ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
M-Media
– စစ်တပ်အား တိုက်ခိုက်ရန် ကြံစည်သည်ဟုဆိုကာ အစ္စရေးက ထောင် ၂ လ ချမှတ်ခဲ့သည့် ပါလက်စတိုင်းမှ အသက် ၁၄
နှစ်အရွယ် ကျောင်းသူ အမျိုးသမီးငယ်လေးတစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။
အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းခြေမှ မာလက် အလ်-ခါသစ်ဆိုသူ
ကျောင်းသူဖြစ်ပြီး ယမန်နေ့က လွတ်မြောက်လာခြင်းဖြစ်ကာ မိသားစုများနှင့် ဆွေမျိုးများက ကြိုဆိုခဲ့ကြပြီး ၎င်းတို့နေထိုင်ရာ
ဘိုင်တင်ရွာသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
မာလက်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ကျောင်းမှ အိမ်သို့အပြန်လမ်းတွင် အစ္စရေးစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက်
ထောင်ဒဏ် ၂ လ ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး သူမ၏ အသက်ကြောင့် ၂ ပတ်လျော့ရက် ရခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်း
အကျဉ်းသားများအသင်းက ပြောကြားခဲ့သည်။
အစ္စရေး၏စွဲချက်တွင် မာလက်မှာ ပါလက်စတိုင်းပိုင်နက်ရှိ ကျူးကျော်အိမ်ယာများတွင် နေထိုင်သော အစ္စရေးမှဂျူးများ၏
ကားကို ပစ်ခတ်ရန်အတွက် ကျောက်တုံးများကိုကောက်ခဲ့ခြင်းနှင့် လုံခြုံရေးအဖွဲ့များ ဖမ်းဆီးပါက ပြန်လည်တိုက်ခိုက်ရန်
ဓားမြှောင်တစ်ချောင်းကို ယူဆောင်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ပါလက်စတိုင်းပိုင်း အနောက်ဖက်ကမ်းခြေမှ နှစ်စဉ် ကလေးငယ်ပေါင်း ၁၀၀၀ ခန့်ကို အစ္စရေးမှ ဖမ်းဆီးလျက်ရှိပြီး
ခဲဖြင့်ပေါက်မှုဖြင့် မကြာခဏ တရားစွဲဆိုခြင်းခံရသည်ဟု ကလေးငယ်များအခွင့်အရေးကို ဆောင်ရွက်ပေးနေသည့် Defense
for Children International Palestine အဖွဲ့က ပြောကြားခဲ့သည်။
ပါလက်စတိုင်း အကျဉ်းသားများအသင်းကမူ အစ္စရေးအကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်း
ကလေးငယ်များမှာ ၂၀၀ ခန့်ရှိပြီး မိန်းကလေး ၄ ဦးပါဝင်ကာ မာလက်က အငယ်ဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။
အစ္စရေးစစ်ဖက် ပြောရေးဆိုခွင့်ရှိသူများကမူ မာလက်မှာ အပြစ်ရှိကြောင်းဝန်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း
မာလက်၏ ဖခင်ဖြစ်သူက သမီးဖြစ်သူ၏ ထွက်ဆိုချက်ကို အတည်ယူ၍မရဟု ဆိုသည်။
“အစ္စရေးစစ်သားတွေဝိုင်းထားတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ဘာမဆိုဝန်ခံမှာပါပဲ။
နျူလက်နက်ကြီး ကိုင်ထားတယ်လို့ စွပ်စွဲခဲ့ရင်တောင် သူဝန်ခံမှာပါ” ဟု ပြောကြားခဲ့သည်။
Ref: alarabiya