News @ M-Media
Tag: Palestine
  • ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး အသိအမှတ်ပြု ပြီ
    ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး အသိအမှတ်ပြု ပြီ
    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    the-hague
    – နယ်သာလန်နိုင်ငံ ဟေ့ဂ်မြို့အခြေစိုက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု လိုက်သည်ဟု သိရသည်။
    ထိုကဲ့သို့ အသိအမှတ်ပြုရန် ဒီဇင်ဘာ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြည်သူများအတွက် အထင်ကရ အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုသို့ အသိအမှတ်ပြုခဲ့ခြင်းမှာ အစ္စရေးက သိမ်းပိုက်ထားသာ ပါလက်စတိုင်းပိုင်နက်များအတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လမ်းပွင့်သွားခြင်းလည်း ဖြစ်သည်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ သဘောတူညီချက်များကို အခြေခံထားသည့် အမြဲတမ်းခုံရုံး တစ်ခုဖြစ်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ အဆိုးရွားဆုံး ရာဇ၀တ်မှုများအား ကြိုးကိုင် ချယ်လှယ်ခဲ့သူများ လွတ်မြောက်မှုကို အဆုံးသတ်ရန် ထည်ထောင်ထားခြင်းဖြစ်သည်။
    အဆိုပါ ရာဇ၀တ်ခုံရုံးမှ ဘောစနီးယား စစ်ပွဲတွင် ဖြစ်ပွားခဲ့သော စစ်ရာဇ၀တ်မှုများ၊ ရ၀မ်ဒါတွင် ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုကာ ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့သည်။
    နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွင် နေရာ တစ်နေရာ ရရှိသွားခဲ့သည့် ပါလက်စတိုင်းက တောင်းဆိုမှုများ ပြုလုပ်ပါက ပါလက်စတိုင်း ပိုင်နက်အတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည့် အလားအလာရှိနေသည်။
    Al Jazeera
  • အစ္စရေး-ပါလက်စတိုင်း နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ  မူကြမ်း လုံခြုံရေးကောင်စီ၌ ပြင်သစ် တင်မည်
    အစ္စရေး-ပါလက်စတိုင်း နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူကြမ်း လုံခြုံရေးကောင်စီ၌ ပြင်သစ် တင်မည်
    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    Palestine resolution
    – အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နောက်ဆုံးအဆင့် ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ရည်ရွယ်သော ဆုံးဖြတ်ချက်မူကြမ်းကို ယခုလက အလယ်ပိုင်းတွင် ကုလ လုံခြုံရေးကောင်စီ၌ တင်သွင်းသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာ ၁ ရက် တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
    ပြင်သစ်နိုင်ငံမှ ဦးဆောင်တင်သွင်းမည့် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းမှ ငြိမ်းချမ်းရေး ရရှိရန် နောက်ဆုံးဆွေးနွေးပွဲနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်အတွက် အချိန်ကာလတစ်ခု ထွက်ပေါ်လာနိုင်ပြီး ပါလက်စတိုင်း နိုင်ငံဖြစ်တည်လာရေးအတွက် ဒုတိယမြောက် နောက်ဆုံးကာလသတ်မှတ်ချက် ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ပါလက်စတိုင်းကိုယ်စားလှယ် ရီယဒ် မန်ဆူရ်က ထည့်သွင်းပြောကြားခဲ့သည်။
    သို့သော်လည်း အဆိုပါဆုံးဖြတ်ချက်အား အတည်ပြုရန်အတွက် ယခင်က ပါလက်စတိုင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဗီတိုများသုံး၍ ပယ်ချခဲ့ဖူးသည့် အမေရိကန်၏ ဆုံးဖြတ်ချက်က  အခရာကျနေသည်။
    အာရပ်လိဂ်၏ ထောက်ခံမှုဖြင့် ပါလစတိုင်းမှာ ဆုံးဖြတ်ချက်မူကြမ်းတစ်စောင်ကို စက်တင်ဘာလကုန်ပိုင်းတွင် လုံခြုံရေးကောင်စီ၌ တင်သွင်းခဲ့ဖူးပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးထား၍ အဆုံးသတ်ရန် ဖော်ပြထားသည်။
    အဆိုပါ မူကြမ်းကို အမေရိကန်နှင့် အခြားလုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆန့်ကျင်ခဲ့သော်လည်း ပြင်သစ်နိုင်ငံက ယခုတင်သွင်းမည့် မူကြမ်းပေါ်လာရန် နည်းလမ်းတစ်ခုဖြစ်ခဲ့သည်။
  • ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ် ပြင်သစ် အသိအမှတ်ပြုတော့မည်
    ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ် ပြင်သစ် အသိအမှတ်ပြုတော့မည်
    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    gaza-palestine
    – အစ္စရေးနှင့် ပါလက်စတိုင်းအကြား ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ကျော်ဖြတ်ရန် နိုင်ငံတကာ၏ အားထုတ်မှု မအောင်မြင်ပါက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မည်ဟု ပြင်သစ်နိုင်ငံက သတိပေး ပြောကြားလိုက်သည်။
    `ဆွေးနွေးညှိနှိုင်းတဲ့ အဖြေတစ်ခုရရှိဖို့ ဒီနောက်ဆုံးကြိုးစားမှု မအောင်မြင်ရင်တော့ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ပြင်သစ်က လုပ်ရတော့မှာပါ။ ကျွန်တော်တို့ အဆင်သင့်ပါပဲ´ ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖာဘီယက်စ်က ယမန်နေ့တွင် ပါလီမန်၌ ပြောကြားခဲ့သည်။
    အရှေ့အလယ်ပိုင်းငြိမ်းချမ်ရေးလုပ်ငန်းစဉ် ချိနဲ့လာမှုနှင့်ပတ်သက်၍ ဥရောပနိုင်ငံများက စိတ်ပျက်နေပြီး ပြင်သစ်ပါလီမန်အမတ်များကလည်း ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် အစိုးရအား တိုက်တွန်းရေး အဆိုပြုနေချိန်တွင် နိုင်ငံခြားရေးဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    အာဏာရ ဆိုရှယ်လစ်ပါတီမှ တင်သွင်းသည့် အဆိုပါ အဆိုပြုချက်ကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး လာမည့် ဒီဇင်ဘာ ၂ ရက်နေ့တွင် ပါလီမန်၌ အတည်ပြုရန်ရှိနေသည်။
    ထိုအဆိုပြုချက်တွင် အစ္စရေး-ပါလက်စတိုင်း ပြဿနာအတွက် ပြီးပြတ်သည့် အဖြေတစ်ခုရရှိရန် လက်နက်တစ်ခုအဖြစ် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အစိုးရက အသိအမှတ်ပြုရန် တိုက်တွန်းထားသည်။
    ဗြိတိန် လွှတ်တော်အမတ်များကလည်း ထိုကဲ့သို့ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် လက်ခံအတည်ပြုခဲ့သည်။ စပိန်လွှတ်တော်အမတ်များမှာ နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်းကောင်း ဆွီဒင်နိုင်ငံက အောက်တိုဘာ ၃၀ ရက်နေ့တွင်လည်းကောင်း ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် လက်ခံရန် အဆိုပြုချက်ကို အသီးသီး အတည်ပြုခဲ့ကြသည်။
    Agencies
  • ပါလက်စတိုင်း တစ်ဦး အသတ်ခံရပြီး တပတ်အကြာ တိုက်ခိုက်မှုဖြစ်ပွား အစ္စရေး ၅ ဦးသေဆုံး
    ပါလက်စတိုင်း တစ်ဦး အသတ်ခံရပြီး တပတ်အကြာ တိုက်ခိုက်မှုဖြစ်ပွား အစ္စရေး ၅ ဦးသေဆုံး
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    18-11-14_Four-Israelis-Killed-in-Al-Quds-Attack
    နိုဝင်ဘာ ၁၈ ရက် အင်္ဂါနေ့က (သိမ်းပိုက်ခံ ဂျေရုဆလင်) အလ်ကုဒ်စ်မြို့ရှိ ဂျူးဘုရားကျောင်း တစ်ခုအပေါ် ပါလက်စတိုင်းနှစ်ဦးမှ တိုက်ခိုက်ရာ အစ္စရေးငါးဦး သေဆုံးသည်။ ထိုတိုက်ခိုက်မှုသည် လက်ရှိနှစ်များအတွင်း ပြင်းထန်သောတိုက်ခိုက်မှုများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။
    “ဒီအော်ပရေးရှင်းက ကျုပ်တို့လူထု၊ ကျုပ်တို့အထွဋ်အမြတ်ထားရာ နေရာအပေါ် ကျူးလွန်စော်ကားတဲ့ ဇီယွန်ဝါဒီတွေကို သူရဲကောင်းဆန်ဆန် တူညီတဲ့တုန့်ပြန်ချက် တစ်ရပ်ဖြစ်တယ်။ ကျဆုံးသွားတဲ့ ကျုပ်တို့ သူရဲကောင်းများရဲ့သွေးကြွေးကို ရတဲ့နည်းလမ်းနဲ့ ပြန်ဆပ်ဖို့ ကျုပ်တို့မှာ အပြည့်အ၀ အခွင့်အရေးရှိတယ်” ဟု ဟားမားစ်အဖွဲ့၏ပြောခွင့်ရှိသူ မုရှိရ် အလ်မတ်စ်ရီက သူ၏ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးသားခဲ့ကြောင်း နျူးယော့ခ်တိုင်းမ်မှ တင်ပြသည်။
    ဂျေရုဆလင်အနောက်ပိုင်း(အလ်ကုဒ်စ်)၏ ရှေးရိုးစွဲအယူသည်းရပ်ဝန်းတစ်ခု၌ အရုဏ်တက်ပြီးများမကြာမီ ထိုတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။
    ဂျူးဘုရားကျောင်းတွင် အနည်းဆုံး လူတစ်ဒါဇင် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးလူနာတင ယာဉ်လုပ်ငန်းဒါရိုက်တာ Magen David Adom ၏ အဆိုအရ သိရသည်။
    အခင်းဖြစ်ရာသို့ အစ္စရေးရဲတပ်ဖွဲ့ ချက်ခြင်းရောက်ရှိလာပြီး တိုက်ခိုက်သူတို့အား သုတ်သင်ခဲ့သည်။ ထိုသူတို့သည် အလ်ကုဒ်စ်မှ ပါလက်စတိုင်းများဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။
    သံသယရှိ သူတို့နေထိုင်သည်ဟု ယုံကြည်ထားသော အလ်ကုဒ်စ်နှင့် ကပ်လျက် ပါလက်စတိုင်းရပ်ကွက် Jabel Mukaber သို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက အင်အားသုံးဝင်ရောက်စီးနင်းကာ ၎င်းတို့၏မိသားစုနေအိမ်များနှင့် သံလွင်ပင်တောင်ကုန်းများအတွင်းသို့ မျက်ရည်ယိုဗုံးများ ပစ်ခဲ့ကြသည်။
    ဒေသခံတစ်ဦးက တိုက်ခိုက်သူများမှာ သူမ၏မောင်နှမ၀မ်းကွဲတော်စပ်သည့် အုစိုင်းဒ် နှင့် ဃတ်စာန်း အဘူဂျမားလ် ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
    ဃတ်စာန်း(၃၀ နှစ်)ထံ ကလေးနှစ်ဦးရှိပြီး အုစိုင်းဒ်(၂၀ နှစ်)မှာ အိမ်ထောင်မရှိသူဖြစ်ကြောင်း သူမက ဆိုသည်။
    ပြီးခဲ့သော တနင်္ဂနွေနေ့က ဘတ်စ်ကားလမ်းကြောင်းထိပ်တွင် သတ်ဖြတ် ချိတ်ဆွဲခံထားရသော ပါလက်စတိုင်း ဘတ်စ်ကားဒရိုင်ဗာ Youssef al-Ramouni ၏ ရုပ်အလောင်းကို တွေ့ရပြီးနောက် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။
    Ramouni အား ဂျူးတိုက်ခိုက်ရေးသမားတို့မှ သတ်ဖြတ်သည်ဆိုသော ကောလဟလသတင်းမှာ မီဒီယာများ၌ လျင်မြန်စွာပျံ့နှံ့သွားရာ မြို့တော်အတွင်း တင်းမာမှု ကြီးမားသွားခဲ့သည်။
    ကလဲ့စား
    ———-
    အလ် အတ်ကဆွာဝတ်ကျောင်း အတွင်း အစ္စရေးတို့၏ ရမ်းကား ကျူးလွန်မှုကြောင့် ပါလက်စတိုင်းတို့၏ ဒေါသ အုံကြွလာမှုကို ကရုမစိုက်ပဲ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ယင်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဟားမားစ်နှင့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘ္ဘာ့စ်အား ပြစ်တင်ပြောကြားလိုက်သည်။
    “ဒါဟာ ဟားမားစ်နဲ့ အဘူမေဇင်တို့ရဲ့ သွေးထိုးမှုကြောင့် ဖြစ်လာတဲ့ တိုက်ရိုက်ရလဒ်ပါပဲ။ နိုင်ငံတကာအသိုင်းအ၀ိုင်းက တာဝန်မဲ့စွာ လျစ်လျူရှုထားတယ်လို့ သူတို့ သွေးထိုးခဲ့ကြတယ်။ ၀တ်ပြုဖို့ လာရောက်တဲ့ ဂျူးတွေကို ဂါရ၀တရားမဲ့ လူသတ်ကောင်တွေက သတ်ဖြတ်ခဲ့ကြတယ်။ ဒီလိုကြမ်းကြုတ်ရက်စက်တဲ့ သတ်ဖြတ်ခြင်းအပေါ် ကျွန်တော်တို့ အပြင်းထန်ဆုံးတုန့်ပြန်သွားပါမယ်” ဟု ၎င်းမှဆိုကြောင်း NY Times မှ ဖော်ပြသည်။
    အခြားတစ်ဖက်မှာမူ ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘ္ဘာ့စ်က အစ္စရေးဘုရားဝတ်ပြုကျောင်း တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။
    “မိမိတို့ရဲ့ဘုရားကျောင်းထဲ ၀တ်ပြုနေတဲ့ ဂျူးတွေကိုတိုက်ခိုက်မှုအပေါ် ရှုတ်ချပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ ဘယ်လိုလူမျိုးလူသတ်ကောင်ကိုမဆို ရှုတ်ချပါတယ်” ဟု အဘ္ဘာ့စ်၏ သမ္မတရုံးထုတ်ပြန်စာတွင် ဖော်ပြထားကြောင်း Jerusalem Post မှ ဖော်ပြသည်။
    ယင်းထုတ်ပြန်ချက်တွင် အခြေချသူများ၏ နယ်စပ်ဖြတ်ကျော် လျှပ်တစ်ပြက်တိုက်ခိုက်မှုများနှင့် လှုံ့ဆော်နေမှုများ အဆုံးသတ်ကြရန် တိုက်တွန်းထားသည်။
    သို့သော် ဟားမားစ်တာဝန်ရှိသူများက အစ္စရေးတို့၏သိမ်းပိုက်မှုကို ဆန့်ကျင်သည့် အော်ပရေးရှင်းများ ရှေ့ဆက်ကြရန် ပါလက်စတိုင်းသားတို့အား တွန်းအားပေးခဲ့သည်။
    “မပြတ်စတမ်း ကလဲ့စားချေအော်ပရေးရှင်းတွေ ပြုလုပ်သွားဖို့ ဟားမားစ်က ဆော်သြပါတယ်။ အစ္စရေးတွေရဲ့ကျူးကျော်သိမ်းပိုက်ခြင်းက ဂျေရုဆလင်တင်းမာမှု အတွက် လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ ၀န်ခံလာတဲ့ အထိပေါ့” ဟု ဟားမားစ်ပြောရေးဆိုခွင့်ရှိသူ Sami Abu Zuhri ၏ ပြောဆိုချက်ကို ရိုက်တာမှ တင်ပြထားသည်။
    Glick ၏ ပစ်ခတ်မှုအပြီး အစ္စရေး အာဏာပိုင်များက အလ်အတ်က်ဆွာဝတ် ကျောင်းတော်နယ်မြေအား ပိတ်လိုက်ချိန် လွန်ခဲ့သော ရက်သတ္တပတ်လုံး အလ်ကုဒ်စ်မြို့တော်၌ တင်းမာမှု မြင့်တက်တိုးပွားနေခဲ့သည်။
    ပြီးခဲ့သောသီတင်းပတ်က အရှေ့ဂျေရုဆလင်နေအိမ် အတွင်း ဂျူးဘုန်းတော်ကြီး တစ်ဦးအား စီးနင်း ၀င်ရောက် သတ်ဖြတ်ခဲ့သူဟု သံသယ၀င်ခံရသော ပါလက်စတိုင်း လူငယ်တစ်ဦးကို အစ္စရေးတပ်ဖွဲ့များမှ သတ်ဖြတ်လိုက်ပြီးနောက် လှုပ်ခတ်မှု ဂယက် ပိုမိုကြီးထွားလာတော့သည်။
    လတ်တလောရက်များအတွင်း ဗလီဝတ်ကျောင်းပရ၀ုဏ်ထဲသို့ အစ္စရေးအမတ်များ ၀င်ရောက်ကာ မွတ်စ်လင်မ်ဝတ်ပြုသူတို့အပေါ် ဒေါသအမျက် ပြသခဲ့သလို အာရဗ်နှင့်မွတ်စ်လင်မ်နိုင်ငံမျာုးကိုလည်း ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။
    ထို့အပြင် ၀င်ရောက် အခြေချသူ ဂျူးအုပ်စုများက ထိုနေရာသို့ အတင်း ၀င်ရောက်လာကြသဖြင့် မွတ်စ်လင်မ် ၀တ်ပြုသူနှင့်အစ္စရေး အင်အားစုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားရသည်။
    ဗလီဝတ်ကျောင်းအား ကာကွယ်ရေးအတွက် ပါလက်စတိုင်း လူငယ်အချို့က မျက်ရည်ယိုဗုံးနှင့် လက်နက်ငယ်များ အသုံးပြု  ရဲတပ်ဖွဲ့ဝင်တို့ကို ခဲများဖြင့် ပစ်ပေါက်တုန့်ပြန်ကာ အစွန်းရောက်ဂျူးတို့နှင့် ရင်ဆိုင်ခဲ့ကြသည်။
    Ref : OnIslam
  • ပါလက်စတိုင်းအား အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် အစိုးရအား စပိန်လွှတ်တော်အမတ်များ တိုက်တွန်း
    ပါလက်စတိုင်းအား အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် အစိုးရအား စပိန်လွှတ်တော်အမတ်များ တိုက်တွန်း
    နိုဝင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    201411182131153734_20
    – ၁၉၆၇ ခုနှစ် စစ်ပွဲအပြီး နိုင်ငံတစ်ခုတည်ထောင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ နယ်နမိတ်သတ်မှတ်ပေးခဲ့သော်လည်း အစ္စရေးက ပိတ်ဆို့ကျူးကျော်ထားသည့် ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရန် စပိန်အစိုးရကို တိုက်တွန်းသည့် အဆိုပြုချက်တစ်ခုအား စပိန်လွှတ်တော်အမတ်များက သဘောတူညီခဲ့သည်ဟု သိရသည်။
    ထိုအဆိုပြုချက်နှင့် ပတ်သက်၍ ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၁၉ မဲ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၁ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အတိုက်အခံ ဆိုရှယ်လစ်များကပါ ထောက်ခံသော ထိုအဆိုပြုချက်တွင် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စပိန်အစိုးရကို တိုက်တွန်းထားသည်။
    ထိုအဆိုပြုချက် ဆွေးနွေးပွဲတွင် စပိန် နိုင်ငံခြားရေးဝန်ကြီး ဂျိုဆေး မန်နျူယဲလ် ဂါစီယာ-မာဂဲလို တက်ရောက်ခဲ့ပြီး အာဏာရပါတီနှင့် အတိုက်အခံတို့၏ ဆွေးနွေးသဘောတူညီချက်အား အစိုးရက အလေးပေးသွားမည်ဟု ကတိပြုခဲ့ကာ ထိုအဆိုပြုချက်မှာ နှစ်ကာလကြာရှည်စွာ ထိခိုက်ခံစားနေရသည့် ပါလက်စတိုင်းဒေသအတွင်း တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် တိုးတက်မှုတို့ကို ဆောင်ကျဉ်းပေးနိုင်မည်ဟု ဂါစီယာက ထည့်သွင်းပြောကြားခဲ့သည်။
    ပြီးခဲ့သည့်လက ဗြိတိန်နှင့် အိုင်ယာလန်တို့မှ လွှတ်တော်အမတ်များကလည်း ထိုကဲ့သို့ ဆုံးဖြတ်မှုများကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအသင်းအဖွဲ့များအားလုံးက ထောက်ခံခဲ့ကြသည်။
    ဆွီဒင်နိုင်ငံကမူ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အကြွင်းမဲ့ အသိအမှတ်ပြုခဲ့ပြီး ဥရောပနိုင်ငံများတွင် ပါလက်စတိုင်းအား ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံလည်းဖြစ်သည်။