News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းနိုင်ငံထူထောင်ရေး ထောက်ခံကြောင်း ကုလနှင့် အာရပ်လိဂ်တို့ ပူးတွဲကြေငြာချက် ထုတ်ပြန်

    ပါလက်စတိုင်းနိုင်ငံထူထောင်ရေး ထောက်ခံကြောင်း ကုလနှင့် အာရပ်လိဂ်တို့ ပူးတွဲကြေငြာချက် ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကို တောက်ခံကြောင်း ပူးတွဲကြေငြာချက်တစ်စောင်ကို ကုလနှင့် အာရပ်လိဂ်တို့က ယမန်နေ့တွင် ထုတ်ပြန်လိုက်ပြီး၊ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပူးတွဲတည်ရှိရေး အမေရိကန်၏ ကတိက၀တ်အား သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းပယ်မှုကို တုန့်ပြန်ုလိုက်ခြင်းလည်း ဖြစ်သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံခဲ့ပြီးနောက် ထရမ့်က မိမိအနေဖြင့် နှစ်ဖက်သဘောတူပါက နှစ်နိုင်ငံအစား အစ္စရေးတစ်နိုင်ငံတည်း အဖြေအား လက်ခံသည်ဟု ပြောကြားခဲ့သည်။ အမေရိကန်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ နှစ်နိုင်ငံတည်ရှိရေး ကတိက၀တ်ဖြင့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကို ကြားဝင်ညှိနှိုင်းပေးခဲ့သူ ဖြစ်သည်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် အာရပ်လိဂ် အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘူလ်-ဂဟစ်တို့မှာ ယမန်နေ့က ကိုင်ရိုတွင် တွေ့ဆုံခဲ့ပြီး မိမိတို့အနေဖြင့် နှစ်နိုင်ငံတည်ရှိရေးသည်သာ “ပါလက်စတိုင်းများ၏ ပြဿနာကို ဖြေရှင်းရာတွင် ပြည့်ဝပြီး တရားမျှတသည့် တစ်ခုတည်းသောအဖြေ” ဖြစ်မည်ဟု သဘောတူကြောင်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်းခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပိုကောင်းသော နည်းလမ်းအဖြစ် ကာလကြာရှည်စွာ သတ်မှတ်ထားသည်။

    အာရပ်လိဂ် အတွင်းရေးမှူးက အမေရိကန်သံရုံအား တလ်အဗီးမှ ဂျေရုစလင်သို့ ပြောင်းရွှေ့မည့် အစီအစဉ်ကို အသေအချာစဉ်းစားရန် သတိပေးခဲ့ပြီး၊ ထိုသို့ဆောင်ရွက်ခြင်းက အရှေ့အလယ်ပိုင်းတွင် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာမည်ဟုလည်း သီးခြားပြောကြားခဲ့သည်။

    အရှေ့ဂျေရုစလင်မှာ အနာဂတ် ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားပြီး၊ အမေရိကန်သံရုံအား ထိုနေရာသို့ ပြောင်းရွှေ့ခြင်းမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းနိုင်ငံပေါ်ထွက်ရေး အမေရိကန်၏မူကို ထရမ့်က အဆင့်လျှော့

    ပါလက်စတိုင်းနိုင်ငံပေါ်ထွက်ရေး အမေရိကန်၏မူကို ထရမ့်က အဆင့်လျှော့

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇
    M-Media

    – အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိရေး အမေရိကန်၏ ကာလရှည် သဘောထားကို သမ္မတ ဒေါ်နယ်ထရမ့်က အဆင့်လျှော့ချလိုက်ပြီး အစ္စရေးတစ်နိုင်ငံတည်း မူဝါဒကိုလည်း ထောက်ခံမည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က နှစ်ဖက်သဘောတူညီလျှင် တစ်နိုင်ငံတည်းအဖြေကို တောက်ခံသွားမည်ဟု ဆိုသည်။

    “နှစ်နိုင်ငံပဲဖြစ်ဖြစ်၊ တစ်နိုင်ငံပဲဖြစ်ဖြစ် ကျွန်တော်ကတော့ နှစ်ဖက်စလုံးက လက်ခံရင် တစ်နိုင်ငံတည်းကို ကြိုက်ပါတယ်။ နှစ်ဖက်လုံးက တစ်နိုင်ငံတည်းအဖြေကို ကြိုက်မယ်ဆိုရင် ကျွန်တော် တော်တော်လေး ပျော်ရွှင်ပါတယ်” ဟု ထရမ့်က နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်က ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိရန်အတွက် တိုက်တွန်းအားပေးကာ လုံ့လစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း သဘောတူညီချက်အတွက် ၎င်းတို့နှစ်ဦးနှစ်ဖက် ဆွေးနွေးရမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

    အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒမှာ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အမေရိကန်နှင့် နိုင်ငံတကာ၏ အခြေခံမူဖြစ်ခဲ့သည်။

    ထရမ့်က ဤမူကို အလေးမထားမှုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သဘောထားကို ဆန့်ကျင်ခြင်းလည်းဖြစ်သည်။

    နေတန်ယာဟုကမူ ငြိမ်းချမ်းရေးအတွက် တင်ကြိုလက်ခံရမည့် အချက် ၂ ချက်ရှိပြီး တစ်ချက်မှာ ပါလက်စတိုင်းများအနေဖြင့် ဂျူးနိုင်ငံကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ အခြားတစ်ချက်မှာ ဂျော်ဒန်မြစ် အနောက်ခြမ်းဒေသ လုံခြုံရေးကို အစ္စရေးက ထိန်းချုပ်မှုအား လက်ခံရမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထရမ့်ကလည်း အစ္စရေးရှိ အမေရိကန်သံရုံးကို တလ်အဗီးမှ အရှေ့ဂျေရုစလင်သို့ ပြောင်းရွှေ့ရန် ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အရှေ့ဂျေရုစလင်မှာ အနာဂတ် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတ်မှတ်ထားသည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် နှစ်နိုင်ငံအဖြေမှလွဲ၍ အခြားအဖြေမရှိဟု အင်္ဂါနေ့တွင် သတိပေးပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းကို ဂျပန်က ကန်ဒေါ်လာ သန်း ၄၀ ကျော်ဖို့ အကူအညီပေးမည်

    ပါလက်စတိုင်းကို ဂျပန်က ကန်ဒေါ်လာ သန်း ၄၀ ကျော်ဖို့ အကူအညီပေးမည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
    M-Media

    – ဂျပန်နိုင်ငံက ပါလက်စတိုင်းပြည်သူများအတွက် ကန်ဒေါ်လာ ၄၆.၇ သန်းတန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်တစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေငြာလိုက်ပြီး နိုင်ငံတကာအသင်းအဖွဲ့များ၊ ဂျပန် အန်ဂျီအိုအဖွဲ့များမှတစ်ဆင့် ကူညီသွားမည်ဟု သိရသည်။

    ယခုအစီအစဉ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ပါလက်စတိုင်းဆိုင်ရာ ကုလအကူအညီပေးရေးအဖွဲ့ UNRWA မှ တစ်ဆင့် လည်းကောင်း၊ ဘဏ္ဍာရေးအကူအညီကို ကမ္ဘာ့ဘဏ်၏ ပါလက်စတိုင်း ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ် (PRDP) မှ တစ်ဆင့်လည်းကောင်း၊ အခြေခံအဆောက်အဦး ကူညီထောက်ပံ့မှုကို UNDP မှတစ်ဆင့်လည်းကောင်း ပေးအပ်သွားမည်ဖြစ်သည်။

    ထို့ပြင် အခြားသော အကူအညီများကိုလည်း အန်ဂျီအိုအဖွဲ့များမှတစ်ဆင့် ပေးအပ်သွားရန် ရှိနေသည်ဟု ရာမာလာအခြေစိုက် ဂျပန်ကိုယ်စားလှယ်ရုံးက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    “ဂျပန်အစိုးရဟာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး အားထုတ်ဆောင်ရွက်မှုတွေကို ထောက်ပံ့ဖို့၊ နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိရေးကို ကူညီဖို့ ခိုင်မာတဲ့ သန္ဓိဌာန် ချထားပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    လွတ်လပ်သည့် နိုင်ငံတော်တစ်ခု တည်ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြင်ဆင်နေသည့် ပါလက်စတိုင်း ၀န်ကြီဌာနများကိုလည်း ဂျပန်မှာ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိနေသည်။ ၁၉၉၃ ခုနှစ်မှစ၍ ပါလက်စတိုင်းသို့ ဂျပန်က ထောက်ပံ့ကူညီနေမှုမှာ ကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရှိနေပြီဖြစ်သည်။

    Ref: IINA

  • ဂါဇာမြေအောက်လှိုင်ခေါင်း တိုက်ခိုက်ခံရမှု ပါလက်စတိုင်း ၂ ဦး သေဆုံး

    ဂါဇာမြေအောက်လှိုင်ခေါင်း တိုက်ခိုက်ခံရမှု ပါလက်စတိုင်း ၂ ဦး သေဆုံး

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ရှိ မြေအောက်လှိုင်ခေါင်းတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရခြင်းကြောင့် ပါလက်စတိုင်းပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အီဂျစ်နယ်စပ်အနီးတွင် ယနေ့အရုဏ်တက်မတိုင်ခင် ဖြစ်ပွားခြင်းဖြစ်ပြီး မည်သူ၏လက်ချက်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပါလက်စတိုင်းအာဏာပိုင်တစ်ဦးကမူ ထိုတိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်တင်ခဲ့သော်လည်း၊ အစ္စရေး စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အသေအချာ မသိရသေးဟု ပြောကြားခဲ့သည်။

    သေဆုံးသွားသူများမှာ အသက် ၂၄ နှစ်အရွယ် ဟိုဆမ် အလ်-ဆူဖီနှင့် အသက် ၃၈ နှစ်အရွယ် မိုဟာမက် အလ်-အက်ရာတို့ဖြစ်သည်ဟု ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အလ်-ကွဒ်ရာက ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုကိစ္စကို မသိရှိဟုဆိုသည်။

    ဗုဒ္ဓဟူးနေ့က အစ္စရေးတောင်ဘက် အီလတ်မြို့ကို ဆိုင်းနိုင်းကျွန်းဆွယ်မှ အနည်းဆုံး ဒုံးကျည် ၃ ခု ပစ်ခတ်ခဲ့ပြီးနောက် ဂါဇာအား ယခုကဲ့သို့ တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာဆောက်လုပ်ရန် အစ္စရေး ထပ်မံ စီစဉ်ပြန်

    ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာဆောက်လုပ်ရန် အစ္စရေး ထပ်မံ စီစဉ်ပြန်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းနေအိမ်များကို အစ္စရေးစစ်တပ်က ဖျက်ဆီးနေစဉ်

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပြည်သူများ ပုဂ္ဂလိကပိုင်ဆိုင်ထားသော မြေပေါ်၌ တရားမ၀င်အခြေချ အိမ်ယာ ထောင်နှင့်ချီ ဆောက်လုပ်ရန်အတွက် အငြင်းပွားဖွယ် မူကြမ်းတစ်ခုကို အစ္စရေးက အတည်ပြုလိုက်ပြီး ပါလက်စတိုင်း ခေါင်းဆောင်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ထိုလုပ်ရပ်အား ရှုတ်ချလိုက်သည်။

    ထိုတရားမ၀င်အိမ်ယာ ဆောက်လုပ်မှုမှာ အခြေခံဥပဒေနှင့် မညီညွတ်ဟု အစ္စရေး ထိပ်တန်းရှေ့နေတစ်ဦးက ပြောကြားထားသော်လည်း လွှတ်တော်က ယမန်နေ့ညနှောင်းပိုင်းတွင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PLO ကမူ အဆိုပါဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းပိုင်နက်ကို ‘တရားဝင်ခိုးယူသည့် ဥပဒေ’ ဖြစ်သည်ဟု ဝေဖန်ရှုတ်ချခဲ့ပြီး၊ နိုင်ငံရေးအရ အဖြေထုတ်နိုင်ရေး အခွင့်အလမ်းများကို အစ္စရေးအစိုးရက ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း၊ ပါလက်စတိုင်း ပိုင်နက်များရှိ အစ္စရေး၏ တရားမ၀င် အခြေချအိမ်ယာများက ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံအဖြေကို ပျက်ဆီးစေနိုင်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    “Regulation Bill” ဟု အမည်ပေးထားသည့် အဆိုပါမူကြမ်းတွင် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပြည်သူများ ပုဂ္ဂလိက ပိုင်ဆိုင်ထားသော မြေများတွင် တရားမ၀င်အိမ်ယာပေါင်း ၄၀၀၀ ဆောက်လုပ်ရန် ဖော်ပြထားသည်။ လက်ရှိတွင် အစ္စရေးမှ ဂျူးများမှာ ထိုမြေများပေါ်တွင် အဆောက်အဦးများ ဆောက်လုပ် နေထိုင်နေကြပြီး၊ ယခုမူကြမ်းက ၎င်းတို့အား တိုက်တွန်းအားပေးမှုတစ်ခုလည်း ဖြစ်သည်။

    အဆိုပါ ဥပဒေမူကြမ်းကို ပါလက်စတိုင်းပိုင်နက်အား နောက်ထပ် တစ်စိတ်တစ်ပိုင်း သိမ်းပိုက်မှုအဖြစ် ရှုမြင်နေကြပြီး၊ လက်ရှိ ပါလက်စတိုင်းများ ပုဂ္ဂလိက ပိုင်ဆိုင်ထားသော မြေများပေါ်တွင် ဆောက်လုပ်ထားသည့် ဂျူးများ၏ ကျူးကျော်အိမ်ယာ အများအပြား တရားဝင်ဖြစ်လာမည့်အနေအထားသို့ ဦးတည်နေသည်။

    အစ္စရေး အန်ဂျီအိုအဖွဲ့များဖြစ်သော Peace Now၊ Yesh Din နှင့် Association for Civil Rights တို့က ထိုမူကြမ်းနှင့် ပတ်သက်၍ တရားရုံးချုပ်သို့ အသနားခံစာတင်ရန် ရှိနေသည်။

    Ref : Aljazeera