်အရွယ် အဘူဒစ်မှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များကို ပစ်ရန် ပြုလုပ်ထားသည့် ဓာတ်ဆီဗုံး ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က အလ်-အက်ဆာဗလီ အပြင်ဘက်ရှိ အစ္စရေးစစ်ဆေးရေးဂိတ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဗလီဝင်ပေါက်များတွင် သတ္တုရှာဖွေရေးစက်များ၊ လုံခြံရေးကင်မရာများ တပ်ဆင်ကာ အစ္စရေးက ဗလီအား ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။
    ထိုလုပ်ရပ်ကို မကျေနပ်သည့်အတွက် ပါလက်စတိုင်းများမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဆန္ဒပြခဲ့ပြီး သောကြာနေ့တွင် ဗလီဝတ်ကျောင်းတော်ရှေ့၌ လူထောင်သောင်းချီပါဝင်သည့် ဆန္ဒပြမှုကြီးကို ပြုလုပ်ခဲ့သည်။
    အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြလူအုပ်ကို ကျည်အစစ်များ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး သောကြာနေ့တွင် ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့သည်။ ထိုအထဲတွင် တစ်ဦးမှာ ပါလက်စတိုင်းရှိ အစ္စရေး၏ တရားမ၀င် အခြေချအိမ်ယာများတွင် နေထိုင်သည့် ဂျူးများ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
    ပါလက်စတိုင်းတစ်ချို့ကလည်း အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူများကို သောကြာနေ့က ဓားဖြင့်ထိုးမှုကြောင့် ၃ ဦး သေဆုံးခဲ့သည်။
    အစ္စရေးက အနောက်ဖက်ကမ်းသို့ ယမန်နေ့တွင် တပ်ဖွဲ့များ ထပ်မံစေလွှတ်ခဲ့ပြီး ဓားဖြင့်တိုက်ခိုက်မှုတွင် ပါဝင်သူတစ်ဦး၏ နေအိမ်ကို ၀င်ရောက်စီးနင်းကာ ၎င်း၏ ညီတစ်ဦးကို ထိန်းသိမ်းခဲ့သည်။ ထို့ပြင် အိမ်ကိုလည်း ဖြိုချရန် စီစဉ်နေသည်။
    ပါလက်စတိုင်းပိုင်နက်များတွင် ယခုကဲ့သို့ တင်းမာမှုများ မြင့်တက်မှုနှင့် ပတ်သက်၍ ဆွီဒင်၊ ပြင်သစ်နှင့် အီဂျစ်တို့၏ တောင်းဆိုမှုကြောင့် ကုလ လုံခြုံရေးကောင်စီမှာ မနက်ဖြန်တွင် တံခါးပိတ်အစည်းအဝေး ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။
    Ref: Aljazeera
  • အလ်-အက်ဆာဗလီကိစ္စကြောင့် အစ္စရေးနှင် အဆက်အသွယ်ဖြတ်မည်ဟု ပါလက်စတိုင်း ကြေငြာ
    အလ်-အက်ဆာဗလီကိစ္စကြောင့် အစ္စရေးနှင် အဆက်အသွယ်ဖြတ်မည်ဟု ပါလက်စတိုင်း ကြေငြာ
    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်
    – အလ်-အက်ဆာဗလီအား ထိန်းချုပ်ရန် အစ္စရေး၏ ကြိုးစားမှုကို ပါလက်စတိုင်းများက ဆန္ဒပြမှုတွင် ဆိုးဆိုးဝါးဝါး ဖြစ်လာခဲ့ပြီးနောက် အစ္စရေးနှင့် အဆက်အသွယ်အားလုံး ဖြတ်တောက်မည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    “အလ်-အက်ဆာဗလီမှာ လုပ်ထားတဲ့ သူတို့ရဲ့ ဆောင်ရွက်မှုတွေ ရပ်တန့်ပြီး လက်ရှိအနေအထားအတိုင်း ထားတဲ့အချိန်အထိ အစ္စရေးနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်သွားမယ်လို့ ကျွန်တော် ကြေငြာပါတယ်” ဟု အဘတ်စ်က ရုပ်သံမှထုတ်လွှင့်သည့် မိန့်ခွန်းအတိုတွင် ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က အလ်-အက်ဆာဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဗလီဝတ်ကျောင်းတော် ဂိတ်ပေါက်ဝတွင် အစ္စရေးက သတ္တုရှာဖွေရေးစက်များ၊ ကင်မရာများ တပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းများကို ထိုလုပ်ရပ်ကို မကျေနပ်သောကြောင့် မနေ့က အကြီးအကျယ် ဆန္ဒပြခဲ့သည်။
    အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့ကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် တစ်ဦးမှာ ဂျူးအခြေချနေထိုင်သူတစ်ဦး၏ ပစ်သတ်မှုကြောင့် ဖြစ်သည်။
    ထိုကိစ္စနှင့်ပတ်သက် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အခြေချအိမ်ယာတွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဂျူး ၃ ဦး သေဆုံးခဲ့သည်။
    အစ္စရေးကို ကုလက ရှုတ်ချ
    ပါလက်စတိုင်း ဆန္ဒပြသူများကို အစ္စရေးက အင်အားသုံးနှိမ်နင်းသည့်မြင်ကွင်း
    ဆန္ဒပြသူများအား အစ္စရေးက အင်အားသုံး နှိမ်နင်းမှုအတွ အလွန်အမင်း စိတ်ထိခိုက်ရသည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယနေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် အစ္စရေး၏ ထိုသတ်ဖြတ်မှုများကို ရှုတ်ချခဲ့ကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လည်း ဆော်သြခဲ့သည်။
    ဂျေရုစလင်မြို့ဟောင်းရှိ မတည်ငြိမ်သောအခြေအနေကို ပိုမိုဆိုးဝါးစေည့် လုပ်ရပ်များ မလုပ်ရန် အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင်များကို အထွေထွေအတွင်းရေးမှူးက တိုက်တွန်းခဲ့ပြီး အဆိုပါ ဘာသာရေးဆိုင်ရာ နေရာများမှာ အကြမ်းဖက်မှုမဟုတ်ဘဲ အပြန်အလှန်နားလည်မှုထားရာ နေရာဖြစ်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။
    ဂူတာရက်စ်၏ ပြောကြားမှုကို ကိုးကား၍ ကုလ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန် ဟက်က ကုလအနေဖြင့် ‘လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို နားလည်သော်လည်း အလ်-အက်ဆာဗလီ၏ လက်ရှိအခြေအနေကို ထိန်းသိမ်းရန်မှာ အရေးကြီးသည်’ ဟု ပြောကြားခဲ့သည်။
    Ref: Aljzeera
  • ဗလီထဲမ၀င်ရသည့်အတွက် အပြင်တွင်ဝတ်ပြုနေသည့် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်သားက ကန်ကျောက်
    ဇူလိုင် ၂၂၊ ၂၀၁၇
    M-Media
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်က အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးရဲ့ သိမ်းပိုက်လိုတဲ့ လုပ်ရပ်တွေကို မကျေနပ်လို့ မနေ့က ဆန္ဒပြမှုအတွင်း ဗလီဝတ်ကျောင်းတော်အပြင်ဘက်မှာ ၀တ်ပြုနေတဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ကန်ကျောက်ခဲ့တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့သောကြာနေ့က အလ်-အက်ဆာ ဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်မှာ ပါလက်စတိုင်း ၃ ဦးက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး၊ ပါလက်စတိုင်း သေနတ်သမားတွေလည်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။
    အဲဒီနောက်ပိုင်းမှာ အစ္စရေးက သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်ကာ ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အာရပ်နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ရှုတ်ချမှုတွေ ရှိလာတာကြောင့် တနင်္ဂနွေနေ့မှာ ဗလီကို ပြန်ဖွင့်ပေးခဲ့ပေမယ့် သတ္တုရှာဖွေရေးစက်တွေ၊ လုံခြုံရေးကင်မရာတွေ မြောက်များစွာ တပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းတွေကတော့ ဒါကို လက်မခံတဲ့အတွက် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး ဒဏ်ရာရှိသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။
    မနေ့က သောကြာနေ့ဝတ်ပြုမှုအတွက်လည်း အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အတွင်း အသက် ၅၀ အောက် အမျိုးသားတွေကို အစ္စရေးက ၀င်ခွင့်မပြုတဲ့အတွက် ပါလက်စတိုင်းပြည်သူတွေဟာ ဗလီအပြင်ဘက်မှာ ၀တ်ပြုခဲ့ရပါတယ်။
    စနေနေ့မနက်မှာ ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ တရားမ၀င်အခြေချနေအိမ်ယာမှာ နေထိုင်သူတွေကို ပါလက်စတိုင်းတစ်ချို့က ဓားနဲ့လိုက်ထိုးတာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။
  • အလ်-အက်ဆာဗလီပြန်ရရေး ယနေ့ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂ ဦး အသတ်ခံရ
    အလ်-အက်ဆာဗလီပြန်ရရေး ယနေ့ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂ ဦး အသတ်ခံရ
    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media
    – အလ်-အက်ဆာဗလီအား အစ္စရေးက အပိုင်စီးလိုသည့် လုပ်ရပ်များကို ဆန့်ကျင်သည့် အနေဖြင့် ယနေ့ပြုလုပ်သည့် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း အနည်းဆုံး ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ ရက်စ် အလ်-အေမွဒ်ရပ်ကွက်တွင် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးအခြေချသူတစ်ဦးက သတ်ဖြတ်ခဲ့ပြီး အစ္စရေး လုံခြုံရေးတပ်ဖွဲ့နှင့် လခြမ်းနီအဖွဲ့တို့ကလည်း ထိုအဖြစ်အပျက်ကို အတည်ပြုခဲ့သည်။
    အခြားတစ်ဦးမှာ သောကြာနေ့ဝတ်ပြုမှုအပြီးနောက် ပြုလုပ်သည့် ဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က အလ်-အက်ဆာဗလီအပြင်ဘက်ရှိ အစ္စရေးစစ်ဆေးရေးဂိတ်ကို ပါလက်စတိုင်း သေနတ်သမား ၃ ဦးက တိုက်ခိုက်မှုအတွင်း အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုကြောင့် သေနတ်သမား ၃ ဦးလည်း သေဆုံးခဲ့သည်။
    ထိုနောက်ပိုင်းတွင် အစ္စရေးက သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်ကာ၊ အလ်-အက်ဆာဗလီကိုလည်း ပိတ်ပစ်ခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဗလီကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း သတ္တုရှာဖွေရေးစက်များ၊ ကင်မရာများကဲ့သို့ လုံခြုံရေးဆောင်ရွက်မှုများ တင်းကြပ်စွာပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းများကမူ အလ်-အက်ဆာဗလီဝတ်ကျောင်းတော်၏ မူလအခြေအနေကို ပြောင်းလဲကာ အပိုင်စီးသည့်လုပ်ရပ်ဟု ယူဆခဲ့သည်။
    ထို့ကြောင့် နေ့စဉ် ဆန္ဒပြခဲ့ကြပြီး ယနေ့ သောကြာဝတ်ပြုမှုအပြီးအတွင် လူထောင်သောင်းချီပါဝင်သည့် ကြီးမားသည့် ဆန္ဒပြမှုကြီးကို ပြုလုပ်ခဲ့ကာ အစ္စရေးတပ်ဖွဲ့များက ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်နှိပ်နှင်းခဲ့သည်။
    ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထိုနှိမ်နင်းမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၄၀ ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။
    ယခုနောက်ဆုံးရရှိသည့် သတင်းများအရ သေဆုံးသူအရေအတွက်မှာ ၃ ဦးအထိ ရှိလာပြီဟု ပါလက်စတိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
    Ref: Aljazeera