News @ M-Media

Tag: Palestine

  • ညီညွတ်သော ပါလက်စတိုင်းအစိုးရသစ် ယနေ့တွင် ကျမ်းသစ္စာကျိန်ဆို

    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    2014628284933734_20
    – ဖာတာနှင့် ဟားမတ်စ် နှစ်ဖွဲ့ပေါင်းစည်းပြီးနောက် ညီညွတ်သော အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခဲ့ပြီး ကတ်ဘိနတ်အဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို အနောက်ဘက်ကမ်းခြေ ရာမာလာ၌ ယနေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ယနေ့မှာတော့ ညီညွတ်သောအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့်အတူ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ပြဿနာကို ပျက်စီးစေတဲ့ ကွဲပြဲမှုတွေကို အဆုံးသတ်နိုင်ခဲ့ပါပြီ” ဟု ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်းတွင် အဘတ်စ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ညီညွတ်သော အစိုးရဖွဲ့စည်းရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အားပေးခဲ့ပြီး ပါလက်စတိုင်းပြည်သူများ ပေါင်းစည်းခြင်းကို ရည်ရွယ်သော ဤဆောင်ရွက်ချက်အား ကြိုဆိုကြသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နဗီ အဘူ ရူဒိုင်နီက ပြောကြားခဲ့သည်။

    အဆိုပါ အစိုးရအဖွဲ့မှာ ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်မည့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး သမ္မတ အဘတ်စ်၏ အစီအစဉ်ကို လိုက်နာဆောင်ရွက်သွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဟားမတ်စ်အဖွဲ့ပါဝင်သည့် ညီညွတ်သော အစိုးရအဖွဲ့အား လက်ခံမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့အစောပိုင်းက ပြောဆိုထားသည်။ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်ကမူ ကတ်ဘိနတ်အသစ်မှာ အကြမ်းဖက်မှု ရှုတ်ချရေးနှင့် အစ္စရေးနိုင်ငံတည်ရှိရေး နိုင်ငံတကာ၏ တောင်းဆိုမှုကို လက်ခံသွားမည်ဟု ပြောကြားထားသည်။

    Ref: Al Jazeera

  • ပါလက်စတိုင်း အစိုးရသစ် ၀န်ကြီးလောင်းသုံးဦးအား ဂါဇာသို့ ၀င်ရောက်ခွင့် အစ္စရေးပိတ်ပင်

    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    index
    – ညီညွတ်သော ပါလက်စတိုင်းအစိုးရ၏ ၀န်ကြီးလောင်းသုံးဦးအား အနောက်ဘက်ကမ်းခြေမှ ဂါဇာသို့ ၀င်ရောက်ခွင့်မပြုဟု ပါလက်စတိုင်းနယ်မြေရှိ အစ္စရေး စစ်တပ်အကြီးအကဲ ယိုအဗ် မိုဒီချိုင်က ရေဒီယိုမှတစ်ဆင့် ယနေ့တွင် ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ AFP က ဆက်သွယ်ရာတွင် ထိုသတင်းအားနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ ဖာတာနှင့် ဟားမတ်စ် နှစ်ဖွဲ့ ပေါင်းစည်းပြီးနောက် ဖွဲ့စည်းမည့် ပါလက်စတိုင်းအစိုးရသစ်ကို တနင်္လာနေ့တွင် ကြေညာမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်က စနေနေ့တွင် ပြောကြားခဲ့ပြီး ထိုအစိုးရအား သပိတ်မှောက်မည်ဟု အစ္စရေးက အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။

    ဂါဇာတွင်အခြေစိုက်သည့် ဟားမတ်စ်အဖွဲ့နှင့် မဟ်မူဒ်အဘတ်စ်ခေါင်းဆောင်သည့် ဖာတာအဖွဲ့မှာ ပြီးခဲ့သည့် ဧပြီလက ပြန်လည်ပေါင်းစည်းခဲ့သည်။ ထို့ပြင် အချိန်ကြာညောင်းစွာ နှောင့်နှေးနေခဲ့ရသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန်အတွက် လွတ်လပ်သော အစိုးရဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြသည်။

    AFP

  • ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦးကို အစ္စရေး စစ်တပ်မှ တမင် ပစ်သတ်ခဲ့သည့် ဗီဒီယို ထွက်ပေါ်

    မေ ၂၁ ၊ ၂၀၁၄
    M-Media

    အရွယ်မရောက်သေးသည့် ပါလက်စတိုင်း နှစ်ဦးအား အစ္စရေးစစ်တပ်မှ တမင် ပစ်သတ်ခဲ့သည့် ဗီဒီယိုထွက်ပေါ်၊ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဟု ပါလက်စတိုင်း အစိုးရပြော

    _74989046_74988950

    – ပြီးခဲ့သည့် သီတင်းပတ်က ပါလက်စတိုင်းတို့၏ Nakba နေ့အခမ်းအနား ကျင်းပနေစဉ် ပါလက်စတိုင်း ဆယ်ကျော်သက် နှစ်ဦးအား အစ္စရေးလုံခြုံရေး တပ်ဖွဲ့မှ တမင်သက်သက် ပစ်သစ်ခဲ့သည့် ဗီဒီယိုကို လူ့အခွင့်အရေး အဖွဲ့တစ်ခုက ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ၂ မိနစ်တာကြာမြင့်သည့် အဆိုပါ ဗီဒီယိုကို နိုင်ငံတကာ ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ DCI က ယနေ့တွင် YouTube ၌ လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင် ဆိုင်တစ်ခုတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာမှ ရရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသူများမှာ မိုဟာမက် အဘူ သာဟီရ်နှင့် နဒီမ်း နူဝါရာတို့ဖြစ်ကြပြီး ကျည်ဆံမှာ နှလုံးသို့ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းတို့မှာ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်သာရှိသေးသည်။

    သေနတ်ဖြင့်အပစ်ခံရချိန်တွင် ထိုလူငယ်နှစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့များအား အန္တရာယ်ပေးနိုင်သည် အနေအထားတွင် မရှိဘဲ ဥပဒေကို ချိုးဖောက်သည့် သတ်ဖြတ်မှုဖြစ်သည်ဟု DCI က ဆိုသည်။ အစ္စရေး လူ့အခွင့်အရေးအဖွဲ့ B’Tselem ကလည်း လူငယ် ၂ ဦးမှာ မီတာ ၂၀၀ အကွာအဝေးက ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အစ္စရေးစစ်သားများမှာ အန္တရာယ် လုံးဝမရှိသည့် အခြေအနေတွင်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ထိုသတ်ဖြတ်မှုအတွက် ပါလက်စတိုင်း အစိုးရက အစ္စရေးအား “သွေးအေးလူသတ်သမား” ဟု ခေါ်ဆိုခဲ့ကာ ထိုကဲ့သို့ပစ်သတ်မှုမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးဘက်ကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ထိုအချိန်က ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ သို့သော်လည်း စုံစမ်းစစ်ဆေးမှု ၂ ခုကို ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    Ref:Agencies

  • အမိမြေမှ စွန့်ခွာခဲ့ရသည့် ၆၆ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ပါလက်စတိုင်းတို့ ပြုလုပ်

    မေ ၁၆ ၊ ၂၀၁၄
    M-Media
    973-1kdGSA.AuSt.55
    – ပြည်ပမှဝင်ရောက်လာသည့် ဂျူးများမှ အစ္စရေးနိုင်ငံ တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်က အမိမြေအား စွန့်ခွာခဲ့ရသော အထိမ်းအမှတ် အခမ်းအနားကို ပါလက်စတိုင်း ဒေသတစ်ဝိုက်၌  မေလ ၁၄ ရက်နေ့က  ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ရာမာလာနှင့် အနောက်ဘက်ကမ်းခြေတွင် Nakba နေ့ စတင်ခဲ့ပြီးနောက် ၆၆ နှစ်ကြာမြင့်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ၆၆ စက္ကန့်ကြာ ဥသြဆွဲခဲ့ပြီး အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြောက်ဒေသတို့၌လည်း ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာတို့မှာ ဆန္ဒထုတ်ဖော်မှုများ၊ ချီတက်မှုများ ပြုလုပ်ခဲ့ကြသည်။ အမိမြေက စွန့်ခွာခဲ့ရသည့် နေ့ကို ပါလက်စတိုင်းများက Nakba ဟု ခေါ်ဆိုသည်။

    ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံထူထောင်သည်ဟု ကြေညာခဲ့သောကြောင့် ဒေသခံပါလက်စတိုင်းများနှင့် အာရပ်နိုင်ငံများ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကို အစ္စရေးက ကျော်ဖြတ်နိုင်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုအတွင်း ဒေသခံ ပါလက်စတိုင်းပြည်သူ သောင်းချီမှာ အတင်းအဓမ္မ မောင်းထုတ်ခံခဲ့ရသည်။

    ဒုတိယကမ္ဘာစစ်အတွင်းက ဒုက္ခခံစားခဲ့ရသည့် အရှေ့ဥရောပမှ ဂျူးများမှာ ပါလက်စတိုင်း ပိုင်နက်အတွင်းသို့ ဝင်ရောက်လာကာ အမေရိကန်နှင့် အချို့အင်အားကြီးနိုင်ငံများ၏ စစ်ရေး အကူအညီဖြင့် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

    Photo- AP
    Ref: AP and Al Arabiya

  • ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ၅ ခုတွင် တရားဝင် ပါဝင်ခွင့် ပါလက်စတိုင်းရရှိ

    မေ ၅ ၊ ၂၀၁၄
    M-Media

    Palestine adopts significant human rights treaties
    – ငြိမ်းချမ်းရေးဆွေးနွေးပွဲအား အစ္စရေးက အကြောင်းပြချက် အမျိုးမျိုးပြ၍ ဖျက်သိမ်းခဲ့ပြီးနောက် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့မှာ ကုလ၏ သဘောတူညီချက် ၅ ခုတွင် တရားဝင် ၀င်ရောက်ခွင့်ရခဲ့သည်ဟု သိရသည်။

    “မသန်းစွမ်းသူများအခွင့်အရေး ဆိုင်ရာ သဘောတူညီချက်”၊ “အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပုံစံအားလုံးပယ်ဖျက်ရေး သဘောတူညီချက်” နှင့် “ကလေးငယ်များ၏ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်” တို့ အပါအ၀င် သဘောတူညီချက် ၅ ခုကို ပါလက်စတိုင်းက ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာမည့်လများအတွင်း “ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းရှိ ကလေးငယ်များအား ကာကွယ်ရေး သဘောတူညီချက်” နှင့် အခြားသော နိုင်ငံတကာ သဘောတူညီချက်တို့တွင် ပါဝင်နိုင်ရန်အတွက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က မျှော်လင့်နေသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရူပါ့တ် ကိုလ်ဗီလီက ယခုကဲ့သို့ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ ပါလက်စတိုင်းအတွင်း လူ့အခွင့်အရေး ကာကွယ်မှုနှင့် မြှင့်တင်မှုများ ဆောင်ရွက်ရန်အတွက် အရေးပါသော ခြေလှမ်း တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပါလက်စတိုင်းဟာ ဒီနေ့ကစပြီး သဘောတူညီချက်ငါးခု၊ ဇူလိုင် ၂ ရက်နေ့ရောက်ရင် သဘောတူညီချက် ၇ ခုနဲ့ ပတ်သက် ကျုံးဝင်သွားပါပြီ။ ဒါ့ကြောင့်မို့လို့ ဒီသဘောတူညီချက်ကို အကောင်အထည် ဖေါ်၊ မဖေါ်ဆိုတာ အခြား တိုင်းပြည်တွေလိုပဲ အနီးကပ် စစ်ဆေးခံရမှာပါ။ ဒီသဘောတူညီချက်တွေမှာ ပြင်းထန်တဲ့ စည်းကမ်းချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပိတ်ဆို့ခံထားရတဲ့ အနောက်ဘက်ကမ်းခြေနဲ့၊ ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်းပြည်သူတွေရဲ့ လူ့အခွင်အရေးတွေကို ကာကွယ်ရာမှာ ကူညီဖို့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာ၊ ကုလသမဂ္ဂနဲ့ အခြားသောအဖွဲ့အစည်းတွေကို ဒါက အထောက်အပံ့အများကြီး ဖြစ်စေပါတယ်” ဟု ကိုလ်ဗီလီက ဆိုသည်။

    ထိုဒေသအတွင်းရှိ နိုင်ငံများမှာ လူ့အခွင့်အရေး သဘောတူညီချက်များတွင် ပါဝင်ခွင့်ရရန် ကြိုတင် ၀င်ခွင့်တောင်းရသည်။ သို့သော်လည် မည်သည့်ဝင်ခွင့်တောင်းခြင်းမှ မလုပ်ခဲ့သည့် ပါလက်စတိုင်း၏ ၀င်ခွင့်ရခြင်းမှာ ထူးခြားချက်တစ်ခုဖြစ်သည်။

    ကတိပြုထားသည့် အကျဉ်းသားများလွှတ်ပေးရေးကို ငြင်းဆန်ခဲ့သော အစ္စရေး၏ လုပ်ရပ်ကို တုံ့ပြန်သောအားဖြင့် ပါလက်စတိုင်းအာဏာပိုင် PA က နိုင်ငံတကာ သဘောတူညီချက် တစ်ဒါဇင်ခန့်တွင် ပါလက်စတိုင်းနိုင်ငံ ပါဝင်ခွင့်ရရန် ပြီးခဲ့သည့်လက ကုလအား တောင်းဆိုခဲ့ပြီး ဘန်ကီမွန်ကလည်း ထိုတောင်းဆိုချက်ကို လက်ခံခဲ့သည်။

    UN Multimedia

    Photo Courtesy: www.ummid.com