အောက်တိုဘာ ၁၄ ၊ ၂၀၁၄
M-Media
– ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသည်ဟု ဗြိတိန်လွှတ်တော်အမတ်များက မဲပေးခဲ့ကြပြီး ထိုကဲ့သို့ မဲပေးခဲ့ခြင်းက နိုင်ငံတကာမှ အသိအမှတ်ပြုမှုရရန် ပါလက်စတိုင်းတို့၏ ကြိုးပမ်းမှုအတွက် အရေးပါသည့် လက္ခဏာ တစ်ခုလည်း ဖြစ်လာခဲ့သည်။
ထိုမဲပေးမှုကို အောက်တိုဘာ ၁၃ ရက်နေ့တွင် အောက်လွှတ်တော်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၇၄ မဲ၊ ကန့်ကွက်မဲ ၁၂ ဖြင့် ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
မဲပေးမှုတွင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း မပါဝင်ခဲ့ဘဲ အဆိုပါရလဒ် မည်ကဲ့သို့ ထွက်ပေါ်လာသည်ဖြစ်စေ ဗြိတိန်၏ နိုင်ငံခြားရေးပေါ်လစီကို ထိခိုက်မည်မဟုတ်ဟု ကင်မရွန်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်းအား ဗြိတိန်က အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် လက်ရှိအချိန်တွင် အသိအမှတ်မပြုသေးဘဲ၊ ဗြိတိန်လွှတ်တော်အမတ်များ၏ ယခုမဲပေးမှုကလည်း ထိုရပ်တည်ချက်အား ပြောင်းစေမည်မဟုတ်ပေ။ သို့သော်လည်း အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးအားထုတ်မှုများကို ကူညီနိုင်မည်ဆိုပါက မည်သည့်အချိန်၌မဆို ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမည်ဟု ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။
ပါလက်စတိုင်းအား လွတ်လပ်သောအချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် ကုလသမဂ္ဂက ပြီးခဲ့သည့်နှစ် အထွေထွေညီလာခံတွင် အသိအမှတ်ပြုခဲ့ပြီး ဥရောပ ယူနီယံနိုင်ငံများတွင် ဆွီဒင်နိုင်ငံက ပထမဆုံးအအဖြစ် ပါလက်စတိုင်းအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
ref_ Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.