News @ M-Media

Tag: Palestine

  • ပါလက်စတိုင်း အိမ်ရာများ အစ္စရေး ဖျက်ဆီးမှု ကုလ ရှုတ်ချ

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media

    348670_Palestine-home-demolition

    ဖေဖော်ဝါရီ၊ ၁။ ။ ပါလက်စတိုင်းပိုင်အနောက်ဘက်ကမ်းခြေ ဂျော်ဒန်တောင်ကြားရှိ ပါလက်စတိုင်းရွာ တစ်ရွာအား အစ္စရေးကဖျက်ဆီးခဲ့မှုနှင့် ပက်သက်၍ ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချခဲ့သည်ဟု သိရသည်။

    ဇန်န၀ါရီ ၃၀ ရက်နေ့ (ကြာသာပတေးနေ့) က ပြုလုပ်ခဲ့သော ထိုဖျက်ဆီးမှုတွင် ပါလက်စတိုင်းတို့၏ အိမ်ခြေ ၃၆ လုံးဆုံးရှုံးခဲ့ရပြီး ကလေးငယ် ၃၆ ဦးအပါအ၀င် စုစုပေါင်း ၆၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုကိစ္စနှင့် ပက်သက်၍ အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဂျိမ်းစ်ရော်လေးက ယမန်နေ့က ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး အနောက်ဘက် ကမ်းခြေတွင် ပြုလုပ်နေသည့် အစ္စရေး၏ အဆိုပါ လုပ်ရပ်များအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

    “ဂျော်ဒန်တောင်ကြား တစ်လျှောက်မှာ ဖြစ်ပွားနေသော ပါလက်စတိုင်းတို့၏ အိမ်ရာများ ဖယ်ရှားခြင်း၊ သိမ်းပိုက်ခြင်းများအတွက် မိမိအနေဖြင့် အလွန်စိုးရိမ်မိပါသည်။ ထိုဒေသတွင် အိမ်ရာများ ဖျက်ဆီးမှုများမှာ လွန်ခဲ့သည့် နှစ်က နှစ်ဆခန့်မြင့်တက်လာခဲ့သည်။ ထိုကိစ္စရပ်များသည် ပါလက်စတိုင်းတို့၏ နေထိုင်ခွင့်နှင့် အခြေခံ လိုအပ်ချက်များကို ပိတ်ပင်ထားခြင်းသာမက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်ပေသည်” ဟု ထိုကြေညာချက်တွင် ရော်လေးက ပြောကြားခဲ့သည်။

    အစ္စရေးက မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တွင် ခွင့်ပြုချက်မရှိဘဲ တည်ဆောက် ထားသည်ဟု အကြောင်းပြကာ အစ္စရေးက ပါလက်စတိုင်းတို့၏ အိမ်ရာများအား ဖျက်ဆီးမှုကြောင့် ၂၀၁၃ ခုနှစ်တွင် ပါလက်စတိုင်းပြည်သူ ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံးခန်းက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအရေး တက်ကြွ လှုပ်ရှားသူများကမူ ထိုကဲ့သို့ ဖျက်ဆီးခြင်းမှာ ပါလက်နယ်မြေများအတွင်း ဂျူးအခြေချအိမ်ရာများ တည်ဆောက်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Press TV

  • ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဂျော်ဒန်တောင်ကြားရှိ ရွာတစ်ရွာအား အစ္စရေး ဖျက်ဆီးပြန်

    ဇန်နဝါရီ ၊ ၁၀၊ ၂၀၁၄
    M-Media

    Israel destroys Palestinian village in West Bank
    – အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဂျော်ဒန်တောင်ကြားရှိ ဗဒူအင်လူမျိုးများနေထိုင်သည့် ရွာတစ်ရွာကို အစ္စရေးစစ်တပ်က ဦးဆောင်ကာ ယမန်နေ့တွင် ဖြိုဖျက်ခဲ့သည်ဟု သိရသည်။

    Ein Karzaliyah ခေါ်သည့် အဆိုပါရွာအား အစ္စရေးစစ်သားများက ဘူဒိုဇာများဖြင့် ၀င်ရောက်ခဲ့ပြီး တစ်ရွာလုံးအား ဖျက်ဆီးခဲ့သောကြောင့် ထိုရွာတွင်နေထိုင်သူ ၂၅ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့ပြင် ထိုရွာသို့ သွယ်တန်းထားသည့် ရေပိုက်ကိုလည်း အစ္စရေးက ဖျက်ဆီးပစ်ခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့များ၊ မီဒီယာများကိုလည်း ထိုရွာအတွင်းသို့ ၀င်ရောက်ခွင့်မပေးခဲ့ပေ။

    “ရွာသားတွေကတော့ အခုအချိန်မှာ တောင်ပေါ်တွေမှာ နေနေရပြီး အဲဒီနေရာကို အစ္စရေးက ပန်းခြံလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဒေသကို ဗဒူအင်လူမျိုးမိသားစု တစ်ခုရဲ့ အမည် Karzaliyah ကိုအစွဲပြုပြီး Ein Karzaliyah လို့ မှည့်ခေါ်ခဲ့ကြတာပါ။ အခုတော့ အဲဒီမိသားစုရဲ့ ဘ၀တွေ ရိုက်ချိုး ဖျက်ဆီးခံလိုက်ရပါပြီ” ဟု လူ့အခွင့်အရေး အဖွဲ့ B’Tselem မှ အီယဒ် ဟက်ဒဒ်က ပြောကြားခဲ့သည်။

    ကလေးငယ်အများအပြားပါဝင်သည့် အဆိုပါရွာသားများမှာ ယခုအချိန်တွင် မည်သည့်နေရာကိုမှ သွားစရာမရှိဘဲ သောက်သုံးရေနှင့် အကူအညီများပေးအပ်ခွင့်ကိုလည်း အစ္စရေးစစ်တပ်က တားမြစ်ထားသည်။ ဂျော်ဒန်တောင်ကြား၏ ၉၀ ရာခိုင်နှုန်းအား အစ္စရေးက ထိန်းချုပ်ထားပြီး၊ ထိုတောင်ကြားရှိ ရွာများအား ဖျက်စီးမှုမှာ ပါလက်စတိုင်း နယ်မြေများအတွင်း အစ္စရေး၏ တရားမ၀င် အိမ်ရာဆောက်လုပ်မှုအား ပိုမိုချဲ့ထွင်ရန် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

    Ref: Press TV

  • ပါလက်စတိုင်း နယ်မြေအတွင်း တရားမ၀င်အိမ်ရာများ ထပ်ဆောက်ရန် အစ္စရေး ပြင်ဆင်နေ

    ဇန်နဝါရီ ၂ ၊ ၂၀၁၄
    M-Media

    map-story-of-palestinian-nationhood
    – ကုလသမဂ္ဂနှင့် အမေရိကန်တို့က တားမြစ်ထားသော်လည်း ပါလက်စတိုင်း ပိုက်နက်အတွင်း အိမ်ရာများ ထပ်မံဆောက်လုပ်သွားရန် အစ္စရေးက စီစဉ်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အရှေ့အလယ်ပိုင်းသို့ လာရောက်ရန် ရှိနေသောကြောင့် ထိုအစီအစဉ်အား ကြေညာခြင်း မပြုသေးဟု အစ္စရေး တာဝန်ရှိသူများ၏ ပြောကြားမှုများကို ကိုးကား၍ နယူးယောက် တိုင်မ်းသတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။

    ဂျွန်ကယ်ရီမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုအား ကြားဝင်ဆောင်ရွက်ရန်အတွက် အရှေ့အလယ်ပိုင်းသို့ ယနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့အထိ ရှိနေမည်ဖြစ်သည်။ အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့အား သိမ်းပိုက်ထားပြီး အိမ်ရာများကို တိုးချဲ့ဆောက်လုပ်နေခဲ့သည်။ ပါလက်စတိုင်းအစိုးရကမူ အစ္စရေး၏ ထိုအိမ်ရာဆောက်လုပ်မှုအား ရှုတ်ချပြောဆိုခဲ့ပြီး ထိုကဲ့သို့ အိမ်ရာဆောက်လုပ်မှုများက ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ထိခိုက်စေသည်ဟု ပြောကြားထားသည်။

    ဓါတ်ပုံအညွှန်း- ၁၉၄၆ ခုနှစ် စတင်ပြီး ပါလက်စတိုင်းနယ်မြေများကို အစ္စရေးတို့ နှစ်အလိုက် ကျူးကျော်သိမ်းပိုက်ခဲ့သည့် မြေပုံ

    Ref: Press TV

  • ပါလက်စတိုင်း လူမျိုးများ၏ နေအိမ်များအား အစ္စရေး ထပ်မံဖျက်စီးပြန်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    un-condemns-israeli-demolition-.si
    – ခရစ္စမတ်အကြိုနေ့ဖြစ်သည့် အင်္ဂါနေ့တွင် ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေရှိ ဗဒူအင် လူမျိုးများ၏ နေအိမ်များအား ဖျက်ဆီးသော အစ္စရေး၏လုပ်ရပ်ကို ကုလသမဂ္ဂ အလုပ်အကိုင်နှင့် အကူအညီပေးရေးအေဂျင်စီ UNRWA က ရှုတ်ချလိုက်ပြီး၊ ထိုလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းလိုက်သည်။

    UNRWA မှာ ပါလက်စတိုင်း ဒုက္ခသည်များအား အကူအညီပေးနေသော အဖွဲ့အစည်းဖြစ်ပြီး ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခရစ် ဂန်းနက်စ်က “အနောက်ဘက်ကမ်းခြေမှာ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ဒီဖျက်ဆီးမှုကို ကျွန်တော်တို့ UNRWA က ကန့်ကွက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်း ၆၈ ဦး အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုဒုက္ခသည်များတွင် ကလေးငယ် ၃၂ ဦးပါဝင်ကြောင်း၊ သိုးနှင့် ဆိတ် ၇၅၀ ခန့်မှာလည်း နေစရာမရှိသောကြောင့် ဒုက္ခရောက်နေကြောင်း ဂန်းနက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်အတွင်း နေအိမ် ၂၅၉ လုံးအပါအ၀င် ပါလက်စတိုင်းရှိ အဆောက်အအုံ ၆၆၃ လုံးကို အစ္စရေးက ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကဲ့သို့ဖျက်ဆီးမှုကြောင့် ပါလက်စတိုင်း ၁၁၀၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပြီး၊ အစ္စရေးအနေဖြင့် ထိုကဲ့သို့ ဖျက်ဆီးမှုများအားရပ်တန့်ရန်နှင့် နိုင်ငံတကာ ဥပဒေများကိုလိုက်နာရန် ဂန်းနက်စ်က တိုက်တွန်းပြောကြားခဲ့သည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။
    Ref: RT

  • အစ္စရေး ပိတ်ဆို့ထားမှုကြောင့် ယေရှုခရစ် မွေးဖွားရာ ဘက်သလီဟမ်သို့ ခရစ်ယာန် ဘုရားဖူးများ လာရန် အခက်တွေ့နေ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    Bethlehem for Christmas
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသရှိ ဘက်သလီဟမ်အား အစ္စရေးတို့က မတရားသိမ်းပိုက်ထားပြီး ပိတ်ဆို့မှုများရှိနေသော်လည်း  ဂါဇာကမ်းမြှောင်ဒေသရှိ ခရစ်ယာန်များမှာ ခရစ္စမတ်ပွဲတော်အား ခရစ်တော်ဖွားမြင်ရာ ထိုဘက်သလီဟန်တွင် ဆင်နွှဲရန် စီစဉ်နေကြသည်ဟု သိရသည်။

    “ဘက်သလီဟမ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ အဓိက နေရာတစ်ခုဖြစ်ပြီး (အစ္စရေးရဲ့) အိမ်ရာ ၂၇ ခုက ၀န်းရံထားပါတယ်။ ပြီးတော့ တံတိုင်းတွေ၊ ခြံစည်းရိုးတွေနဲ့ကာ ရံထားပြီး၊ စစ်ဆေးရေးဂိတ်တွေ ချထားတဲ့အတွက် ခရီးသွားတွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ ” ဟု ပါလက်စတိုင်း ခရီးသွာလာရေးဝန်ကြီး ရိုလာမေယာက Albawaba သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများကို ဆွဲဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ကြောင်း၊ သို့သော်လည်း အစ္စရေး၏ မတရားသိမ်းပိုက်ထားမှုကြောင့် ထိုကဲ့သို့လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ရိုလာမေယာက ထည့်သွင်းပြောကြားခဲ့သည်။

    ကမ္ဘာ့တစ်ဝှမ်းမှ ခရစ်ယာန်ဘုရားဖူးများမှာ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ပွဲတော်ကာလအတွင်း ဘက်သလီဟမ်ရှိ ခရစ်တော်မွေးဖွာရာနေရာနှင့် ထိုနေရာဘေးတွင် တည်ဆောက်ထားသည့် သမိုင်းဝင် Nativity ဘုရားကျောင်းသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။ သို့သော်လည်း အစ္စရေး၏ ပိတ်ဆို့ထားမှုများကြောင့် များစွာသော ခရစ်ယာန်ဘုရားဖူးတို့မှာ ဘက်သလင်ဟမ်သို့ လာရောက်ရန် အခက်ကြုံနေကြရသည်။

    Ref: OnIslam & News Agencies

    Photo-AP