News @ M-Media

Tag: Palestine

  • အစ္စရေးကျူးကျော်အိမ်ယာက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု အိမ်ဖြူတော် ပြော

    အစ္စရေးကျူးကျော်အိမ်ယာက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု အိမ်ဖြူတော် ပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ယာများ အစ္စရေးက ဆောက်လုပ်နေခြင်းကြောင့် ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် မျှော်လင့်နိုင်မည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားလိုက်သည်။

    “အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ ဆန္ဒက နှစ်ပေါင်း ၅၀ လောက် အပြောင်းအလဲ မရှိခဲ့ပါဘူး။ တရားမ၀င်အိမ်ယာတွေ တည်ရှိနေခြင်းက ငြိမ်းချမ်ရေးအတွက် အဆီးအတားဖြစ်နေပြီး အိမ်ယာသစ်တွေဆောက်လုပ်တာ ဒါမှမဟုတ် တိုးချဲ့တာတွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက် အောင်မြင်ဖို့ အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းတွင် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ကြောင်း၊ တရားမ၀င်အိမ်ယာများအတွက် သမ္မတက တရားဝင် ရပ်တည်မှု မပြုသေးဘဲ ယခုလနှောင်းပိုင်းတွင် တွေ့ဆုံရန်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

    ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က အိမ်ဖြူတော်၏ ယခုကြေငြာချက်မှာ အစ္စရေး၏ တရားမ၀င်အိမ်ယာများ ဆောက်လုပ်ခြင်းအပေါ် မည်သို့ သက်ရောက်မည်ဆိုသည်နှင့်ပတ်သက်၍ ပြောရန် စောနေသေးသည်ဟု တုန့်ပြန်ခဲ့သည်။

    အမေရိကန်အစိုးရက မိမိတို့နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်မှာ ကြာသာပတေးနေ့က နေတန်ယာဟုနှင့် ဖုန်းပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကြေငြာချက်အကြောင်း ဆွေးနွေးခဲ့သလားဆိုသည်ကို သိရှိရခြင်း မရှိပေ။
    နေတန်ယာဟုမှာ အမေရိကန်သို့လာရောက်ကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထရမ့်နှင့် တွေ့ဆုံရန် ရှိနေသည်။

    အစ္စရေးမှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းကျိန်ပြီးကတည်းက ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့တွင် ကျူးကျော်အိမ်ယာများ ထောင်နှင့်ချီဆောက်လုပ်ရန် ခွင့်ပြုခဲ့သည်။

    Ref: Haaretz

  • ပါလက်စတိုင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာအတွက် အီးယူက ပြင်းပြင်းထန်ထန် ရှုတ်ချ

    ပါလက်စတိုင်းမှ အစ္စရေး၏ ကျူးကျော်အိမ်ယာအတွက် အီးယူက ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန်အတွက် အစ္စရေး၏ လတ်တလော အတည်ပြုမှုများကို ဥရောပသမဂ္ဂက ရှုတ်ချလိုက်ပြီး စိုးရိမ်စရာကောင်းသော၊ နှစ်နိုင်ငံအဖြေ မရနိုင်သော အန္တရာယ်မျိုးဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သည့် နိုင်ငံခြားရေးပေါ်လစီအကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟီရီနီ၏ ကြေငြာချက်တွင် ယခုကဲ့သို့ ရှုတ်ချလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒအောက်တွင် တရားမ၀င်သော အဆိုပါ ကျူးကျော်အိမ်ယာများ တိုးချဲ့မှုအတွက် ပြင်းထန်သော စကားလုံးများကို အသုံးပြုခဲ့သည်။

    “နိုင်ငံတကာက အလွန်အမင်းစိုးရိမ်ပြီး၊ ကန့်ကွက်တယ်လို့ တစ်စိုက်မတ်မတ် ပြောလာပေမယ့် အစ္စရေးက ဒါကို ဆောင်ရွက်နေမှုအတွက် ဥရောပသမဂ္ဂအနေနဲ့ အလွန်အမင်း စိတ်ပျက်မိပါတယ်။ အခြေအနေတိုင်းမှာ ဒီကိစ္စက အမြဲအရှေ့ရောက်နေတာပါ” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အင်္ဂါနေ့က အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င် အခြချအိမ်ယာ ၃၀၀၀ ဆောက်လုပ်မည်ဟု ကြေငြာခဲ့ပြီး ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း ၂ ပတ်အတွင်း ပါလက်စတိုင်းပိုင်များတွင် ကျူးကျော်အိမ်ယာများ ဆောက်လုပ်ရန် ၄ ကြိမ်မြောက် ကြေငြာခြင်းဖြစ်သည်။

    ထရမ့် သမ္မတဖြစ်ပြီး ရက်ပိုင်းအတွင် အရှေ့ဂျေရုစလင်တွင် အိမ်ယာ ၅၆၆ ခု၊ အနောက်ဖက်ကမ်းတွင် ၂၅၀၂ ခု၊ ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က ရှေ့ဂျေရုစလင်တွင် ၁၅၃ ခု ဆောက်လုပ်ရန် အစ္စရေးက အသီးသီး ခွင့်ပြုခဲ့သည်။

    Ref: Aljazeera

  • အစ္စရေး၏ တရားမ၀င်အိမ်ယာများ တိုးချဲ့ဆောက်လုပ်မည့်အစီအစဉ် ကုလနှင့် အီးယူတို့ ရှုတ်ချ

    အစ္စရေး၏ တရားမ၀င်အိမ်ယာများ တိုးချဲ့ဆောက်လုပ်မည့်အစီအစဉ် ကုလနှင့် အီးယူတို့ ရှုတ်ချ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်ဖြစ်သော အရှေ့ဂျေရုစလင်တွင် တရားမ၀င် အခြေချအိမ်ယာ ၁၅၃ လုံး ထပ်မံဆောက်လုပ်ရန် အစ္စရေးက ယမန်နေ့တွင် အတည်ပြုလိုက်ပြီး၊ လာမည့်လများတွင်လည်း နောက်ထပ် အိမ်ယာထောင်ပေါင်းများစွာအတွက် ခွင့်ပြုရန် အစီအစဉ်ရှိနေသည်ဟု ဂျေရုစလင် ဒုတိယ မြို့တော်ဝန်က ပြောကြားလိုက်သည်။

    ပါလက်စတိုင်းပိုင်နက်များအတွင် အစ္စရေးက အခြအချေအိမ်ယာများ ဆောက်လုပ်မှုမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချထားသည်။

    သို့သော်လည်း ထိုလုပ်ရပ်ကို ဆန့်ကျင်ခြင်းမရှိသည့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် တက်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးမှာ အိမ်ယာများ တိုးချဲ့ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခွင့်ပြုချက်များ ပေးခဲ့သည်။

    တနင်္ဂနွေနေ့က အရှေ့ဂျေရုစလင်တွင် အခြေချအိမ်ယာ ၅၆၆ လုံးဆောက်လုပ်ရန် အစ္စရေးက ခွင့်ပြုပေးခဲ့ပြီး၊ ၂ ရက်အကြာတွင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း၌ အိမ်ယာ ၂၅၀၀ အတွက် ခွင့်ပြုချက် ထပ်ပေးခဲ့သည်။

    အစ္စရေး၏ ထိုလုပ်ရပ်အတွက် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ဗုဒ္ဓဟူးနေ့တွင် ရှုတ်ချခဲ့သည်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးတွင် ထိုအခြေချအိမ်ယာ ဆောက်လုပ်မှုများက အတားအဆီးဖြစ်နေပြီး ပါလက်စတိုင်းကလည်း အစ္စရေးအနေဖြင့် မိမိတို့၏ ပိုင်နက်တွင် ထိုကဲ့သို့ ကျူးကျော်အိမ်ယာများ ဆောက်လုပ်နေပါက အစ္စရေးအား မိမိတို့၏ အသိအမှတ်ပြုမှုကို ရုပ်သိမ်းသွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ရာထူးမစွန့်မီ နောက်ဆုံးအချိန်မှာ ပါလက်စတိုင်းကို သန်း ၂၀၀ ကျော်ပေးသွားတဲ့ အိုဘားမား

    ရာထူးမစွန့်မီ နောက်ဆုံးအချိန်မှာ ပါလက်စတိုင်းကို သန်း ၂၀၀ ကျော်ပေးသွားတဲ့ အိုဘားမား

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ ရာထူးမစွန့်လွတ်မီ နောက်ဆုံးအချိန် သောကြာနေ့မှာ ပါလက်စတိုင်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကန်ဒေါ်လာ ၂၂၁ သန်း ပေးသွားခဲ့တယ်လို့ သိရပါတယ်။

    အိုးဘားမားအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီက အောက်လွှတ်တော်မှာ တင်ပြခဲ့ပြီး လွှတ်တော်ကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမယ့် လက်တလော ငွေကိုတော့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ထံ လွှဲမပေးသေးပါဘူး။

    ဒီငွေတွေကို ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ ဂါဇာနဲ့ အနောက်ဖက်ကမ်းတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် အသုံးပြုရမှာ ဖြစ်ပါတယ်။

    အိုဘားမားအစိုးရလက်ထက်မှာ အစ္စရေးကို သမိုင်းတစ်လျှောက် အများဆုံး စစ်ရေးထောက်ပံ့ကြေးပေးဖို့ သဘောတူခဲ့ပေမယ့် အစိုးရသက်တမ်းကုန်ကာနီးမှာ အစ္စရေးနဲ့ ဆက်ဆံရေးဟာ အဆင်မပြေခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်က အောက်လွှတ်တော်မှာ အီရန်နျူအရေး သဘောတူညီချက် ရရှိခဲ့မှုနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ နင်ဘဲငဆ ပြောကြားမှုကလည်း ဆက်ဆံရေး ချို့ယွင်းရခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒီဇင်ဘာမှာတော့ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်နေမှုကို ရှုတ်ချတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ယခင်ကလို ဗီတိုသုံးမပယ်ချဘဲ ခွင့်ပြုပေးခဲ့ပါတယ်။

    အစ္စရေး-ပါလက်စတိုင်းကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီရဲ့ နောက်ဆုံးမှတ်ချက်မှာ အစ္စရေးရဲ့ ကျူကျော်အိမ်ယာတွေအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ နှစ်နိုင်ငံအဖြေကို လက်မခံဘဲနဲ့တော့ အစ္စရေးဟာ ဂျူးနိုင်ငံ၊ ဒီမိုကရေစီနိုင်ငံ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အိုဘားမားကလည်း ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးက တရားမ၀င် ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်တာဟာ ကောင်းကျိုးဖြစ်ထွန်းမှာမဟုတ်ဘဲ၊ ထရမ့်အနေနဲ့ အမေရိကန်သံရုံးကို ဂျေရုစလင်ကိုရွှေ့မယ်ဆိုရင်လည်း အခြေအနေတွေကို ဆိုးရွားသွားစေနိုင်တယ်လို့ သက်တမ်းမကုန်ခင် ၂ ရက်အလိုမှာ ပြောကြားခဲ့ပါတယ်။

    Ref: Middle East Eye

  • ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၂၀၀၀ ကျော် အစ္စရေးက ထပ်ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၂၀၀၀ ကျော် အစ္စရေးက ထပ်ဆောက်မည်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်မှ အစ္စရေး၏ ကျူးကျော်အိမ်ယာများ

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာ ၂၅၀၀ ထပ်မံဆောက်လုပ်ရန် အစီအစဉ်ကို ယမန်နေ့တွင် အတည်ပြုလိုက်ပြီး နိုင်ငံတကာ၏ ဝေဖန်မှုကို မထိလေးစား ပြုလုပ်လိုက်ခြင်းလည်းဖြစ်သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဒေါ်ရ် လေဘာမန်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ၀န်ကြီးချုပ် နေတန်ယာဟုမှာ အိမ်ယာလိုအပ်ချက် ပြည့်မီစေရန်အတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    အစ္စရေးမှာ ပြီးခဲ့သည့် ၂ ရက်အရင်ကလည်း ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် အိမ်ယာ ၅၀၀ ကျော် ဆောက်လုပ်ရန် အတည်ပြုခဲ့သည်။ အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် ထိုကဲ့သို့ ကျူးကျော်အိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘဲ နိုင်ငံအများအပြားက ကန့်ကွက်ထားကြသည်။

    ပါလက်စတိုင်တာဝန်ရှိသူများကလည်း အစ္စရေး၏ ယခုအစီအစဉ်ကို ရှုတ်ချက်ခဲ့သည်။ ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီဘ် အဘူ ရဒ်နီဟ်က ထိုလုပ်ရပ်မှာ ဒေသအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုအား ထိုးနှက်ခြင်းဖြစ်ပြီး အကြမ်းဖက်ဝါဒကို အားကောင်းစေမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အစ္စရေးအား ထိထိရောက်ရောက်အရေးယူရန်လည်း တိုက်တွန်းခဲ့သည်။

    ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက အစ္စရေး၏ အဆိုပါ တရားမ၀င်ကျူးကျော်အိမ်ယာများ ဆောက်လုပ်ခြင်းကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့သည်။

    သမိုင်းတစ်လျှောက် ပါလက်စတိုင်းပိုင်နက်များအား သိမ်းပိုက်မှုနှင့် ကျူးကျော်အိမ်ယာဆောက်လုပ်မှုများ

    Ref: Aljazeera