News @ M-Media

Tag: Palestine

  • ၂၄ နာရီအတွင်း ပါလက်စတိုင်းရှိ အရပ်သား ၅ ဦးကို အစ္စရေးပစ်သတ်

    ၂၄ နာရီအတွင်း ပါလက်စတိုင်းရှိ အရပ်သား ၅ ဦးကို အစ္စရေးပစ်သတ်

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    pales

    – အစ္စရေးတပ်ဖွဲ့များကို ဓားဖြင့် တိုက်ခိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စရေးက ပစ်သတ်သောကြောင့် ပါလက်စတိုင်းပိုင်နက်များတွင် သေဆုံးသူမှာ ၂၄ နာရီအတွင်း ၅ ဦး ရှိလာပြီဟု သိရသည်။

    အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင်ဖြစ်ပြီး ယမန်နေ့က ထိုစွပ်စွဲချက်ဖြင့် ပစ်သတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၃ ဦးနှင့် ဂျော်ဒန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။

    ယနေ့တွင်လည်း အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့တွင် ပါလက်စတိုင်းပြည်သူတစ်ဦးကို ထပ်မံပစ်သတ်ခဲ့ပြီး စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ပုံမှန်စစ်ဆေးမှု ပြုလုပ်နေသည့် စစ်သားတစ်ဦးကို သေဆုံးသူက ဓားဖြင့်ထိုးမှုကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးတပ်ဖွဲ့နှင့် ပါလက်စတိုင်းပိုက်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်ကြသူများမှာ အရှေ့ဂျေရုစလင်မှ အလ်အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

    ထိုနောက်ပိုင်းမှစ၍ အစ္စရေးတပ်ဖွဲ့နှင့် တရားမ၀င်နေထိုင်သူများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ဆန္ဒပြသူများ၊ ဘေးတွင်ရပ်ကြည့်သူများ၊ အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ ပါဝင်ခဲ့သည်။ ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သည်။

    နိုင်ငံတကာက ပါလက်စတိုင်းနက်အဖြစ် သတ်မှတ်ပေးထားသည့် ဒေသများတွင် အစ္စရေးက ကျူးကျော်ဝင်ရောက်ကာ တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်နေမှုအား ပါလက်စတိုင်းပြည်သူများက ကျေနပ်ခြင်းမရှိဘဲ မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်နေကြသည်။

    ပါလက်စတိုင်းပိုင်နက်များရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူအရေအတွက်မှာ သန်းဝက်ခန့် ရှိ လာပြီဖြစ်သည်။

    Ref: Aljazeera

  • အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်မှသာ ငြိမ်းချမ်းမည်ဟု ပါလက်စတိုင်းပြော

    အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်မှသာ ငြိမ်းချမ်းမည်ဟု ပါလက်စတိုင်းပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    pales-tine

    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက သိမ်းပိုက်နေမှု ရပ်တန့်ခြင်းကသာ ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဟာနန် အက်ရှ်ရာ ၀ီက ပြောကြားလိုက်သည်။

    ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် ပြင်သစ်ကိုယ်စားလှယ်အဖွဲ့နှင့် အင်္ဂါနေ့က တွေ့ဆုံစဉ် အက်ရှ်ရာဝီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နောက်ဆုံးရ နိုင်ငံရေးတိုးတက်မှုနှင့် မြေပြင်တိုးတက်မှုများ၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည့် အစ္စရေး၏ ဆောင်ရွက်မှုများကိုလည်း ထောက်ပြခဲ့သည်။

    ချိုးဖောက်မှုများအတွက် အစ္စရေးက တာဝန်ခံရေး၊ ပါလက်စတိုင်းပိုင်နက်များအား သိမ်းပိုက်မှု အဆုံးသတ်ရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ရေး၊ လူမျိုးရေးခွဲခြားပြီး လူမျိုးတုန်းသတ်ဖြတ်နေသည့် အစ္စရေးအစိုးရအား အရေးယူနိုင်ရေးစသည့် ကိစ္စများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် ဥရောပသမဂ္ဂ (EU) ၏ အရေးကြီးပုံကိုလည်း အက်ရှ်ရာဝီက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း ပြည်တွင်းရွေးကောက်ပွဲ၊ အမျိုးသားရင်ကြားစေ့ရေး စသည့်တို့အပါအ၀င် ပါလက်စတိုင်းပြည်တွင်းရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

    Ref : IINA

  • နိုင်ငံရပ်ခြားမှ ပါလက်စတိုင်းများ အမိမြေနှင့် အဆက်အသွယ်ထားရန် PLO တိုက်တွန်း

    နိုင်ငံရပ်ခြားမှ ပါလက်စတိုင်းများ အမိမြေနှင့် အဆက်အသွယ်ထားရန် PLO တိုက်တွန်း

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    pales-tine

    – ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ၏ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဟာနန် အက်ရှ်ရာဝီက နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ပါလက်စတိုင်းနွယ်ဖွားများအနေဖြင့် ပါလက်စတိုင်းနှင့် အဆက်အသွယ်မပြတ်စေရန်၊ ၎င်းတို့၏ ဇာတိမြေနှင့် စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်းလိုက်သည်ဟု သိရသည်။

    အလည်အပတ်ရောက်ရှိနေသည့် ချီလီနိုင်ငံမှ ပါလက်စတိုင်းနွယ်ဖွား စီးပွားရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး၊ အစ္စရေးမှာ ပါလက်စတိုင်းများကို ဖျောက်ဖျက်ရန် ကြံစည်နေသည်ဟု ဆိုသည်။

    “ပါလက်စတိုင်းတွေရဲ့ အမှတ်သညာကို ဖျောက်ဖျက်ပစ်ဖို့၊ ကျွန်မတို့ရဲ့တိုင်းပြည်၊ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ခိုင်မာတဲ့ဆက်နွယ်မှုကို ပျောက်ပျက်စေဖို့ အစ္စရေးကကြိုးစားနေတာကြောင့် ကျွန်မတို့ အမိမြေကနေ ပြောင်းရွှေ့သွားသူတွေ၊ နှင်ထုတ်ခံရတဲ့သူတွေ၊ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့သူတွေက ဇာတိမြေကို ပြန်လာပြီး ရင်းနှီးမြှုပ်နှံဖို့ အသင့်ဖြစ်နေတာကို တွေ့ရတာ ကျွန်မအနေနဲ့ အလွန်ပဲ အားတက်မိပါတယ်” ဟု အာက်ရှ်ရာဝီက ရာမာလာမြို့ရှိ သူမ၏ PLO ရုံးခန်း၌ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့သည်။

    “ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို စွန့်လွှတ်ဖို့ ဒါမှမဟုတ် ဖျောက်ဖျက်ဖို့ ကျွန်မတို့ ခွင့်မပြုပါဘူး။ ရှင်တို့ရဲ့ ပါလက်စတိုင်းကို ပြန်လာခြင်း၊ ဇာတိမြေနဲ့ အဆက်အသွယ် ထားရှိခြင်းဟာ ပါလက်စတိုင်းတွေအနေနဲ့ မိမိတို့ပိုင်နက်နဲ့ သက်ဆိုင်မှု၊ လွပ်လပ်မှု၊ ဂုဏ်သိက္ခာဆိုတဲ့ ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို ခိုင်မြဲအောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်”

    အစ္စရေးက နိုင်ငံတကာဥပဒေများ၊ ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို ချိုးဖောက်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို စနစ်တကျ ချိုးဖောက်မှုတို့အကြောင်းကိုလည်း အက်ရှ်ရာဝီမှာ အဆိုပါကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။

    Ref : IINA

  • တူရကီက ဂါဇာသို့ အကူအညီများ ဒုတိယအကြိမ် ပေးပို့

    တူရကီက ဂါဇာသို့ အကူအညီများ ဒုတိယအကြိမ် ပေးပို့

    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media

    gaza

    – အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်သွားသည့် တူရကီသင်္ဘောမှာ အစ္စရေး ဆိပ်ကမ်းမြို့ဖြစ်သော အက်ရှ်ဒွတ်သို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်ဟု သိရသည်။

    အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်ပြီးနောက် တူရကီ၏ ယခုပို့ဆောင်မှုမှာ ဂါဇာပြည်သူများအတွက် ဒုတိယအကြိမ်ဖြစ်ပြီး တလ်အဗီးအခြေစိုက် တူရကီရေးရာအဖွဲ့က အခြားသော တူရကီပရဟိတ အသင်းအဖွဲ့များနှင့်အတူ ထိုအကူအညီကို လက်ခံခဲ့ကြသည်။ ထိုသင်္ဘောတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၂၅၀၀ ခန့် ပါဝင်သည်။

    တူရကီ၏ ဂါဇာသို့ ပထမဆုံး အကူအညီပေးပို့မှုမှာ ပြီးခဲ့သည့် ဇူလိုင်လကဖြစ်ပြီး၊ ယခုဆိုက်ရောက်လာသည့် ဒုတိယမြောက် သင်္ဘောတွင် အစားအသောက်များ၊ အ၀တ်အစားများ၊ ကလေးငယ်များအတွက် စက်ဘီး ၁၀၀၀၊ ဘီးတပ်ကုလားထိုင် ၁၀၀ တို့ ပါဝင်သည်။

    ထိုအကူအညီများကို အက်ရှ်ဒွတ်မှ ထရပ်ကားများဖြင့် ဂါဇာသို့ အီဒွလ် အသွဟာ အီးဒ်နေ့မတိုင်ခင် ပို့ဆောင်သွားမည်ဖြစ်သည်။

    Ref : IINA

  • အစ္စရေး၏ တရားမဲ့လုပ်ရပ်များကို အရေးယူပေးရန် ကုလကို ပါလက်စတိုင်း တောင်းဆို

    အစ္စရေး၏ တရားမဲ့လုပ်ရပ်များကို အရေးယူပေးရန် ကုလကို ပါလက်စတိုင်း တောင်းဆို

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    ples

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းကို ချက်ခြင်း အရေးယူမှုများ ပြုလုပ်ပေးရန်အတွက် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးကောင်စီအား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ အိမ်ယာဆောက်လုပ်မှု လုပ်ရပ်များအပါအ၀င် အစ္စရေး၏ ဥပဒေချိုးဖောက်သည့် ထိုလုပ်ရပ်များကို ၀န်ကြီးဌာနက “ပါလက်စတိုင်းမြေအား အစ္စရေးက ခိုးယူနေခြင်းနှင့် ဂျူးဇာတ်သွင်းလုပ်ရပ်များ”ဟု ရည်ညွှန်းပြောဆိုခဲ့ပြီး ထိုကိစ္စများအတွက် သတင်းအချက်အလက်များ ရယူနိုင်ရေး ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

    အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ယာများ ဆောက်လုပ်နေမှုကို အမေရိကန်၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် ကုလတို့ ပါဝင်သည့် အရှေ့အလယ်ပိုင်း လေးပွင့်ဆိုင်အဖွဲ့အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်နေသော်လည်း အစ္စရေးက ရပ်တန့်ခြင်းမရှိပဲ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နောက်ထပ် တရားမ၀င်အိမ်ယာများ ဆောက်လုပ်ရန်အတွက် အတည်ပြုမှုများကို အစ္စရေးအစိုးရက ပြုလုပ်ခဲ့သည်။

    လက်ရှိတွင် ပါလက်စတိုင်းပိုင်နက်များအတွက် ဆောက်လုပ်ထားသည့် အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ အရေအတွက်မှာ သန်းဝက်ကျော်ရှိနေပြီး ထိုကိစ္စက နှစ်နိုင်ငံတည်ရှိရေးအဖြေအတွက် ကြီးမားသော အတားအဆီး ဖြစ်နေသည်။

    Ref : IINA