News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းကျောင်းသား ၁၀၀၀ ကို ဗင်နီဇွဲလား နှစ်စဉ် အခမဲ့ ပညာတော် သင်ဆု ပေးမည်

    ပါလက်စတိုင်းကျောင်းသား ၁၀၀၀ ကို ဗင်နီဇွဲလား နှစ်စဉ် အခမဲ့ ပညာတော် သင်ဆု ပေးမည်

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media
    2020527889
    – ပါလက်စတိုင်းများအား အသက်မွေး ၀မ်းကြောင်း ပညာရပ်များကို အခမဲ့ သင်ပေးနိုင်ရန် ရည်ရွယ်သည့် “ရာဆာ အာရာဖတ် ပညာတော်သင်ဆု” အစီအစဉ်ကို စတင်လိုက်ပြီဟု ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက ကြေညာလိုက်သည်။

    နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာနှင့် ပတ်သက်၍ ပညာ သင်ကြားမည့် ပါလက်စတိုင်း ၁၁၉ ဦးအား မြို့တော် ကာရာကက်စ်တွင် ကြာသာပတေးနေ့က ကြိုဆိုသည့် အခမ်းအနား၌ မာဒူရိုက ထိုကဲ့သို့ ပြေကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပညာတော်သင်အစီအစဉ်အရ ပါလက်စတိုင်း ကျောင်းသား ၁၀၀၀ ခန့်ကို ဗင်နီဇွဲလားက နှစ်စဉ် ခေါ်ယူသွားမည်ဖြစ်သည်။

    “ကျွန်တော်တို့ အနည်းဆုံး ဆရာဝန် ၁၀၀၀ ကို အမြန်ဆုံး လေ့ကျင့်သင်ကြားပေးသွားမှာပါ။ နောက်ပြီး ဒီအစီအစဉ်ကို ဆေးပညာရပ် တစ်ခုတည်း မဟုတ်ဘဲ အင်ဂျင်နီယာ ပညာရပ်၊ ဗိသုကာ ပညာရပ်နဲ့ အခြားပညာရပ်တိုင်းမှာလည်း ချဲ့ထွင်သွားဖို့ ပညာရေးဝန်ကြီးဌာနကို ကျွန်တော် အမိန့်ပေးထားပါတယ်” ဟု မာဒူရိုက ပြောကြားခဲ့သည်။

    ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့၏ ပထမဆုံး သမ္မတဖြစ်သော ရာဆာအာရာဖတ် အမည်ကို မှည့်ခေါ်ထားသည့် အဆိုပါ ပညာတော်သင်အစီအစဉ်ဖြင့် လာရောက်ကြသူ ၁၁၉ ဦးတွင် ဂါဇာကမ်းမြှောင်မှ ၂၀ ဦးပါဝင်ပြီး ကျန်ကျောင်းသားများမှာ အနောက်ဘက်ကမ်းခြေမှ ဖြစ်ကြသည်။

    ၎င်းတို့အား ဂါဇာသို့ လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် ဗင်နီဇွဲလားမှ စေလွှတ်လိုက်သော လေယာဉ်ဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။

    ပါလက်စတိုင်းအား တစ်စိုက်မတ်မတ် ထောက်ခံခဲ့သည့် လက်တင်အမေရိက နိုင်ငံများထဲတွင် ဗင်နီဇွဲလားလည်း ပါဝင်ခဲ့ပြီး ပါလက်စတိုင်းအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အမြောက်အများ ပေးပို့ခဲ့သည်။

    မူဒူရိုက အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများ အပေါ် မျိုးဖြုတ်သတ်ဖြတ်ရေးစစ်ပွဲ ဆင်နွှဲခဲ့သည်ဟု ပြောကြားခဲ့ကာ အစ္စရေးတို့က ပိတ်ဆို့ထားသော ဂါဇာဒေသမှာ အအော့ဇ၀်စ် အကျဉ်းစခန်းနှင့် တူသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ref_ Haaretz

  • ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ဥရောပနိုင်ငံများ စဉ်းစားနေ

    ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံ အဖြစ် အသိအမှတ်ပြုရန် ဥရောပနိုင်ငံများ စဉ်းစားနေ

    နိုဝင်ဘာ ၉၊ ၂၀၁၄
    M-Media

    palestineRecognition6001

    – ကြန့်ကြာနေသည့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်ဖြစ်မြောက်လာစေရေး အစ္စရေးအား ဖိအားပေးရန်အတွက် ဥရောပနိုင်ငံများအား ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စဉ်းစားနေသည်ဟု သိရသည်။

    ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများထဲမှ ပထမဆုံးအဖြစ် ဆွီဒင်နိုင်ငံမှာ အောက်တိုဘာ ၃၀ ရက်နေ့က ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် အခြားသော ဥရောပနိုင်ငံများကလည်း ထိုသို့ အသိအမှတ်ပြုရန် စဉ်းစားနေသည်ဟု ဥရောပသမဂ္ဂ တာဝန်ရှိသူများ၏ ပြောကြားမှုကို အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

    “ကျွန်တော်တို့ တစ်သက်လုံး စောင့်နေမှာမဟုတ်ပါဘူး။ အခြားဥရောပနိုင်ငံတွေကလည်း ဆွီဒင်ရဲ့ ဆောင်ရွက်မှုနောက်ကို လိုက်ဖို့ ရှိနေပါတယ်” ဟု ဥရောပ သမဂ္ဂမှ အကြီးတန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ Wall Street ဂျာနယ်က နိုဝင်ဘာ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    ဒုတိယကမ္ဘာစစ်တွင် နာဇီတို့၏ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည့် အရှေ့ဥရောပမှ ဂျူးများမှာ ထိုစဉ်က ဗြိတိသျှလက်အောက်ရှိ ပါလက်စတိုင်းနယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်လာခဲ့ကြပြီး လူသူလက်နက်များစုဆောင်းကာ ပါလက်စတိုင်းများအား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်၍ အစ္စရေးနိုင်ငံအဖြစ် ၁၉၄၇ ခုနှစ်တွင် ထူထောင်ခဲ့သည်။

    ထို့ပြင် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၆ ရက်ကြာစစ်ပွဲတွင်လည်း ပါလက်စတိုင်း ပိုင်နက်များနှင့် အာရပ်နိုင်ငံများ၏ ပိုင်နက်အချို့ကိုပါ တိုးချို့သိမ်းပိုက်ခဲ့သည်။

    ပါလက်စတိုင်းအား ဥရောပမှ ထောက်ခံမှု

    ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးသစ် ဖက်ဒရီကာ မော့ဟီရီနီကလည်း ပါလက်စတိုင်း နိုင်ငံထူထောင်ခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားခဲ့သည်။

    “ကျွန်မတို့ ပါလက်စတိုင်းနိုင်ငံကို လိုအပ်ပါတယ်” ဟု ဂါဇာဒေသသို့ သွားရောက်လည်ပတ်စဉ် မော့ဟီရီနီက ပြောကြားခဲ့ကာ ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား ကြန့်ကြာနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    “တကယ်လို့ ကျွန်တော်တို့ဟာ နိုင်ငံရေးလမ်းကြောင်းကို ရှေ့ဆက်မတိုးဘူးဆိုရင် အကြမ်းဖက်မှုတွေဆီကို နောက်ကြောင်း ပြန်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ရှေ့ဆက် ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက် အရေးပါမှုကို ကျွန်တွေ့မြင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဆွီဒင်နိုင်ငံက အစပြုခဲ့ပြီးနောက် ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လှုပ်ရှားမှုမှာ ဥရောပတွင် မြင့်တက်လာခဲ့သည်။

    ယခုလအစောပိုင်းကလည်းက ဗြိတိန်လွှတ်တော်အမတ်များကလည်း ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် သတ်မှတ်ရန် မဲပေးခဲ့ကြသည်။ ထို့ပြင် စပိန်နိုင်ငံတွင်လည်း ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရေး မဲခွဲရန် စီစဉ်ခဲ့ကြသည်။
    ဓါတ်ပုံအညွှန်း- ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုသော နိုင်ငံပေါင်း ၁၃၅ နိုင်ငံပြမြေပုံ
    Photo- Washington Post

  • ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ်  အသိမှတ်ကြောင်း ဆွီဒင်ကြေညာ

    ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ် အသိမှတ်ကြောင်း ဆွီဒင်ကြေညာ

    အောက်တိုဘာ ၃၁ ၊ ၂၀၁၄
    M-Media
    afp-sweden-recognises-palestinian-state
    – ဆွီဒင်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း ဆွီဒင် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ယမန်နေ့တွင် ကြေညာ ခဲ့သည်ဟု သိရသည်။

    ““ပိုင်နက်ရှိတယ်။ လူဦးရေရှိတယ်။ ပြည်တွင်း ပြည်ပ ထိန်းချုပ်မှုတွေကို ခင်းကျင်းပြသဖို့ အခွင့်အလမ်းရှိတဲ့ အစိုးရလည်းရှိပါတယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရမယ် ဆိုတာကို ယုံကြည်ပြီး အကြမ်းဖက်မှုတွေ မလုပ်တဲ့သူတွေကို ထောက်ခံ အာပေးဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ဒီလိုအသိအမှတ်ပြုခြင်းဟာ အကြမ်းဖက်မှုထက် အခြား နည်းလမ်းရှိတယ်ဆိုတာကို ပါလက်စတိုင်းနဲ့ အစ္စရေး ပြည်သူတွေကို မျှော်လင့်ချက် ပေးဖို့ပါပဲ” ဟု ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မာဂေါ့တ် ဝေါလ်စထရုမ်းက AL Jazeera သတင်းဌာသို့ ပြောကြားခဲ့သည်။

    ဆွီဒင်အစိုးရက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ချက်ရှိသည်ဟု လွန်ခဲ့သည့် ၁ လ ခန့်က ပြောကြားခဲ့ဖူးသည်။

    ဝေါလ်စရုမ်းကမူ ပါလက်စတိုင်းမှာ နိုင်ငံတကာဥပဒေရှိ နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ရမည့် စံနှုန်းများဖြင့် ပြည့်စုံသောကြောင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့မှာ သမ္မတ မဟ်မူဒ်းအဘတ်စ်၏ ခေါင်းဆောင်မှုကိုလည်း အသိအမှတ်ပြုပြီး ထိုကဲ့သို့ အသိအမှတ်ပြုခြင်းက ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့တိုးနိုင်ရန် အကူအညီဖြစ် လိမ့်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းဒေသ ပြန်လည်ထူထောင်ရေးအတွက် ငါးနှစ်တာ ကူညီမှုအစီအစဉ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကူညီထောက်ပံ့ပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။

    ဆွီဒင်၏ ထိုဆုံးဖြတ်မှာ ရဲရင့်ပြတ်သားပြီး သမိုင်းဝင်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု အဘတ်စ်က ချီးကျူးခဲ့ပြီး ပါလက်စတိုင်း ပြည်သူများကလည်း အောင်ပွဲခံခဲ့ကြသည်။

    ဆွီဒင်က ထိုကဲ့သို့ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးက ဆွီဒင်နိုင်ငံဆိုင်ရာ သံအမတ်အား ပြန်လည်ခေါ်ယူခဲ့ပြီး၊ အစ္စရေးရှိ ဆွီဒင် သံအမတ်ကိုလည်း ဆင့်ခေါ်ကာ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း၊ စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

    ဆွီဒင်မှာ ဥရောပသမဂ္ဂ နိုင်ငံများအတွင်း ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသော ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။

    Source: Al Jazeera and agencies
  • အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    20141017025592734_20
    – အစ္စရေးက ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်း လူငယ်တစ်ဦးအား ပစ်သတ်ခဲ့သည်ဟု ဒေသတွင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် ဘဟာ ဘာဒါဆိုသူဖြစ်ပြီး အစ္စရေးက ကာရံထားသည့် နံရံအနီး ဘီအစ်လစ်က်ယာရွာသို့ ၀င်ရောက်စဉ် ယမန်နေ့က ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါရွာတွင် ပါလက်စတိုင်းလူငယ်များမှာ အစ္စရေး စစ်တပ်အား ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုပစ်ပေါက်မှုတွင် ဘာဒါ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ သိရှိရခြင်း မရှိသေးပေ။

    ရာမာလာဆေးရုံမှ ဒါရိုက်တာ အဟ်မဒ် ဘီတာဝေကမူ ဘာဒါမှာ ရင်ဘတ်တွင် သုံးချက် ပစ်ခတ်ခြင်း ခံခဲ့ရပြီး အခင်းဖြစ်ပွားပြီး ၂ နာရီကြာပြီးနောက် အဆိုပါ ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာအား အစ္စရေးတို့က ၂ လနီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများနှင့် ပါလက်စတိုင်းပြည်သူများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    မကြာမီရက်ပိုင်းအတွင်းကလည်း အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ပါလက်စတိုင်းများ ၀င်ရောက်မှုကို အစ္စရေးစစ်တပ်က ထိန်ချုပ်ခဲ့သည့်အတွက် အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းတို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်ဒေသတို့အား ပိတ်ဆို့ထားပြီး တရားမ၀င် အခြေချ အိမ်ယာများကို တိုးချဲ့ဆောက်လုပ်လျက်ရှိနေသည်။

    ref_ AP And Reuters

  • ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံအဖြစ် ဗြိတိန်လွှတ်တော် အသိအမှတ်ပြု

    ပါလက်စတိုင်းအား လွတ်လပ်သော နိုင်ငံအဖြစ် ဗြိတိန်လွှတ်တော် အသိအမှတ်ပြု

    အောက်တိုဘာ ၁၄ ၊ ၂၀၁၄
    M-Media
    665003303001_3837984739001_2014101322758602734-20
    – ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသည်ဟု ဗြိတိန်လွှတ်တော်အမတ်များက မဲပေးခဲ့ကြပြီး ထိုကဲ့သို့ မဲပေးခဲ့ခြင်းက နိုင်ငံတကာမှ အသိအမှတ်ပြုမှုရရန် ပါလက်စတိုင်းတို့၏ ကြိုးပမ်းမှုအတွက် အရေးပါသည့် လက္ခဏာ တစ်ခုလည်း ဖြစ်လာခဲ့သည်။

    ထိုမဲပေးမှုကို အောက်တိုဘာ ၁၃ ရက်နေ့တွင် အောက်လွှတ်တော်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၇၄ မဲ၊ ကန့်ကွက်မဲ ၁၂ ဖြင့် ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

    မဲပေးမှုတွင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း မပါဝင်ခဲ့ဘဲ အဆိုပါရလဒ် မည်ကဲ့သို့ ထွက်ပေါ်လာသည်ဖြစ်စေ ဗြိတိန်၏ နိုင်ငံခြားရေးပေါ်လစီကို ထိခိုက်မည်မဟုတ်ဟု ကင်မရွန်းက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအား ဗြိတိန်က အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် လက်ရှိအချိန်တွင် အသိအမှတ်မပြုသေးဘဲ၊ ဗြိတိန်လွှတ်တော်အမတ်များ၏ ယခုမဲပေးမှုကလည်း ထိုရပ်တည်ချက်အား ပြောင်းစေမည်မဟုတ်ပေ။ သို့သော်လည်း အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးအားထုတ်မှုများကို ကူညီနိုင်မည်ဆိုပါက မည်သည့်အချိန်၌မဆို ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမည်ဟု ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအား လွတ်လပ်သောအချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် ကုလသမဂ္ဂက ပြီးခဲ့သည့်နှစ် အထွေထွေညီလာခံတွင် အသိအမှတ်ပြုခဲ့ပြီး ဥရောပ ယူနီယံနိုင်ငံများတွင် ဆွီဒင်နိုင်ငံက ပထမဆုံးအအဖြစ် ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

    ref_ Al Jazeera and agencies