News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းအား အသိအမှတ်ပြုမှုအတွက် မတောင်းပန်ပါက တရားစွဲမည်ဟု ပုပ်ရဟန်းမင်းကြီးကို ဂျူးဘာသာရေးခုံရုံး သတိပေး

    ပါလက်စတိုင်းအား အသိအမှတ်ပြုမှုအတွက် မတောင်းပန်ပါက တရားစွဲမည်ဟု ပုပ်ရဟန်းမင်းကြီးကို ဂျူးဘာသာရေးခုံရုံး သတိပေး

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    pope

    – တရားသူကြီး ၇၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျူးဘာသာရေးခုံးရုံး Sanhedrin ဟု ကြေညာထားသည့် အစ္စရေးရှိ တရာရုံးတစ်ခုက ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းအတွက် ပြန်လည်တောင်းပန်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား တောင်းဆိုလိုက်ပြီး၊ ထိုသို့မလုပ်ပါက လာမည့်လတွင် တရားရင်ဆိုင်ရမည်ဟု သတိပေးလိုက်သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အုပ်ချုပ်သည့် ဗာတီကန်မှာ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက တရားဝင် အသိအမှတ်ပြုခဲ့ပြီး၊ ပြီးခဲ့သည့် ဇွန်လက ပါလက်စတိုင်းနှင့် ဗာတီကန်တို့အကြား သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့ကာ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO နှင့် သံတမန်ဆက်ဆံရေး စတင်ခဲ့သည်။ ထိုစာချုပ်မှာ ၎င်းတို့နှစ်နိုင်ငံအကြား
    ပထမဆုံးချုပ်ဆိုသည့် တရားဝင်စာချုပ်လည်း ဖြစ်သည်။

    အစ္စရေးဘာသာရေးခုံရုံး Sanhedrin ကမူ ထိုကိစ္စနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုမှုအတွက် တောင်းပန်ရန်နှင့် မတောင်းပန်ပါက စက်တင်ဘာ ၂၀ ရက်နေ့တွင် တရားစွဲဆိုသွားမည်ဟု ဖော်ပြခဲ့ကြောင်း ပါလက်စတိုင်း အလ်-ဖာတာလှုပ်ရှားမှု တော်လှန်ရေးကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒီမီထရီ ဒီလီယာနီက ပြောကြားခဲ့သည်။ ထို့ပြင် တရားရုံးမှ ဆင့်ခေါ်မှုကို လစ်လျူရှုပါက ပုပ်ရဟန်းမင်းကြီးအား အဝေးရောက် တရားစီရင်သွားမည်ဟု အဆိုပါစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    ဒီလီယာနီကမူ Sanhedrin ၏ ထိုစာတွင် ပါလက်စတိုင်းတို့၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ မှားယွင်းသော ဖော်ပြချက်များ ပါဝင်ပြီး၊ ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးကို မိမိတို့၏ ဇာတိမြေမှာပင် ဓားပြတိုက်ရန်နှင့် ဂျူးလူမျိုးမဟုတ်သောသူများ၏ အခွင့်အရေးများကို ငြင်းပယ်ရန် ကြိုးစားမှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Sanhedrin ခုံရုံးမှာ ဥပဒေရေးရာအရ မည်သည့် အသိအမှတ်ပြုမှုမှ မရှိဘဲ အစ္စရေးအစိုးရနှင့် ၎င်း၏ မဟာမိတ်ပါတီများအပေါ် သြဇာလွှမ်းမိုးမှုရှိသော ဂျူးဘုန်းကြီးများထံမှ ထွက်ပေါ်လာသည့် အတွေးအခေါ်အစွန်းရောက်ဝါဒမှာ စိုးရိမ်စရာဖြစ်သည်ဟု ဒီလီယာနီက သတိပေးခဲ့သည်။

    ပုပ်ရဟန်းမင်းကြီးထံသို့ ပေးပို့သော အဆိုပါစာတွင် ဂျူးဘုန်းကြီးများအပါအ၀င် ခုံရုံးအတွင်းဝန် မောင့်ဇီယွန်တို့က လက်မှတ်ရေးထိုးခဲ့သည်။ အစ္စရေးအစိုးရကမူ ထိုစာနှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    ဒီလီယာနီက ဗာတီကန်နှင့် ကမ္ဘာတစ်ဝှမ်းလုံးမှ ကက်သလစ်အသင်းတော်များအနေဖြင့် ထိုကိစ္စကို ၀င်ရောက်စွက်ဖက်ကြရန်၊ ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏ နိုင်ငံအပေါ် အစ္စရေး၏ မောက်မာရိုင်းစိုင်းမှု၊ လူမျိုးရေးခွဲခြားမှုနှင့် ဥပဒေချိုးဖောက်မှုများကို အဆုံးသတ်ပေးရန် တိုက်တွန်းဆော်သြခဲ့သည်။

    Ref: Middleeastmonitor

  • ဂျူးများ၏ မီးရှို့တိုက်ခိုက်မှုကြောင့် ၁၈ လအရွယ် ကလေးသေဆုံးမှု ICC သို့ ပါလက်စတိုင်း တိုင်ကြားမည်

    ဂျူးများ၏ မီးရှို့တိုက်ခိုက်မှုကြောင့် ၁၈ လအရွယ် ကလေးသေဆုံးမှု ICC သို့ ပါလက်စတိုင်း တိုင်ကြားမည်

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် တရားမ၀င် အခြေချနေထိုင်သူဂျူးများက ပါလက်စတိုင်းနေအိမ်ကို မီးရှို့တိုက်ခိုက်မှုအတွင်း ၁၈ လအရွယ် ကလေးငယ် သေဆုံးမှုအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ တိုင်ကြားသွားမည်ဟု ပါလက်စတိုင်းအစိုးရက ပြောကြားလိုက်သည်။

    ထို့ပြင် ထိုအဖြစ်အပျက်အတွက် အစ္စရေးအစိုးရတွင် လုံးဝ တာဝန်ရှိသည်ဟု ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO က ဆိုသည်။

    ယမန်နေ့မနက်က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကို အစ္စရေးခေါင်းဆောင်များအပါအ၀င် တစ်ကမ္ဘာလုံးက ရှုတ်ချခဲ့ကြသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်သို့ ဖုန်းခေါ်ဆိုခဲ့ပြီး အကြမ်းဖက်ဝါဒကို အတူတကွ တိုက်ခိုက်ရမည်ဟု ပြောကြားခဲ့သည်။

    အဘတ်စ်ကမူ ထိုကိစ္စအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တိုင်ကြားရန် နိုင်ငံခြားရေးဝန်ကြီးအား အမိန့်ပေးခဲ့သည်။

    “ကျွန်တော်တို့ တရားမျှတမှုအစစ်အမှန်ကို လိုချင်ပါတယ်။ ဒါပေမယ့် အစ္စရေးက ပေးပါ့မလားဆိုတာကို ကျွန်တော်တို့ သံသယ ရှိပါတယ်” ဟု နာဘလုစ်မြို့ မြောက်ပိုင်းအနီး ဒူးမားရွာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ အဘတ်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များ၌ တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းကို အစ္စရေးအစိုးရက အားပေးနေသမျှ ကာလပတ်လုံး ထိုကဲ့သို့ တိုက်ခိုက်မှုများကို လူရမ်းကားများက ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း၊ ထိုကိစ္စမှာ မိမိတို့အားလုံးအတွက် စစ်ရာဇ၀တ်မှုနှင့် ဖြစ်ရပ်ဆိုးကြီးဖြစ်ကြောင်း အဘတ်စ်က စောစောပိုင်းတွင် ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရကလည်း ထိုတိုက်ခိုက်မှုမှာ ဆိုးရွားသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး၊ လူသတ်သမားများအား ဖမ်းဆီးရန် အစ္စရေးကို တိုက်တွန်းခဲ့ကာ နှစ်ဖက် တင်းမာမှုများကိုလည်း ရှောင်ရှားရန် ဆော်သြခဲ့သည်။

    ဂျူးများ၏ မီးရှို့မှုအတွင်း သေဆုံးသွားသူ အသက် ၁၈ လအရွယ် ကလေးငယ်မှာ အလီ စအဒ် ဒါဝါဘက်ရှ်ဆိုသူဖြစ်ပြီး ယမန်နေ့ နေ့လည်ပိုင်းက မိသားစုများမှ မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။ မိဘနှစ်ပါးနှင့် အသက် ၄ နှစ်အရွယ် အကိုဖြစ်သူတို့မှာလည်း မီးလောင်မှုဒဏ်ရာကို ဆိုးရွားစွာ ခံနေရကာ အစ္စရေးဆေးရုံတစ်ရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေသည်။

    ထိုအဖြစ်အပျက်ကြောင့် ယမန်နေ့က ပါလက်စတိုင်းများမှာ အနောက်ဘက်ကမ်းတွင် ဆန္ဒပြခဲ့ကြပြီး အဆိုပါဆန္ဒပြမှုအတွင်း အစ္စရေးစစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ အသက် ၁၄ နှစ်အရွယ် လာအစ် ခါလ်ဒီဆိုသည့် လူငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ရသည်။

    Ref: Aljazeera

  • ပါလက်စတိုင်းအိမ်တစ်အိမ်ကို ဂျူးများက မီးရှို့မှုတွင် ၁၈ လအရွယ် ကလေးငယ်တစ်ဦး မီးလောင် သေဆုံး

    ပါလက်စတိုင်းအိမ်တစ်အိမ်ကို ဂျူးများက မီးရှို့မှုတွင် ၁၈ လအရွယ် ကလေးငယ်တစ်ဦး မီးလောင် သေဆုံး

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    pal

    – ပါလက်စတိုင်းပိုင်ဖြစ်ပြီး အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းအိမ်တစ်အိမ်ကို ဂျူးများက မီးရှို့မှုအတွင်း အသက် ၁၈ လ အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    နဘ်လုစ်မြို့ တောင်ဘက် ဒူးမားရွာရှိ အဆိုပါအိမ်ကို ပါလက်စတိုင်းပိုင်းနက်အတွင်း အစ္စရေးက ကျူးကျော်တည်ဆောက်ထားသည့် တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများက ယမန်နေ့တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်။

    သေဆုံးသွားသူ ကလေးငယ်မှာ အလီ စအဒ် ဒါဝါဘက်ရှ်ဆိုသူဖြစ်ပြီး မိဘနှစ်ပါးနှင့် အသက် ၄ နှစ်အရွယ် အကိုဖြစ်သူတို့၏ ခန္ဓာကိုယ် ၇၅ ရာခိုင်နှုန်းမှာ မီးလောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့သည်ဟု ရာဖီဒီယာ ဆေးရုံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်ကမူ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်မှုလုပ်ရပ်ဖြစ်ကာ မိမိတို့အနေဖြင့် ပြည့်ဝသည့် စုံစမ်စစ်ဆေးမှုများကို ပြုလုပ်နေပြီး ကျူးလွန်သူကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူလ် အာရ်ဒီနီဟ်ကမူ အစ္စရေးအစိုးရမှာ ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းအား အားပေးမှုနှင့် ထိုအိမ်ယာများတွင်နေထိုင်သူ ဂျူးများအား ကာကွယ်ပေးမှုတို့ကြောင့် ယခုရာဇ၀တ်မှုအတွက် အစ္စရေးအစိုးရတွင် လုံးဝ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ တိတ်ဆိတ်နေမှုကိုလည်း ပြစ်တင်ခဲ့ကာ ရာဇ၀တ်မှုများအား နှုတ်ဖြင့်သာ ရှုတ်ချနေမှုများကို လက်မခံနိုင်တော့ကြောင်း၊ အစ္စရေးမှ တိုက်ခိုက်သူများအား တာဝန်ယူစေရန် လက်တွေ့ဆောင်ရွက်ခြင်းနှင့် အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ရေးသာ လိုအပ်ကြောင်း
    ထည့်သွင်းပြောကြားခဲ့သည်။

    မီးရှို့ဖျက်ဆီးမှုတွင် ဒူးမားရွာအ၀င်အ၀ရှိ ပါလက်စတိုင်းအိမ်နှစ်လုံး လောင်ကျွမ်းခဲ့ပြီး နံရံများတွင်လည်း စော်ကားသည့်မှတ်ချက်များကို ဟီဘရူးဘာသာစကားဖြင့် ရေးသားခဲ့သည်။ မျက်မြင်သက်သေတစ်ဦးကမူ အခင်းဖြစ်ရာနေရာမှ ဂျူးအခြေချေနေထိုင်သူ အနည်းဆုံး ၄ ဦး
    ထွက်ပြေးသွားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ဒူးမားရွာအနီးတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာ အနည်းဆုံး ၃ ခု ရှိနေသည်။ အနောက်ဘက်ကမ်းတွင် ၂၀၁၅ ခုနှစ်မှစ၍ အစ္စရေးမှ အခြေချသူများ၏ ပါလက်စတိုင်းများအား တိုက်ခိုက်မှုမှာ အနည်းဆုံး ၁၂၀ ခန့်ရှိသည်ဟု ကုလ၏ မှတ်တမ်းများအရ
    သိရသည်။

    အစ္စရေးလူ့အခွင့်အရေးအဖွဲ့ဖြစ်သော Yesh Din ကမူ ထိုတိုက်ခိုက်မှုများအတွက် ပါလက်စတိုင်းတို့က အစ္စရေးရဲတပ်ဖွဲ့အား တိုင်ကြားမှုမျာ၏ ၉၂.၆ ရာခိုင်နှုန်းမှာ မည်သည့်အရေးယူမှုမှ မရှိဟု မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက အိမ်ယာဆောက်လုပ်ရန် စီစဉ်မှု ကုလ ရှုတ်ချ

    ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက အိမ်ယာဆောက်လုပ်ရန် စီစဉ်မှု ကုလ ရှုတ်ချ

    ဇူလိုင် ၃၀၊ ၂၀၁၅
    M-Media

    – ပါလက်စတိုင်းပိုင်နက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အခြေချအိမ်ယာ ၃၀၀ ဆောက်လုပ်ရန် အစ္စရေး၏ အတည်ပြုမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရှုတ်ချလိုက်ပြီး ထိုဆုံးဖြတ်ချက်အား
    ပြန်ရုပ်သိမ်းရန်လည်း တိုက်တွန်းလိုက်သည်။

    အနောက်ဘက်ကမ်း ဘီအစ် အဲလ်ဒေသတွင် အိမ်ယာ ၃၀၀ ချက်ခြင်းဆောက်လုပ်ရန်နှင့် အစ္စရေးက သိမ်းပိုက်ထားသည့် အရှေ့ဂျေရုစလင်တွင် နေအိမ် ၅၀၄ လုံး ဆောက်လုပ်ရန်အစီအစဉ်တို့ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ဘန်ကီမွန်ကမူ အဆိုပါ အခြေချအိမ်ယာများမှာ နိုင်ငံတကာဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ၊ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်ကာ နှစ်နိုင်ငံအဖြေရရေး အစ္စရေးက ဖော်ပြထားသည့် သဘောထားနှင့်အတူ ပြန်လည်သင့်မြတ်ရေးကိုလည်း ဆောင်ရွက်နိုင်မည်မဟုတ်ဟု နယူးယောက်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်တန့်ရန်နှင့် ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ်သိမ်းရန်လည်း ဘန်က တိုက်တွန်းခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

    အနောက်ဘက်ကမ်းတွင် ဘဒူအင်များနေထိုင်သော ဆူစီယာရွာအား ဖြိုချဖျက်ဆီးပစ်မည်ဟု အစ္စရေးက ခြိမ်းခြောက်မှုအတွက်လည်း စိုးရိမ်မိသည်ဟု ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့သည်။

    “ကျူးကျော်သိမ်းပိုက်ထားတဲ့ ပိုင်နက်မှာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခြင်းဟာ နိုင်ငံကတကာဥပဒေအရ တားမြစ်ထားတဲ့ကိစ္စဖြစ်ပြီး အဲဒီလို အပြုအမူတွေအတွက် တာဝန်ယူရပါလိမ့်မယ်”

    Ref: Alarabiya

  • ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ ထပ်မံဆောက်လုပ်ရန် အစ္စရေး စီစဉ်ပြန်

    ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ ထပ်မံဆောက်လုပ်ရန် အစ္စရေး စီစဉ်ပြန်

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    pal

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားရုံးက ယခင်တားမြစ်ထားသော နေရာများ အပါအ၀င် တရားမ၀င်အိမ်ရာ ၁၀၅၅ ခုကို ပြန်လည်ဆောက်လုပ်ရန် အစ္စရေးက စီစဉ်နေသည်ဟု အစ္စရေး၏ တရားမ၀င် အခြေချအိမ်ရာများကို စောင့်ကြည့်နေသည့် Peace Now အဖွဲ့က ပြောကြားလိုက်သည်။

    အစ္စရေး စစ်ဘက်ကော်မတီက ဘီဘစ်အလ် အခြေချအိမ်ယာရှိ အိမ်အလုံးရေ ၂၄ ခုကို ပြန်လည်ဆောက်လုပ်ရန် ယမန်နေ့တွင် အတည်ပြုခဲ့သည်။ ထိုအိမ်ယာမှာ ပါလက်စတိုင်းတို့၏ နယ်မြေများအတွင်းသို့ ကျရောက်နေသောကြောင့် ဇူလိုင်လကုန် နောက်ဆုံးထား၍ ဖြိုချရန် အစ္စရေးတရားရုံးချုပ်က အမိန့်ပေးထားသည့် အိမ်ယာဖြစ်သည်။

    အဆိုပါဒေသမှာ အနာဂတ်ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရန် အဆိုပြုထားသည့် နေရာဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း တရားဝင် အသိအမှတ်ပြုထားသည်။

    အစ္စရေးစစ်တပ်မှာ ဖျက်သိမ်းခိုင်းထားသည့် အိမ်ခြေ ၂၂၈ ကို ပြန်လည်ဆောက်လုပ်ရန်နှင့် အိမ်ခြေသစ် ၅၄၁ ခုကို ထပ်မံဆောက်လုပ်ရန် ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့သည်ဟု Peace Now အဖွဲ့က ဆိုသည်။

    ထို့ပြင် အိမ်ခြေ ၂၉၆ လုံးပါဝင်မည့် အိမ်ယာ စီမံကိန်းအသစ်ကိုလည်း အတည်ပြုခဲ့ပြီး၊ ပါလက်စတိုင်းပိုင် နယ်မြေ၌ စက်မှုဇုန်နှစ်ခုနှင့် ဂျူးဘာသာရေးကျောင်းတစ်ခု တည်ဆောက်ရန်လည်း အစ္စရေးစစ်တပ်က ထည့်သွင်း အတည်ပြုခဲ့သည်။ ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င် အခြေချအိမ်ရာများ ဆောက်လုပ်ရန် အစ္စရေးက လွန်ခဲ့သည့် တစ်နှစ်က နောက်ဆုံးအတည်ပြုခဲ့သည်။

    အစ္စရေး၏ ထိုလုပ်ရပ်များမှာ နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းဖြစ်ပြီး ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တောင်းဆိုခဲ့ကြသော်လည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိချေ။

    Ref: Aljazeera