News @ M-Media

Tag: Palestine

  • ဖာတာနဲ့ ဟားမက်စ် ပူးပေါင်းမှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစ္စရေးဘက်မှ ရပ်ဆိုင်း

    ဧပြိ ၂၅၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းမှ ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့ ညီညွတ်သော အစိုးရတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် ပါလက်စတိုင်းနှင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်တန့်ရန် အစ္စရေးက ဆုံးဖြတ်ခဲ့သည်။
    Palestinian factions to form unity government
    အဆိုပါဆုံးဖြတ်ချက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ ဦးဆောင်စတင်ခဲ့သည့် ၉ လကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆုံး သတ်သွားစေခဲ့သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် ၅ နာရီကြာ အစည်းအဝေးတွင် အစ္စရေး လုံခြုံရေး ကတ်ဘိနတ်က ထိုဆုံးဖြတ်ချက်အား တညီတညွတ်တည်း ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းများအပေါ် စီးပွားရေး ပိတ်ဆို့ရန်လည် အစ္စရေးက စဉ်းစားနေသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    သို့သော်လည်း ပါလက်စတိုင်းဘက်ကမူ ဆွေးနွေးပွဲကို ရပ်တန့်ခဲ့သည့် အစ္စရေး၏ ဆုံးဖြတ်ချက်အား တုံ့ပြန်သွားရန် နည်းလမ်းပေါင်းစုံကို စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

    “အခုလက်ရှိ ပါလက်စတိုင်းတို့ရဲ့ အဓိက အရေးကြီးဆုံးကတော့ ရင်ကြားစေ့ရေးနဲ့ ညီညွတ်ရေးပဲဖြစ်ပါတယ်” ဟု ပါလက်စတိုင်း အကြီးတန်းအရာရှိ စအီးဘ် အီရာကတ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ၇ နှစ်ကြာ ကွဲပြဲနေခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းခဲ့သည့်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်ကို အစ္စရေးက ဒေါသထွက်နေသည်။ ဟားမက်စ် အဖွဲ့အား အစ္စရေးနှင့် အမေရိကန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်ကမူ ၎င်းတို့နှစ်ဖွဲ့ ပေါင်းစည်းမှုအား ကြိုဆိုသော်လည်း အဓိက ဦးစားပေးရေးမှာ အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Al Jazeera and agencies
  • ညီညွတ်သော ပါလက်စတိုင်း အစိုးတစ်ရပ် ဖွဲ့စည်းရန် ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့ သဘောတူညီချက်ရရှိ

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media

    – သဘောထားကွဲလွဲနေသည့် ပါလက်စတိုင်းဒေသမှ အစိုးရနှစ်ခုအား ပေါင်းစည်းကာ ညီညွတ်သော အစိုးရသစ်ဖွဲ့စည်းနိုင်ရေး သဘော တူညီချက်တစ်ခုကို ဂါဇာတွင်ပြုလုပ်ခဲ့သည့် ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွင် ပါလက်စတိုင်း ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    Palestinian factions to form unity government

    ၇ နှစ်ကျော်ကြာ ကိုယ်ပိုင် အဖွဲ့အစည်း အုပ်ချုပ်ရေးဖြင့် ဆောင်ရွက်ခဲ့ကြသည့် ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့က ယမန်နေ့တွင် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ၏ အောက်တွင် အစိုးသစ်တစ်ရပ်ကို ဖွဲ့စည်းတော့မည်ဖြစ်သည်။ ထိုအစိုးရသစ်အား သီတင်းပတ် ၅ ပတ်အတွင်း ဖွဲ့စည်းသွားရန်နှင့် ၆ လအတွင်း ရွေးကောက်ပွဲ လုပ်သွားရန် စီစဉ်ထားသည်။

    သတင်းစာရှင်းလင်းပွဲ၌ ယခင်က ကွဲလွဲမှုများမှာ ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ပန်းတိုင်အောက်တွင် ကွဲခွဲကြခြင်းဖြစ်သည်ဟု အဖွဲ့ ၂ ခုစလုံး၏ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

    ထိုသဘောတူညီချက် စည်းမျဉ်းစည်းကမ်းများကို ကြေညာခဲ့သည့် ဟားမက်စ်ခေါင်းဆောင် အစ္စမာအီလ် ဟာနီယဟ်ကမူ ဂျေရုစလင် တစ်မြို့လုံးရှိ အစ္စလာမ်နှင့် ခရစ်ယာန်တို့၏ မြင့်မြတ်သော အဆောက်အဦးများနှင့် နေရာများအား ဖျောက်ဖျက်ကာ ဂျူးရိပ်ဂျူးငွေ့သန်းစေရန် အစ္စရေးက လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

    ဖာတာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဇ်မန် အလ်-အဟ်မဒ်ကမူ နိုင်ငံရေး၊ လူမှုရေး၊ လူ့အဖွဲ့အစည်းအရေး စသဖြင့် မိမိတို့ လုပ်ဆောင်ရမည့် ကဏ္ဍပေါင်းစုံတွင် စစ်မှန်သော မိတ်ဖက်ဖြစ်လာရေး အတွက် ယခုသဘောတူညီချက်က မှန်ကန်သော အစပျိုးမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ် ဂါဇာရွေးကောက်ပွဲတွင် ဟားမက်စ်အဖွဲ့ အနိုင်ရခဲ့ပြီးနောက် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်၏ ဖာတာအဖွဲ့နှင့် ကွဲခဲ့ခြင်းဖြစ်ပြီး၊ ဟာမက်စ်အဖွဲ့မှာ လူဦးရေ ၂ သန်းခန့်ရှိသည့် ဂါဇာအား အုပ်ချုပ်ကာ၊ ဖာတာအဖွဲ့မှာ လူဦးရေ ၂ သန်းကျော်ရှိသည့် အနောက်ဘက် ကမ်းခြေအား အုပ်ချုပ်နေသည်။

    Al Jazeera

    Photo: REUTERS

  • ဧပြီလ ဒုတိယပတ်တွင်း အစ္စရေးက ပါလက်စတိုင်းများအပေါ် ကျူးလွန်ခဲ့သည့် အစီရင်ခံစာ ကုလထုတ်ပြန်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    – ယခုလ ဒုတိယ သီတင်းပတ်အတွင်း ပါလက်စတိုင်းပြည်သူများ အပေါ် အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်သော အစီရင်ခံစာအသစ်တစ်စောင်ကို ကုလသမဂ္ဂမှ ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    359322_Israel-sewage

    ဧပြီ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ အစ္စရေးစစ်တပ်က ကျူးလွန်ခဲ့သော တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း တစ်ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်း ပါဝင်သည်ဟု လူသားချင်း စာနာထောက်ထားမှုရေးရာ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်းတို့၏ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လူအများအပြားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ၂၀၁၄ ခုနှစ် အစပိုင်းကတည်းက ယခုအချိန်အထိ အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်နှင့် အနောက်ဘက်ကမ်းခြေတို့တွင် ပါလက်စတိုင်းပြည်သူ ၂၀ ကျော်သေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂ၏ မှတ်တမ်းများက ဆိုသည်။

    အစ္စရေး စစ်တပ်မှ ပါလက်စတိုင်း ပိုင်နက်များအတွင်း ၀င်ရောက် တိုက်ခိုက်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်းပြည်သူ ၃၉ ဦးခန့်၊ ၂၀၁၂ ခုနှစ်တွင် ထိုဒေသနှစ်ခု၌ ပါလက်စတိုင်းပြည်သူ ၂၅၀ နီးပါး သေဆုံးခဲ့ရသည်ဟု အသိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ B’Tselem ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထို့ပြင် အစ္စရေး အကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသား ၅၀၀၀ ခန့်ရှိပြီး ၄၇၅ ဦးမှာ တစ်သက်တစ်ကျွန်း ကျခံနေရသူများဖြစ်သည်ဟု ပါလက်စတိုင်းအစိုးရမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် အမျိုးသမီးများနှင့် ကလေးငယ်များကို ထောင်ချခြင်းတို့အပါဝင် အစ္စရေးအကျဉ်းထောင်များရှိ ပါလက်စတိုင်းအကျဉ်းသားများ၏ ကံကြမ္မာနှင့် ပတ်သက်၍ ကြားမကောင်းသည့်  အချို့ အချက်အလက်များလည်းရှိသည်ဟု ပါလက်စတိုင်း သတင်းအချက်အချက်အလက် ဌာနက ဖော်ပြခဲ့သည်။

    ထိန်းသိမ်းထားသူများအား အစ္စရေးအာဏာပိုင်များက ကွပ်မျက်ခြင်းမှာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောကြားသည်။

    DB/HSN

  • ကုလလက်အောက်ခံ အေဂျင်စီအဖွဲ့ ၁၃ ခုသို့ ၀င်ရောက်ရန် ပါလက်စတိုင်းမှ လျှောက်ထားခြင်းကို ဘန်ကီမွန်လက်ခံ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ကုလသမဂ္ဂလက်အောက်ရှိ အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်၏ တောင်းဆိုချက်ကို ကုလသမဂ္ဂက လက်ခံလိုက်သည်ဟု သိရသည်။

    201441023246608734_20

    နိုင်ငံတကာ အေဂျင်စီ ၁၃ ခုအတွင်း ပါဝင်ခွင့်ရရေး အတွက် ပါလက်စတိုင်း၏ လျှောက်ထားခြင်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က လက်ခံခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံသို့လည်း ထိုလျှောက်ထားချက်အား လက်ခံကြောင်း ဘန်က အကြောင်းကြားခဲ့သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များအား ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဧပြီလ ၂၉ ရက်နေ့တွင် ကုန်ဆုံးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား သက်တမ်းတိုးရန် ကြိုးပမ်းမှုအဖြစ် နောက်ဆုံးအသုတ် အကျဉ်းသား ၂၆ ဦးလွှတ်ပေးရန် အစ္စရေးက ငြင်းဆန်ခဲ့သောကြောင့် တုံ့ပြန်သောအနေဖြင့် နိုင်ငံတကာ သဘောတူစာချုပ် ၁၅ ခုသို့ ၀င်ရောက်ခွင့် တောင်းခံလွှာကို ပါလက်စတိုင်းက လက်မှတ်ရေးထိုခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက် ၁၅ ခုတွင် ကုလလက်အောက်ခံ သဘောတူစာချုပ် ၁၃ ခု၊ ဂျီနီဗာမှ ၁ ခုနှင့် နယ်သာလန်မှ တစ်ခုတို့ဖြစ်သည်။

    ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကြီး ရီယဒ်မန်ဆူရ်က ပါလက်စတိုင်းအနေဖြင့် လာမည့်မေလ ၂ ရက်နေမှစတင်ကာ အဆိုပါ အေဂျင်စီ ၁၅ ခုမှ ၁၃ ခုတွင် တရားဝင် ပါဝင်လာမည်ဖြစ်ကာ အစ္စရေး၏ လုပ်ရပ်များအပေါ် မူတည်၍ ကုလအေဂျင်စီများ၊ သဘောတူညီချက်များနှင့် စာချုပ်များအတွင်း ဆက်သွယ်ပါဝင်ရန် အဆင့်သင်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။

    အစ္စရေးဘက်ကမူ ပါလက်စတိုင်း၏ ထိုကြိုးပမ်းမှုအားလက်မခံဘဲ၊ ပါလက်စတိုင်းအတွက် ကောက်ခံပေးနေသည့် အခွန်ငွေများနှင့် အစ္စရေးဘဏ်များတွင်ရှိသည့် ပါလက်စတိုင်းပိုင်ငွေများအား မပေးဘဲထားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
    AP

  • ပါလက်စတိုင်းနှင့် အစိုးရပိုင်း မဆက်သွယ်ရန် နေတန်ယာဟု၏ အမိန့်အား အမေရိကန်ရှုတ်ချ

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    – အစ္စရေး ကက်ဘိနက် ၀န်ကြီးများ ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှုအား ကန့်သတ်သည့် နေတန်ယာဟု၏ အမိန့်ပေါ် အမေရိကန်က ရှုတ်ချလိုက်ပြီး “ဆိုးရွားသောလုပ်ရပ်” အဖြစ် သတ်မှတ်သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    6315327b-d8a0-4aaf-a275-359ed1509762_16x9_788x442
    ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီ

    “ဒီကြေညာမှုအတွက် ကျွန်တော်တို့ သေသေချာချာကို သတိထားပါတယ်။ အဲ့ဒါကို ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် မှတ်ယူပါတယ်” ဟု ဂျွန်ကယ်ရီက အစ္စရေးနိုင်ငံခြားရေး ၀န်ကြီး အဗစ်ဂ်ဒေါရ် လီဗာမန်နှင့် တွေ့ဆုံစဉ် အတွင်း ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ဆိုသည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတိုင်မီ အကျဉ်းသားများ လွှတ်ပေးရန် ကတိက၀တ်အား အစ္စရေးက ချိုးဖောက်ခဲ့ပြီးနောက် ပါလက်စတိုင်းတာဝန်ရှိသူများက နိုင်ငံ ၁၅ ခုနှင့် သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သည်။ ထိုလုပ်ရပ်မှာ ပါလက်စတိုင်း အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်မှု မပြုလုပ်ရဟူသော သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ အစ္စရေးဝန်ကြီးများအား ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှု ပိတ်ပင်ရန် နေတန်ရာဟုက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးသူ ကယ်ရီနှင့် လီဗာမန်တို့၏ ၁ နာရီကျော်ကြာ တွေ့ဆုံစဉ်အတွင်း ပြီးခဲ့သည့်တစ်ပတ်က စတင်ခဲ့ပြီး မတိုးသာ မဆုတ်သာဖြစ်နေကာ ပျက်ဆီးရန် အခြေအနေရှိနေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကယ်တင်ရန် ဆွေးနွေးခဲ့ကြပြီး၊ အီရန်နှင့် ဆီးရီးယား အရေးတို့လည်း ပါဝင်ခဲ့သည်။

    AFP