News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ် အိန္ဒိယသို့ သွားရောက်

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ် အိန္ဒိယသို့ သွားရောက်

    မေ ၁၆၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ အိန္ဒိယသို့ ၃ ရက်တာခရီးစဉ်မှာ ယမန်နေ့တွင် စတင်ခဲ့သည်ဟု သိရသည်။

    အဘတ်စ်မှာ အိန္ဒိယသို့ တနင်္ဂနွေနေ့ည နှောင်းပိုင်းက ရောက်ရှိလာခဲ့ပြီး လာမည့်ရက်များတွင် ၀န်ကြီးချုပ် နရန်ဒရာ မိုဒီနှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

    အိန္ဒိယသို့ ရောက်ရှိလာပြီးနောက် အဘတ်စ်မှာ ပါလက်စတိုင်းများအား နည်းပညာနယ်ပယ်တွင် အလုပ်အကိုင်ရရှိရေး ကူညီပေးမည့် ဒေလီမြို့ပြင်ရှိ Centre for Development of Advance Computing စင်တာသို့ သွားရောက်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အိန္ဒိယမှာ ရာမာလာရှိ အိုင်တီလုပ်ငန်းတစ်ခုအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း အကုန်အကျခံပေးသွားမည်ဟု သဘောတူခဲ့ပြီး ပါလက်စတိုင်းပြည်သူများ၏ ကိစ္စကို ပံပိုးကူညီရေး အိန္ဒိယ၏ စိတ်ပိုင်းဖြတ်ထားမှု လက္ခဏာတစ်ခုဖြစ်သည်ဟု ထိုအချိန်က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    အဘတ်စ်နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့မှာ အဆိုပါစင်တာတွင် ၂ နာရီခန့် လှည့်လည်ကြည့်ရှုခဲ့ပြီး ညနေပိုင်းတွင် နယူးဒေလီမှ အစ္စလာမ့် ယဉ်ကျေးမှုစင်တာရှိ အခမ်းအနာတစ်ခုသို့ တက်ရောက်ခဲ့သည်။

    ယနေ့တွင် အိန္ဒိယ သမ္မတအိမ်တော်က အဘတ်စ်ကို တရားဝင် ကြိုဆိုမည်ဖြစ်ပြီး ထို့နောက် သမ္မတ၊ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီမှာ ဇူလိုင်လတွင် အစ္စရေးသို့ သွားရောက်ရန် ရှိနေပြီး အစ္စရေးသို့ လာရောက်သည့် ပထမဆုံး အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

    အိန္ဒိယမှာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်း ပုံမှန် ပြောကြားခဲ့ပြီး ယခင်က အစ္စရေးနှင့် သံမတန်ဆက်ဆံရေးကို ရှောင်လေ့ရှိသော်လည်း ယခုအချိန်တွင် ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့် အိန္ဒိယမှာ အစ္စရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုကို ပိုမိုနီးကပ်အောင် ဆောင်ရွက်လာခဲ့သည်။

    Ref: Alarabiya

  • ပါလက်စတိုင်းပြဿနာ ဖြေရှင်းရေး ဂျော်ဒန်နှင့် အီဂျစ်က ယခင်ရပ်တည်ချက်အတိုင်းသာ ဆက်ရှိမည်

    ပါလက်စတိုင်းပြဿနာ ဖြေရှင်းရေး ဂျော်ဒန်နှင့် အီဂျစ်က ယခင်ရပ်တည်ချက်အတိုင်းသာ ဆက်ရှိမည်

    မေ ၁၅၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်း-အစ္စရေး ပြဿနာတွင် နှစ်နိုင်ငံတည်ရှိရေးသည်သာ တစ်ခုတည်းသောအဖြေ ဖြစ်သည်ဆိုသည့် သဘောထားကို ဂျော်ဒန်၊ ပါလက်စတိုင်းနှင့် အီဂျစ်တို့က ထပ်မံ ထုတ်ဖော် ပြောကြားလိုက်ပြီး ထိုရည်မှန်းချက် အောင်မြင်ရေး အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဆန္ဒရှိသည်ဟုလည်း ဆိုသည်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမဟ် ရှူကရီ၊ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့၏ အမှုဆောင်ကော်မတီမှ အတွင်းရေးမှူးနှင့် ညှိနှိုင်းဆွေးနွေးမှုအဖွဲ့ခေါင်းဆောင် ဆအစ်ဘ် အီရီကတ်တို့နှင့် ယမန်နေ့က ဂျော်ဒန်မြို့တော် အမ်နန်၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့ ၃ ဦးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှေ့ဆက် ခြေလှမ်းများလှမ်းရန် ဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးက ငြိမ်ချမ်းရေးကို မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခုအဖြစ် ၃ နိုင်ငံစလုံးက သဘောထားပြီး၊ မကြာသေးမီက ဂျော်ဒန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၈ ကြိမ်မြောက် အာရပ် ထိပ်သီးအစည်းဝေးတွင် ‘အာရပ်ငြိမ်းချမ်းရေး အစီအစဉ်’ကို အာရပ်နိုင်ငံများအားလုံးက ပြန်လည်အတည်ပြု လက်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အမေရိကန်က အချိန်ကာလအတော်ကြာ ရပ်တည်ခဲ့သည့် နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိရေးအဖြေမှ လမ်းကြောင်းပြောင်းရန် ပြောကြားမှုများ ရှိလာခဲ့ပြီး၊ အမေရိကန်သံရုံးကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ထားသည့် အရှေ့ဂျေရုစလင်သို့ ပြောင်းရွှေ့ရန် ဆောင်ရွက်လာခဲ့သောကြောင့် ပါလက်စတိုင်း ပြဿနာအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    Ref: Alarabiya

  • ပါလက်စတိုင်းအကျဉ်းသားများကို စော်ကားသည့် ကြော်ငြာအတွက် Pizza Hut တောင်းပန်

    ပါလက်စတိုင်းအကျဉ်းသားများကို စော်ကားသည့် ကြော်ငြာအတွက် Pizza Hut တောင်းပန်

    မေ ၁၄၊ ၂၀၁၇
    M-Media

    Pizza Hut က ပါလက်စတိုင်း အကျဉ်းသားကို လှောင်ပြောင်ထားသည့် ကြော်ငြာ

    – အစ္စရေးအကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြနေသည့် ပါလက်စတိုင်း အကျဉ်းသားခေါင်းဆောင်အား လှောင်ပြောင်သရော်သည့် ကြော်ငြာအတွက် Pizza Hut က တောင်းပန်လိုက်ပြီး၊ တာဝန်ရှိသည့် ကြော်ငြာလုပ်ငန်းနှင့်လည်း လမ်းခွဲခဲ့သည်။

    အစာငတ်ခံ ဆန္ဒပြနေသည့် ပါလက်စတိုင်းအကျဉ်းသားများမှ ခေါင်းဆောင် မာရ်ဝမ် ဘာဂူတီမှာ ၎င်း၏ အကျဉ်းခန်းတွင် မုန့်ခိုးစားနေသည်ဆိုသည့် ဓာတ်ပုံတစ်ပုံကို အစ္စရေး အကျဉ်းဌာနက ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရှိ Pizza Hut က ၎င်းတို့၏ Facebook စာမျက်နှာတွင် ထိုဓာတ်ပုံ၌ ပီဇာဘူးကို ထည့်သွင်းကာ ‘ဘာဂူတီ – ခင်ဗျား အစာငတ်ခံဆန္ဒပြမှုကို ဖျက်မယ်ဆိုရင် ပီဇာက ပိုမကောင်းဘူးလား’ ဆိုသည့် ဟီဘရူးစာတမ်းဖြင့် ပို့စ်တင်ခဲ့သည်။

    ထိုကြော်ငြာက ပါလက်စတိုင်းပြည်သူများကို ဒေါ်သထွက်စေခဲ့ပြီးနောက် Pizza Hut မိခင်ကုမ္ပဏီက အဆိုပါ Facebook စာမျက်နှာက်ကို ဖျက်သိမ်းခဲ့ပြီး အင်္ဂါနေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ထိုပို့စ်မှာ ‘လုံးဝ သင့်လျော်ခြင်းမရှိသည့်’ ပို့စ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် အစ္စရေး၌ Pizza Hut ကြော်ငြာအတွက် တာဝန်ယူထားသည့် Grass Pink လုပ်ငန်းကိုလည်း တာဝန်မှ ရပ်စဲခဲ့သည်။ ထိုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကမူ ကြော်ငြာမှာ ‘မည်သူ့ကိုမှ ထိခိုက် နစ်နာစေလိုသည့် ရည်ရွယ်ချက်မရှိ’ ဟု တုန့်ပြန်ခဲ့သည်။

    Ref: Alarabiya

  • အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်

    အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးပစ်သတ်

    မေ ၁၃၊ ၂၀၁၇
    M-Media

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်းပြည်သူများ၏ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့က လူငယ်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု သိရသည်။

    အစ္စရေးအကျဉ်းထောင်များရှိ ပါလက်စတိုင်းအကျဉ်းသား ၁၅၀၀ ၏ အစာငတ်ခံ ဆန္ဒပြမှုကို ထောက်ခံသည့်အနေဖြင့် ရာမာလာမြောက်ပိုင်း နဘီဆာလေဟ်ရွာအနီးတွင် ပါလက်စတိုင်းပြည်သူများက ယမန်နေ့တွင် စုရုံးဆန္ဒပြခဲ့ကြကာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၂၀ အရွယ် နီဒဲလ် အိုဘိုက်ဖြစ်ပြီး ၀မ်းဗိုက်ကို သေနတ်ဖြင့် ပစ်ခံခဲ့ရကာ အနီးရှိ ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အခြား လူ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။

    လခြမ်းနီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစ္စရေးတပ်ဖွဲ့များမှာ နဘီဆာလေဟ်ကျေးရွာအတွင်းသို့ လူနာတင်ယာဉ်များ ၀င်ရောက်ခွင့်မပြုခဲ့ဘဲ ဒဏ်ရာရရှိသူအများစုကို ကိုယ်ပိုင်ကားများဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၇ ခုနှစ်အတွင်း အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်နေထိုင်သည့် ဂျူးများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ၂၁ ဦး ရှိလာပြီဖြစ်သည်။

    အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ‘နဘီဆာလေဟ်ရွာတွင် ခဲများဖြင့် ပစ်ပေါက်သည့်’ ပါလက်စတိုင်း ဆန္ဒပြလူအုပ်အပေါ် စစ်တပ်က ကျည်အစစ်များကို အသုံးပြုခ့သည်ဟု ၀န်ခံခဲ့သည်။

    Ref: Aljazeera

  • ဂါဇာကမ်းမြှောင်မှ ရာဖာနယ်ခြားကို အီဂျစ်က ၃ ရက်ကြာ ဖွင့်ပေး

    ဂါဇာကမ်းမြှောင်မှ ရာဖာနယ်ခြားကို အီဂျစ်က ၃ ရက်ကြာ ဖွင့်ပေး

    မေ ၇၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံမှာ ဂါဇာကမ်းမြှောင်နှင့် ကပ်နေသည့် ရာဖာနယ်ခြားကို ယမန်နေ့က စတင်ကာ ၃ ရက်ကြာ ဖွင့်ပေးလိုက်ပြီး သောင်တင်ကာ အကူအညီလိုအပ်နေသည့် ပါလက်စတိုင်းပြည်သူများအတွက် သတင်းကောင်းလည်းဖြစ်သည်။

    ပါလက်စတိုင်း နယ်စပ်ရေးရာ တာဝန်ရှိသူများကမူ အဆိုပါ ဆောင်ရွက်မှုမှာ လူသားချင်းစာနာထောက်ထားမှု လက္ခဏာဖြစ်ကြောင်း ကျောင်းသားများ၊ နေမကောင်းသူများ အပါအ၀င် အီဂျစ်နှင့် အခြားနေရာများ၌ သောင်တင်နေသည့် ပါလက်စတိုင်းပြည်သူများ အိမ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဂါဇာကမ်းမြှောင်မှာ အစ္စရေး၏ ပိတ်ဆို့မှုကို ၁၀ စုနှစ်တစ်ခုကြာ ခံစားနေရပြီး၊ ရာဖာနယ်ခြားမှာ ဂါဇာပြည်သူများ ကမ္ဘာနှင့် ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော ဂိတ်ပေါက်လည်းဖြစ်သည်။

    သို့သော်လည်း ဂါဇာကို အုပ်စိုးထားသည့် ဟားမက်စ်နှင့် အီဂျစ်အစိုးရတို့အကြား တင်းမာမှုများကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း ရာဖာနယ်ခြားမှာလည်း များသောအားဖြင့် ပိတ်ထားခံခဲ့ရသည်။

    ယခုနှစ်တွင်မူ ဖေဖော်ဝါရီလတွင်တစ်ကြိမ်၊ မတ်လတွင် တစ်ကြိမ် ရာဖာနယ်ခြားကို အီဂျစ်က ဖွင့်လှစ်ပေးခဲ့သည်။

    ဂါဇာ နယ်စပ်အာဏာပိုင်များကမူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသော ပါလက်စတိုင်းပြည်သူ ၂ သောင်းကျော်မှာ ဂါဇာ၌ ပိတ်မိနေပြီး၊ ၎င်းတို့အား ကယ်ဆယ်ရေးအတွက် နိုင်ငံရပ်ခြားသို့ ခရီးသွားရန် အလွန် လိုအပ်နေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Alarabiya