News @ M-Media

Tag: Palestine

  • ကုလလက်အောက်ခံ အေဂျင်စီအဖွဲ့ ၁၃ ခုသို့ ၀င်ရောက်ရန် ပါလက်စတိုင်းမှ လျှောက်ထားခြင်းကို ဘန်ကီမွန်လက်ခံ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ကုလသမဂ္ဂလက်အောက်ရှိ အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်၏ တောင်းဆိုချက်ကို ကုလသမဂ္ဂက လက်ခံလိုက်သည်ဟု သိရသည်။

    201441023246608734_20

    နိုင်ငံတကာ အေဂျင်စီ ၁၃ ခုအတွင်း ပါဝင်ခွင့်ရရေး အတွက် ပါလက်စတိုင်း၏ လျှောက်ထားခြင်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က လက်ခံခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံသို့လည်း ထိုလျှောက်ထားချက်အား လက်ခံကြောင်း ဘန်က အကြောင်းကြားခဲ့သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များအား ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဧပြီလ ၂၉ ရက်နေ့တွင် ကုန်ဆုံးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား သက်တမ်းတိုးရန် ကြိုးပမ်းမှုအဖြစ် နောက်ဆုံးအသုတ် အကျဉ်းသား ၂၆ ဦးလွှတ်ပေးရန် အစ္စရေးက ငြင်းဆန်ခဲ့သောကြောင့် တုံ့ပြန်သောအနေဖြင့် နိုင်ငံတကာ သဘောတူစာချုပ် ၁၅ ခုသို့ ၀င်ရောက်ခွင့် တောင်းခံလွှာကို ပါလက်စတိုင်းက လက်မှတ်ရေးထိုခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက် ၁၅ ခုတွင် ကုလလက်အောက်ခံ သဘောတူစာချုပ် ၁၃ ခု၊ ဂျီနီဗာမှ ၁ ခုနှင့် နယ်သာလန်မှ တစ်ခုတို့ဖြစ်သည်။

    ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကြီး ရီယဒ်မန်ဆူရ်က ပါလက်စတိုင်းအနေဖြင့် လာမည့်မေလ ၂ ရက်နေမှစတင်ကာ အဆိုပါ အေဂျင်စီ ၁၅ ခုမှ ၁၃ ခုတွင် တရားဝင် ပါဝင်လာမည်ဖြစ်ကာ အစ္စရေး၏ လုပ်ရပ်များအပေါ် မူတည်၍ ကုလအေဂျင်စီများ၊ သဘောတူညီချက်များနှင့် စာချုပ်များအတွင်း ဆက်သွယ်ပါဝင်ရန် အဆင့်သင်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။

    အစ္စရေးဘက်ကမူ ပါလက်စတိုင်း၏ ထိုကြိုးပမ်းမှုအားလက်မခံဘဲ၊ ပါလက်စတိုင်းအတွက် ကောက်ခံပေးနေသည့် အခွန်ငွေများနှင့် အစ္စရေးဘဏ်များတွင်ရှိသည့် ပါလက်စတိုင်းပိုင်ငွေများအား မပေးဘဲထားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
    AP

  • ပါလက်စတိုင်းနှင့် အစိုးရပိုင်း မဆက်သွယ်ရန် နေတန်ယာဟု၏ အမိန့်အား အမေရိကန်ရှုတ်ချ

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    – အစ္စရေး ကက်ဘိနက် ၀န်ကြီးများ ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှုအား ကန့်သတ်သည့် နေတန်ယာဟု၏ အမိန့်ပေါ် အမေရိကန်က ရှုတ်ချလိုက်ပြီး “ဆိုးရွားသောလုပ်ရပ်” အဖြစ် သတ်မှတ်သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    6315327b-d8a0-4aaf-a275-359ed1509762_16x9_788x442
    ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီ

    “ဒီကြေညာမှုအတွက် ကျွန်တော်တို့ သေသေချာချာကို သတိထားပါတယ်။ အဲ့ဒါကို ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် မှတ်ယူပါတယ်” ဟု ဂျွန်ကယ်ရီက အစ္စရေးနိုင်ငံခြားရေး ၀န်ကြီး အဗစ်ဂ်ဒေါရ် လီဗာမန်နှင့် တွေ့ဆုံစဉ် အတွင်း ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ဆိုသည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတိုင်မီ အကျဉ်းသားများ လွှတ်ပေးရန် ကတိက၀တ်အား အစ္စရေးက ချိုးဖောက်ခဲ့ပြီးနောက် ပါလက်စတိုင်းတာဝန်ရှိသူများက နိုင်ငံ ၁၅ ခုနှင့် သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သည်။ ထိုလုပ်ရပ်မှာ ပါလက်စတိုင်း အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်မှု မပြုလုပ်ရဟူသော သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ အစ္စရေးဝန်ကြီးများအား ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှု ပိတ်ပင်ရန် နေတန်ရာဟုက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးသူ ကယ်ရီနှင့် လီဗာမန်တို့၏ ၁ နာရီကျော်ကြာ တွေ့ဆုံစဉ်အတွင်း ပြီးခဲ့သည့်တစ်ပတ်က စတင်ခဲ့ပြီး မတိုးသာ မဆုတ်သာဖြစ်နေကာ ပျက်ဆီးရန် အခြေအနေရှိနေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကယ်တင်ရန် ဆွေးနွေးခဲ့ကြပြီး၊ အီရန်နှင့် ဆီးရီးယား အရေးတို့လည်း ပါဝင်ခဲ့သည်။

    AFP

  • တရားမ၀င် အိမ်ယာကိစ္စ အစ္စရေးအား တစ်ကမ္ဘာလုံးက သပိတ်မှောက်ရန် ပါလက်စတိုင်း သံတမန်တိုက်တွန်း

    ဧပြီ ၉ ၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င်အိမ်ရာ ဆောက်လုပ်မှုများအတွက် တစ်ကမ္ဘာလုံးက အစ္စရေးအား သပိတ်မှောက်ကြရန် ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်က ပြောကြားလိုက်သည်။

    357769_Israeli-settlement

    ပါလက်စတိုင်း နိုင်ငံသားများ၏ မပြောင်းလဲသော အခွင့်အရေးအတွက် ကြိုးပမ်းခြင်း ကုလသမဂ္ဂ ကော်မတီက ယမန်နေ့တွင် ပြုလုပ်သော အစည်းအဝေးတွင် ရီယဒ်မန်ဆူရ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်သည်။ ထိုကဲ့သို့ တရားမ၀င် အိမ်ယာများကြောင့် အစ္စရေးဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ခဲ့သည့် နယ်သာလန် ဘဏ်ငါးခုကို ရည်ညွှန်းခဲ့ပြီး၊ ဥရောပနှင့် တောင်အာဖရိကတို့ကလည်း အစ္စရေးလုပ်ငန်းများ အပေါ် သပိတ်မှောက်မှုများ ရှိသောကြောင့် အခြားနိုင်ငံများကလည်း ထိုနိုင်ငံများ၏ အပြုအမူ နောက်သို့လိုက်ရန် မန်ဆူရ်က တိုက်တွန်းခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င် အိမ်ယာများ ဆောက်လုပ်ခြင်းတွင် ပါဝင်နေသည့် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဥရောပ ကုမ္ပဏီများအား အရေးယူမှုများပြုလုပ်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က ဥရောပ ပါလီမန်အား မတ်လ ၂၈ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။ ထို့ပြင် ပါလီမန်ရှိ လွှတ်တော်အမတ်များကလည်း တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်းအား အကူအညီပေးခြင်းမှာ အစ္စရေး၏ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုကို ကူညီခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်း အရှေ့ဂျေရုစလင်နှင့် အနောက်ဘက် ကမ်းခြေတို့အား ၁၉၆၇ ခုနှစ်တွင် အစ္စရေးက သိမ်းယူခဲ့ပြီးနောက်ပိုင်း ထိုဒေသများတွင် ဆောက်လုပ်ခဲ့သည့် တရားမ၀င် အိမ်ယာများမှာ ၁၂၀ ခန့်ရှိပြီး၊ ထိုအိမ်ရာများတွင် အစ္စရေးနိုင်ငံသား သန်းဝက်ခန့် နေထိုင်နေကြသည်။ ထို့ပြင် အနောက်ဘက် ကမ်းခြေရှိ အိမ်ယာ ၆ ခုတွင် လူ ၂၀၀၀ ကို ထပ်မံ၍ နေရာချထားပေးရန် အစ္စရေးက စီစဉ်နေသည်။

    MR/AS/MHB

  • al-Aqsa ဗလီအား ကျူးကျော်မှုကို ဆန္ဒပြသည့် ပါလက်စတိုင်း လူငယ်များကို အစ္စရေး တိုက်ခိုက်

    မတ် ၁၆၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အလ်အက်ဆာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသို့ ၀င်ရောက်ကျူးကျော်မှုအား ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် ပါလက်စတိုင်းလူငယ်များကို အစ္စရေး စစ်တပ်မှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    354891_Israel-clash

    အဆိုပါဆန္ဒပြသူများ လူစုကွဲစေရန် အစ္စရေးစစ်တပ်က မီးခိုးဗုံးများအသုံးပြုကာ တိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဆန္ဒပြသူများကလည်း အစ္စရေးစစ်သားများအား ခဲများ၊ မီးပန်းများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့သည်။

    လွန်ခဲ့သည့်လများမှအစပြုကာ အစ္စရေးစစ်တပ်နှင့် အစွန်းရောက်များက အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ဝတ်ပြုသော ပါလက်စတိုင်းများအားတိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ပါလက်စတိုင်းများနှင့် အစ္စရေးစစ်တပ်တို့အကြားတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    ထို့ပြင် အစ္စလာမ်ဘာသာဝင်များ အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ဝတ်ပြုခြင်းအတွက် တင်းကြပ်သောကန့်သတ်မှုများလည်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က အက်ဆာဗလီဝတ်ကျောင်းတော်အား သိမ်းပိုက်ရေးအစီအစဉ်တစ်ခုကို အစ္စရေးပါလီမန်တွင် ဆွေးနွေးခဲ့ကြသော်လည်း မဲခွဲမှု၊ လက်တွေ့ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ပေ။

    အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကမူ အစ္စရေးပါလီမန်၏ ထိုလုပ်ရပ်အား အန္တရယ်ရှိသော လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်က ဂျေရုစလင်အား ဂျူးဝါဒ လွှမ်းမိုးရန် ဆောင်ရွက်မည့် အစ္စရေး၏ ရည်ရွယ်ချက်မှ အစိတ်အပိုင်းတစ်ခုဟု ပြောဆိုခဲ့သည်။

    ပါလက်စတိုင်းအာဏာပိုင်များနှင့် လွတ်လပ်ရေး လှုပ်ရှားမှု ဆောင်ရွက်နေသော ဟားမတ်စ်အဖွဲ့ကလည်း အဆိုပါဗလီဝတ်ကျောင်းတော်အား အစ္စရေးနိုင်ငံအတွင်းသို့သွတ်သွင်းရန် အစီအစဉ်နှင့်ပတ်သက်၍ သတိပေးခဲ့သည်။

    လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာမှစ၍ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် တရားမ၀င် အခြေချအိမ်ရာများ တည်ဆောက်ခြင်း၊ သမိုင်းဝင်နေရာများအား ဖျက်ဆီးခြင်းနှင့် ဒေသခံပါလက်စတိုင်းများအား မောင်းထုတ်ခြင်း စသည်တို့ကိုဆောင်ရွက်၍ ပါလက်စတိုင်းလူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုကို ပြောင်းလဲရန် အစ္စရေးက ကြိုးစားခဲ့သည်။

    ဂျူများက Mount ဘုရားကျောင်းဟု ခေါ်ဆိုကြသည့် အက်ဆာဗလီဝတ်ကျောင်းတော်မှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းတွင်တည်ရှိသည်။ ထိုကျောင်းတော်မှာ အစ္စလာမ်ဘာသာဝင်တို့၏ တတိယမြောက် အထွဋ်မြတ်ဆုံး ကျောင်းတော်ဖြစ်ပြီး၊ ဂျူးများက ၎င်းတို့၏ မြင့်မြတ်သော ဌာနအဖြစ် မှတ်ယူကြသည်။

    DB/HSN

  • ပါလက်စတိုင်းတို့ နေအိမ်များကို အစ္စရေး ဖျက်ဆီးပြန်

    မတ် ၇ ၊ ၂၀၁၄
    M-Media

    negev_demolitions

    -ပါလက်စတိုင်း လူမျိုးများ ပိုင်ဆိုင်သော အိမ်ယာများကို အကြောင်းအမျိုးအမျိုးပြ၍ ဖျက်ဆီးနေသော အစ္စရေးမှာ ဗုဒ္ဓဟူးနေ့ကလည်း နီဂျီဗ်ကန္တာရရှိ  ပါလက်စတိုင်းတို့၏ နေအိမ်များကို ထပ်မံ ဖျက်ဆီးခဲ့သည်ဟု သိရသည်။

    နီဂျီဗ် ကန္တာရအနောက်ပိုင်း  ကျေးရွာများထဲမှ အလ်-ဇာရူရာရွာရှိ အိမ်များအားလုံးကို အစ္စရေးစစ်တပ်မှ စောင့်ကြပ်ထားသည့် ဘူဒိုဇာများက ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်နောက်ပိုင်း ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူ အယောက် ၅၀ ကျော်မှ အတည်ပြု လက်မှတ်ထိုးခဲ့သည့်စာတွင် အစ္စရေး၏ ထိုလုပ်ရပ်များမှာ ပါလက်စတိုင်းတို့းအား ၎င်းတို့၏နေအိမ်မှ မောင်းထုတ်ခြင်းနှင့် စနစ်တကျ ခွဲခြားဆက်ဆံခြင်း၊ ခွဲထုတ်ခြင်းသာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ပါလက်စတိုင်း ကျေးရွာ ၃၅ ရွာကိုဖျက်ဆီးပြီး လူ ၇၀၀၀၀ ခန့်ကိုမောင်းထုတ်ရန် အစ္စရေးက Prawer အစီအစဉ်ကို ချမှတ်ထားပြီး ယခုကဲ့သို့ဖျက်ဆီးမှုမှာ ထိုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ Prawer အစီအစဉ်ကို ၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဟု အစ္စရေးက ခေါင်းစဉ်တပ်ထားသည်။

    အစ္စရေးမှာ ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် ငြင်းပယ်ထားပြီး၊ အခြေခံဝန်ဆောင်မှုများကိုလည်း ပေးခြင်းမရှိပေ။ ထို့ပြင် ပါလက်စတိုင်းတို့နေထိုင်သည့် နေရာများကိုလည်း သိမ်းဆည်း၍ စစ်ရေးနှင့် အခြေချအိမ်ရာ ပရောဂျက်များ ဆောက်လုပ်လျက်ရှိနေသည်။ ထိုကဲ့သို့သောလုပ်ရပ်များက ထိုဒေသတွင်နေထိုင်သည့် ပါလက်စတိုင်း လူမျိုးစုလိုက်ရှင်းလင်းရေးသို့ ဦးတည်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားထားသည်။
    Press TV