မေ ၂၈၊ ၂၀၁၇
M-Media
– အကျဉ်းထောင်အခြေအနေ တိုးတက်ရေးနှင့်ပတ်သက်၍ အစ္စရေးအာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစ္စရေးအကျဉ်းထောင်အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသားများမှာ ယမန်နေ့က အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်လိုက်သည်ဟု သိရသည်။
နှိပ်စက်ခံရခြင်း၊ မိသားစုနှင့်တွေ့ခွင့်မရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ တရားစွဲ၍မရသော်လည်း ဆက်လက်ဖမ်းဆီးထားခြင်း စသည့် အကြောင်းအရင်းများကြောင့် အစ္စရေးအကျဉ်းထောင်အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသား ၁၅၀၀ ကျော်မှာ ဧပြီလ ၁၇ ရက်နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှုကို ထောက်ခံသည့်အနေဖြင့် အစ္စရေးက သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများမှ ပါလက်စတိုင်း ပြည်သူများမှာ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အကျဉ်းသားတစ်ယောက်အတွက် တစ်လလျှင် လာရောက်တွေ့ဆုံသူနှစ်ဦး ခွင့်ပြုပေးရန် အပါအ၀င် အစ္စရေးနှင့် သဘောတူညီချက် ရရှိပြီးနောက်ပိုင်း ပါလက်စတိုင်းအကျဉ်းသား ၈၀၀ ကျော်မှာ ယမန်နေ့က အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့သည်။ သဘောတူညီချက် အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဗုဒ္ဓဟူးန့က ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ်-ဟူစိန်ကလည်း ဖမ်းဆီးထားသော ပါလက်စတိုင်းများ၏ နေထိုင်မှုအခြေအနေ တိုးတက်စေရေး ဆောင်ရွက်ပေးရန် အစ္စရေးကို တိုက်တွန်းခဲ့သည်။
အစ္စရေးအကျဉ်းထောင်များတွင် လက်ရှိ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်မှာ ၆၅၀၀ ကျော် ရှိနေပြီး မည်သည့်အပြစ်မှ မရှိသောကြောင့် တရားစွဲမှု ပြုလုပ်၍မရသော်လည်း လွှတ်မပေးသည့် အကျဉ်းသားများစွာလည်း ပါဝင်သည်။
Ref: Aljazeera