News @ M-Media

Tag: Palestine

  • ကျူးကျော်နေထိုင်သည့် ဂျူးတစ်ဦးက ပါလက်စတိုင်းမိသားစုကို ကားဖြင့်တိုက်သတ်

    ကျူးကျော်နေထိုင်သည့် ဂျူးတစ်ဦးက ပါလက်စတိုင်းမိသားစုကို ကားဖြင့်တိုက်သတ်

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    settle

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများတွင် နေထိုင်သူတစ်ဦးမှာ ပါလက်စတိုင်း မိသားစုတစ်စုကို ကားဖြင့်တိုက်သတ်မှု ဖြစ်ပွားခဲ့ပြီး မိသားစုတစ်စုလုံး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အင်္ဂါနေ့က အနောက်ဖက်ကမ်းမြောက်ပိုင်း ကွာကီလ်ယာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းလခြမ်းနီအသင်းက တိုက်ခိုက်ခံရသူများသည် ပါလက်စတိုင်း ဇနီးမောင်နှံနှစ်ဦးနှင့် ၎င်းတို့၏ သားဖြစ်သူတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးက ဆောက်လုပ်ထားသည့် တရားမ၀င် အခြေချအိမ်ယာများတွင် နေထိုင်သူများမှာ ပါလက်စတိုင်းပြည်သူများကို ကားဖြင့်တိုက်ကာ ထွက်ပြေးမှုများရှိနေပြီး အစ္စရေးအာဏာပိုင်များကမူ ထိုကိစ္စများအတွက် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ခြင်း မရှိပေ။

    စက်တင်ဘာ ၁၀ ရက်နေ့က တရားမ၀င်နေထိုင်သူ ဂျူးတစ်ဦးမှာ အနောက်ဖက်ကမ်းတောင်ပိုင်းရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာသို့ သွားသောလမ်းတွင် အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသမီးငယ်တစ်ဦးကို ကားဖြင့် တိုက်သတ်ခဲ့သည်။

    ၁၉၆၇ ခုနှစ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်အတွင်း ဆောက်လုပ်ထားသည့် တရာမ၀င်အိမ်ယာပေါင်းမှာ ၂၃၀ ကျော်ရှိပြီး လက်ရှိအချိန်တွင် ထိုအိမ်ယာများ၌ လူ သန်းဝက်ကျော် နေထိုင်နေကြသည်။

    အစ္စရေးက ထိုကဲ့သို့ အိမ်ယာဆောက်လုပ်မှုများမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘဲ ရပ်တန့်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းမှုများရှိသော်လည်း အစ္စရေးက လိုက်နာခြင်းမရှိပေ။

    Ref : Presstv

  • ဂါဇာရှိ ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှုကို လုံးဝ ချေမှုန်းမည်ဟု အစ္စရေးခြိမ်းခြောက်

    ဂါဇာရှိ ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှုကို လုံးဝ ချေမှုန်းမည်ဟု အစ္စရေးခြိမ်းခြောက်

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    gaza

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်အား နောက်ထပ် တိုက်ခိုက်မှုပြုလုပ်ပါက ထိုတိုက်ခိုက်မှုမှာ နောက်ဆုံးဖြစ်မည်ဖြစ်ပြီး ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှုကို အပြီးသတ်ချေမှုန်းသွားမည်ဟု အစ္စရေးကာကွယ်ရးဝန်ကြီး လီဘာမန်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ယမန်နေ့က Al-Quds သတင်းစာနှင့် အင်တာဗျူးတွင် လီဘာမန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လီဘာမန်၏ ထိုမှတ်ချက်ကြောင့် ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများမှာ ဒေါသထွက်ခဲ့ကြပြီး ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရှုတ်ချခဲ့သည်။

    ထိုနေ့မှာပင် အစ္စရေးစစ်တပ်သည် ဂါဇာအား ရန်စကျူးကျော်မှုတစ်ခုအဖြစ် ပါလက်စတိုင်း တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သော ဟားမက်စ်တို့ တပ်စွဲထားသည်ဟုဆိုသည့် နေရာတစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရမှုစာရင်းများ ထွက်မလာသေးပေ။

    ထိုတိုက်ခိုက်မှုမပြုလုပ်ခင် ဟားမက်စ်က မိမိတို့ပိုင်နက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် ဂါဇာပြည်သူများ၏ အသက်ရှင်နေထိုင်ရမှု အခြေအနေမှာ အလွန်ဆိုးရွားနေပြီး ကုလ၏ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အထူးညှိနှိုင်းရေးမှုးက ဂါဇာ၏ ဆိုးရွားသော အခြေအနေများအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ အစ္စရေး၏ ပေါ်လစီများမှာ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုရာ ရောက်နေကြောင်း ပြောကြားခဲ့သည်။

    Ref : Presstv

  • ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    jeruslam

    – ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်မှ မြင့်မြတ်ရာ နေရာများမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်ပြီး ထိုနေရာအား အစ္စရေးက ကျူးကျော်၊ ချယ်လှယ်နေမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ထပ်မံ သက်တမ်းတိုးလိုက်သည်ဟု သိရသည်။

    အဆိုပါ မြင့်မြတ်ရာနေရာကို ဂျူးများက Temple Mount နှင့် Western Wall ဟု ခေါ်ဆိုကြပြီး မွတ်စလင်များက အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် သို့မဟုတ် ဟရမ် အလ်-ရရှရစ်ဖ်ဟု ခေါ်ဆိုကြသည်။ ခရစ်ယာန်ဘာသာဝင်များအတွက်လည်း ထိုနေရာမှာ အထွဋ်အမြတ်ထားရာ နေရာဖြစ်သည်။

    ဆုံးဖြတ်ချက်၏ ပြင်ဆင်ချက်ကို အောက်တိုဘာ ၁၂ ရက်နေ့က ယူနက်စကို၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားခြင်းဖြစ်ပြီး အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်ရှိ မြင့်မြတ်ရာနေရာကို မွတ်စလင်အသုံးအနှုန်းဖြင့်သာ ဖော်ပြခဲ့သည်။

    ထို့ပြင် ဆုံးဖြတ်ချက်၌ အစ္စရေးအနေဖြင့် မွတ်စလင်များအား အဆိုပါ မြင့်မြတ်ရာနေရာသို့ ၀င်ရောက်ခွင့် ကန့်သတ်ခြင်း၊ အစ္စရေး ရဲတပ်ဖွဲ့နှင့် စစ်သားများက ရန်စတိုက်ခိုက်ခြင်းများကိုလည်း ရှုတ်ချထားသည်။

    “ဒါက အစ္စရေးအနေနဲ့ ကျူးကျော်သိမ်းပိုက်နေတာကို ရပ်တန့်ပြီး မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေရဲ့ အထွဋ်အမြတ်ထားရာ ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်တဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အရေးပါတဲ့ သတင်းစကားပါပဲ” ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရဒ်အိုင်နာက ပြောကြားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်ကို သက်တမ်းတိုးရန်အတွက် ယမန်နေ့က ယူနက်စကိုတွင် မဲခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ယူနက်စကို၏ အဆိုပါ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး မြင့်မြတ်ရာနေရာများနှင့် ဂျူးလူမျိုးတို့၏ ဆက်စပ်မှုသမိုင်းကို ငြင်းပယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “Temple Mount နဲ့ Western Wall ဟာ အစ္စရေးနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ကြေငြာလိုက်တာဟာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးနဲ့ ဆက်စပ်မှုမရှိဘူး၊ အီဂျစ်ကလည်း ပိရမစ်တွေနဲ့ ဆက်စက်မှုမရှိဘူးလို့ ကြေငြာလိုက်သလို ဖြစ်နေပါတယ်”

    အစ္စရေးမှာ ထိုမြင့်မြတ်ရာနေရာရှိသည့် ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ထားပြီး မြင့်မြတ်ရာနေရာအတွင်း ၀တ်ပြုဆုတောင်းကြသည့် ပါလက်စတိုင်းပြည်သူများကိုလည်း အကြမ်းဖက်ဖြိုးခွင်းမှုများ ပြုလုပ်သောကြောင့် ထိုဒေသတွင် တင်းမာမှုများ ရှိနေသည်။

    Ref : cbc.ca

  • ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွက် ကုလက အထူးအစည်းအဝေး ကျင်းပမည်

    ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွက် ကုလက အထူးအစည်းအဝေး ကျင်းပမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    unsc

    – အစ္စရေးအနေဖြင့် ပါလက်စတိုင်းပိုင်နက်များအား သိမ်းယူခြင်း၊ ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င် အခြေချအိမ်ယာများ တည်ဆောက်ခြင်းတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ယခုလနှောင်းပိုင်းတွင် အထူးဆွေးနွေးမှုနှစ်ခု ပြုလုပ်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    “ဒီပြဿနာအတွက် ပါလက်စတိုင်းဘက်က ခိုင်ခိုင်မာမာ ပြောကြားသွားမှာပါ။ အစ္စရေးက အရေးမလုပ်တဲ့ နိုင်ငံတကာက ရှုတ်ချကြောင်း ကြေငြာချက်တွေကို ကျွန်တော်တို့ ထပ်ပြီး လက်မခံတော့ပါဘူး။ အဲဒီကြေငြာချက်တွေက ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ဆိုတဲ့ အလားအလာတွေကို မှေးမှိန်စေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကိုသာ ပိုမြန်သွားစေတာပါ” ဟု ၀န်ကြီး အလ်-မာလီကီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အောက်တိုဘာ ၁၅ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အဆိုပါ အထူးအစည်းအဝေးများ၌ ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက ဆောက်လုပ်ထားသည့် တရားမ၀င်အခြေချအိမ်ယာများကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းသွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါအစည်းအဝေးတွင် အဓိကထားမည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ကနဦးဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီး၊ ပါလက်စတိုင်းတာဝန်ရှိသူများမှာ အီဂျစ်၊ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနိုင်ငံတို့နှင့်အတူ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။

    ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်းက အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်လာခဲ့ပြီး လက်ရှိတွင် အဆိုပါအိမ်ယာပေါင်း ၂၃၀ ၌ နေထိုင်သူမှာ သန်းဝက်ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    နိုင်ငံတကာဥပဒေအရ ထိုအိမ်ယာများမှာ တရားမ၀င်ဘဲ ရပ်တန့်ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများကိုလည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိသည်သာမက တိုးချဲ့ဆောက်လုပ်မှုများပင် ပြုလုပ်ခဲ့သည်။ ထိုကိစ္စကြောင့် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပျက်ပြယ်ခဲ့ကြသည်။

    Ref: Press TV

  • ပါလက်စတိုင်းဖွံ့ဖြိုးရေး ရုရှားက ဒေါ်လာ ၄ သန်း ထောက်ပံ့မည်

    ပါလက်စတိုင်းဖွံ့ဖြိုးရေး ရုရှားက ဒေါ်လာ ၄ သန်း ထောက်ပံ့မည်

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    pa-rs

    – ဘက်သလီဟမ်မြို့ရှိ အဓိက လမ်းမကြီးဖြစ်သော Star Street နှင့် Manger ရင်ပြင်တို့အား ပြန်လည်ပြင်ဆင်ရန်အတွက် ရုရှားအစိုးရက ကန်ဒေါ်လာ ၄ သန်းထောက်ပံ့မည့် သဘောတူညီချက်ကို ပါလက်စတိုင်းဆိုင်ရာ ရုရှားသံအမတ် ရူဒါကော့ဗ်နှင့် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယာ့ဒ် အလ်-မာလီကီတို့က အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါနေရာနှစ်ခုမှာ ဘက်သလီဟမ်တွင် ခရီးသွားများ စိတ်ဝင်စားရာ နေရာများဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုပြီး ရုရှား၏ ထိုထောက်ပံ့မှုအတွက် ပါလက်စတိုင်းနိုင်ငံနှင့် ပါလက်စတိုင်းပြည်သူများ၏ ကိုယ်စား ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားသံအမတ် ရူဒါကော့ဗ်က ရုရှားမှာ ပါလက်စတိုင်းအတွက် စဉ်ဆက်မပြတ် နိုင်ငံရေးအထောက်ပံ့ကူညီမှုများနှင့်အတူ
    ပါလက်စတိုင်းပြည်သူများ တိုးတက်ဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေမည့် အဆောက်အဦးများ ဆောက်လုပ်ရေးအတွက် စီးပွားရေးဆိုင်ရာ အထောက်အပံ့များကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပြဿနာအတွက် မိမိတို့၏ ရပ်တည်ချက်မှာ မြဲမြံစွာ ရှိနေပြီး အရှေ့ဂျေရုစလင်ကို မြိုကတော်အဖြစ်ထား၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိုလည်း ရုရှားက ထောက်ခံကြောင်း ရူဒါကော့ဗ်က ထပ်လောင်း ပြောကြားခဲ့သည်။

    Ref : IINA