ဇူလိုင် ၃၁၊ ၂၀၁၆
M-Media
– အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ပါက ရှင်းလင်းသည့် အချိန်ကာလ သတ်မှတ်ချက်နှင့် နိုင်ငံတကာမှကြီးကြပ်မှု ပါဝင်ရမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
ပဲရစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံတည်ရှိရေး ရည်ရွယ်ချက် အောင်မြင်ရန်အတွက်လည်း ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး ဂျန် မာ့ခ် အေရော့တ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပါလက်စတိုင်းအစိုးရ၏ အကြီးတန်းတာဝန်ရှိသူ ဆအစ်ဘ် အီရာကသ်ကမူ ထိုဆွေးနွေးမှုနှစ်ခုစလုံးမှာ အပြုသဘောဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်က ပျက်ပြယ်ခဲ့သော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်နိုင်ရန်အတွက် ပြင်သစ်မှာ လုပ်ငန်းစဉ်တစ်ခုကို အဆိုပြုထားပြီး ပါလက်စတိုင်းများက ထိုအစီအစဉ်ကို ကြိုဆိုသော်လည်း အစ္စရေးက သဘောကျခြင်း မရှိချေ။
အဘတ်စ်ကလည်း ပါလက်စတိုင်းကိစ္စအတွက် ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတကာညီလာခံတစ်ခု ကျင်းပရေး ပြင်သစ်၏ ထိုအဆိုပြုချက်ကို အပြည့်အ၀ထောက်ခံသည်ဟု ယမန်နေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။
“ဒီအားထုတ်မှုတွေက ၁၉၆၇ ခုနှစ် နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ သတ်မှတ်ပေးထားတဲ့ နယ်နမိတ်တွေအတိုင်း နှစ်နိုင်ငံတည်ရှိရေးအဖြေတစ်ခု ထုတ်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းရေး ရည်ရွယ်တာဖြစ်ပါတယ်” ဟု အဘတ်စ်က ဆိုသည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ထိုကဲ့သို့ နှစ်နိုင်ငံနယ်နမိတ်များ သတ်မှတ်ပေးထားသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များကို ၁၉၆၇ ခုနှစ်ကတည်းက ယနေ့အထိ တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့သည်။
Ref: alarabiya