News @ M-Media

Tag: Palestine

  • ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချနေသည့် အစ္စရေး

    ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချနေသည့် အစ္စရေး

    ဒီဇင်ဘာ ၁၈၊ ၂၀၂၃

    M-Media 


    -ဂါဇာကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ပြောကြားလိုက်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာပါ။ 

    လက်ရှိအချိန်အထိ လူပေါင်း ၁၉၀၀၀ နီးပါး အသတ်ခံခဲ့ရပြီး အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

    ဒီကနေ့ထုတ်ပြန်တဲ့ HRW ရဲ့ အစီရင်ခံစာမှာ ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးက စားနပ်ရိက္ခာဖြတ်တောက် ညှင်းပမ်းမှုကို ဖော်ထုတ်ထားပါတယ်။ 

    ပါလက်စတိုင်းပြည်သူတွေ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အသက်ရှင်ရပ်တည်ရေး လိုအပ်တဲ့ အခြေခံပစ္စည်းတွေ မရအောင် အစ္စရေးက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ HRW က ပြောပါတယ်။ 

    အရပ်သားပြည်သူတွေကို ဆာလောင်မွတ်သိပ်အောင် လုပ်ဆောင်မှုဟာ စစ်ရာဇ၀တ်မှုမြောက်ပြီး၊ နိုင်ငံတကာခေါင်းဆောင်တွေက တားဆီးအရေးယူပေးဖို့လည်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။ 

    အစ္စရေးအစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်၊ တိုက်ခိုက်သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေကို တွေ့ဆုံမှု၊  အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေကို လေ့လာခဲ့ရာမှာ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေ နေ့စဥ်ရပ်တည်ရေး လိုအပ်တဲ့ ရင်းမြစ်တွေ မရအောင် တားဆီးတဲ့မူ၀ါဒမျိုးကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေတာကို တွေ့ရတယ်လို့လည်း HRW က ပြောပါတယ်။ 

    “၂ လကျော်အတွင် အစ္စရေးဟာ ဂါဇာပြည်သူတွေ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ခက်ခဲအောင် လုပ်ဆောင်နေပြီး၊ ဒါဟာ အစ္စရေး ထိပ်ပိုင်း တာ၀န်ရှိသူတွေ ချမှတ်တဲ့ မူ၀ါဒ ဖြစ်ပါတယ်။ အရပ်သားတွေ ငတ်မွတ်ခေါင်းပါးအောင်လုပ်တာကို စစ်ပွဲနည်းလမ်းတစ်ခုဖြစ် ဆောင်ရွက်နေတာပါ။ ဂါဇာပြည်သူတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ ဒီလို စက်ဆုပ်စရာ စစ်ရာဇ၀တ်မှုကို ကမ္ဘာ့ခေါင်းဆောင်တွေက ဆန့်ကျင်ပြောဆိုဖို့ လိုအပ်ပါတယ်”

    အစ္စရေးဟာ ဂါဇာအပြင် ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း ပါလက်စတိုင်းပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာရှိ ခရစ်ယာန်အမျိုးသမီး ၂  ဦးအား ဘုရားကျောင်းထဲတွင် ပစ်သတ်ခဲ့သည့် အစ္စရေးစစ်တပ်

    ဂါဇာရှိ ခရစ်ယာန်အမျိုးသမီး ၂ ဦးအား ဘုရားကျောင်းထဲတွင် ပစ်သတ်ခဲ့သည့် အစ္စရေးစစ်တပ်

    ဒီဇင်ဘာ ၁၇၊ ၂၀၂၃

    M-Media 


    -ဂါဇာက ဘုရားကျောင်းတစ်ခုမှာ အစ္စရေးစစ်တပ်ဟာ အမျိုးသမီး ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဂျေရုစလင်မြို့ လက်တင်ခရစ်ယာန်အသင်းတော်က ထုတ်ပြန်ပါတယ်။ 

    “ဒီကနေ့ (ဒီဇင်ဘာ ၁၇ ရက်နေ့) နေ့လည်ပိုင်းမှာ အစ္စရေးစစ်တပ်က စနိုက်ပါသမားတစ်ယောက်ဟာ ဂါဇာက Holy Family Parish ဘုရားကျောင်းထဲမှာ ခရစ်ယာန်အမျိုးသမီး နှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ဘုရားကျောင်းဟာ အစ္စရေး-ဟားမက်စ်စစ်ပွဲ စကတည်းက ခရစ်ယာန်မိသားစုတွေကို လက်ခံကယ်တင်ထားတဲ့ ကျောင်းပါ” လို့ လက်တင်အသင်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အသတ်ခံရသူနှစ်ဦးဟာ သားအမိတွေဖြစ်ပါတယ်။ 

    “နဟီဒါနဲ့ သမီးဖြစ်သူ ဆာမာရ်တို့ဟာ သီလရှင်ကျောင်းထဲ သွားရောက်တဲ့အချိန် အသတ်ခံလိုက်ရတာပါ။ တစ်ယောက်ထိသွားလို့ နောက်တစ်ယောက်က သွားကယ်တဲ့အချိန် နှစ်ယောက်စလုံး အသတ်ခံခဲ့ရတာဖြစ်ပါတယ်” လို့ လက်တင်အသင်းတော်က ပြောပါတယ်။ 

    မပစ်ခင် သတိပေးတာမျိုးမရှိသလို၊ စစ်နဲ့သက်ဆိုင်သူတွေ တစ်ဦးတစ်ယောက်မှမရှိတဲ့ ဘုရားကျောင်းထဲမှာ သွေးအေးအေးနဲ့ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြပါတယ်။ 

    ဘုရားကျောင်းထဲကသူတွေဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကို တားဆီးဖို့ ကြိုးစားခဲ့ကြပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

    “ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ခရစ်ယာန်လူ့အဖွဲ့အစည်းမှာ ခရစ္စမတ်ကာလအတွင်း ရည်ရွယ်လုပ်ဆောင်တဲ့ လူသတ်ပွဲဖြစ်ပါတယ်” လို့ အသတ်ခံရသူ ၂ ဦးရဲ့ မိသာစု၀င် ဟာမန်ဖာရာက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – အသတ်ခံခဲ့ရသည့် ခရစ်ယာန်အမျိုးသမီး ၂ ဦး)

  • ဟားမက်စ်ကဖမ်းထားသည့် အစ္စရေးအရပ်သားများကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့

    ဟားမက်စ်ကဖမ်းထားသည့် အစ္စရေးအရပ်သားများကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့

    ဒီဇင်ဘာ ၁၆၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ဂါဇာမြောက်ပိုင်းတွင်တွေ့ရသည့် အစ္စရေးစစ်သားများ)

    -အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲမှာ ဟားမက်စ်ရဲ့ ဓားစားခံ အစ္စရေးအရပ်သားတွေလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ 

    ဂါဇာမြောက်ပိုင်း ရှူဂျာယာဒေသမှာ အစ္စရေးမြေပြင်တပ်တွေရဲ့ တိုက်ခိုက်မှုအတွင်း ဟားမက်စ်ကဖမ်းထားတဲ့ အစ္စရေးအရပ်သား ၃ ဦး အသတ်ခံခဲ့ရတာပါ။ 

    အသက် ၂၈ နှစ်ရွယ် ယိုတမ်ဟိုင်၊ အသက် ၂၅ နှစ်အရွယ် ဆာမာရ် အလ် တာလာကာ၊ အသက် ၂၆ နှစ်အရွယ် အလွန် ရှမ်ရစ်တို့ ဖြစ်ပါတယ်။ 

    အစ္စရေးစစ်တပ်ကလည်း မြေပြင်တပ်တွေဟာ အန္တယ်ရာယ်ပေးနိုင်တယ်လို့ ယူဆတဲ့အတွက် ဒီ လူ ၃ ယောက်ကို ပစ်သတ်ခဲ့မိကြောင် ၀န်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

    သူတို့ ၃ ယောက်ဟာ ဟားမက်စ်လက်ကနေ ထွက်ပြေးလာတာ ဒါမှမဟုတ် ဟားမက်စ်က ထားခဲ့တာမျိုး ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒီအဖြစ်အပျက်ကိုကြည့်ရင် အစ္စရေးဟာ ဂါဇာမှာ မြင်မြင်သမျှလူတွေကို သတ်ဖြတ်နေတယ်ဆိုတာ တွေ့နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အောက်တိုဘာ ၇ က်နေ့ကစတင်ပြီး ဂါဇာမှာ ပြုလုပ်နေတဲ့ တိုက်ခိုက်မှုဟာ ဟားမက်စ်ကို အမြစ်ဖြတ်ရေး၊ ဓားစားခံတွေကို ကယ်ထုတ်ရေး ရည်ရွယ်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

    ၂ လကျော်အတွင်း ဂါဇာမှာ အစ္စရေးရဲ့သတ်ဖြတ်မှုကို ခံရသူ ပါလက်စတိုင်း အရေအတွက်ဟာ ၁၈၇၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေး၏ သတ်ဖြတ်မှုများကို တားဆီးရန် နိုင်ငံတကာတပ်လိုပြီဟု ကုလတာ၀န်ရှိသူပြော

    အစ္စရေး၏ သတ်ဖြတ်မှုများကို တားဆီးရန် နိုင်ငံတကာတပ်လိုပြီဟု ကုလတာ၀န်ရှိသူပြော

    ဒီဇင်ဘာ ၁၆၊ ၂၀၂၃

    M-Media 

    (ဓာတ်ပုံ – ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်)

    -အစ္စရေးက မတရားသိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ နိုင်ငံတကာ ကုလကာကွယ်ရေးတပ်တွေ ချထားဖို့အတွက် ပါလက်စတိုင်းပိုင်နက်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်စက်စကာ အလ်ဘန်နီစ်က တိုက်တွန်းဆော်သြလိုက်ပါတယ်။ 

    နာဇီရန်ကြောင့် အရှေ့ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့ပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့တာဖြစ်ပါတယ်။ 

    အဲဒီနောက်ပိုင်း ပါလက်စတိုင်းတွေအပေါ် နိုင်ငံသစ်အစ္စရေးက နည်းမျိုးနဲ့ ဖိနှိပ်သတ်ဖြတ်ခဲ့ပါတယ်။ 

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာလည်း ပြည်သူတွေကို အဓိက ပစ်မှတ်ထားခဲ့တာဖြစ်ပြီး သတ်ဖြတ်ခံရသူ ၁၉၀၀၀ နီးပါး ရှိလာပါပြီ။ 

    အစ္စရေးက ၅၆ နှစ်ကြာ စစ်တပ်နဲ့ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ ချထားရမယ်လို့ အထူးကိုယ်စားလှယ် အလ်ဘန်နီစ်က မနေ့က ဆိုရှယ်မီဒီယာပို့စ်မှာ ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ကို တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုဆောင်ရွက်ဖို့ ဂူးတာရက်စ်က ၂၀၁၈ ခုနှစ်မှာ အဆိုပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အလ်ဘန်နီစ်က အခုတစ်ကြိမ် ထပ်မံဆောင်ရွက်ဖို့ အလေးအနက်ထား တိုက်တွန်းတယ်လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။ 

    ၂၀၁၈ ခုနှစ် အဆိုပြုချက်မှာ အချက်လေးချက် ပါ၀င်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်မှာ ခိုင်မာတောင့်တင်းတဲ့ ကုလအဖွဲ့ ထားရှိရေး၊ လူ့အခွင့်အရေးစောင့်ကြည့်သူတွေ၊ နိုင်ငံရေးတာ၀န်ရှိသူတွေ ချထားရေး၊ အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ကုလစောင့်ကြည့်သူတွေ ချထားရေး၊ ပါလက်စတိုင်းအရပ်သားတွေကို ကာကွယ်ပေးနိုင်ရေးအတွက် ကုလငြိမ်းချမ်းရေးတပ် ဒါမှမဟုတ် ကုလရဲတပ်ဖွဲ့ ထားရှိရေးတွေဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အမေရိကန်သမ္မတကိုယ်တိုင် နှာခေါင်းရှုံ့လာတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲ

    အမေရိကန်သမ္မတကိုယ်တိုင် နှာခေါင်းရှုံ့လာတဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၃

    M-Media 


    -ဂါဇာမှာ အရပ်သား၊ ဟားမက်စ်မခွဲဘဲ ဗုံးကြဲတိုက်ခိုက်နေတဲ့ လုပ်ရပ်ကြောင့် အစ္စရေးဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ဆုံးရှုံးမယ့်အန္တရာယ် ရှိနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းဆောင်စဥ်နဲ့ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးရဲ့ ၂ လကျော်ကြာ တိုက်ခိုက်သတ်ဖြတ်မှုကို ဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရက အပြည့်အ၀ ထောက်ခံထားတာပါ။ 

    ဂါဇာမှာ အပစ်ရပ်ရေး ကုလရဲ့ မဲခွဲပွဲတွေမှာလည်း အမေရိကန်နဲ့ နိုင်ငံ ၂၀ လောက်သာ ကန့်ကွက်ပြီး တစ်ကမ္ဘာလုံးနီးပါးက ပါလက်စတိုင်းတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ 

    “အစ္စရေးရဲ့လုံခြုံရေးဟာ အမေရိကန်အပေါ်မှာ မှီခိုနေတယ်။ ဒါပေမယ့် အခုအခြေအနေက အမေရိကန်တင်မဟုတ်ဘူး၊ ဥရောပသမဂ္ဂ၊ ဥရောပနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတော်တော်များများအပေါ်မှာလည်း မှီခိုနေပါတယ်။ လက်ရှိလုပ်နေတဲ့ မြင်မြင်သမျှဗုံးကြဲမှုကြောင့် ထောက်ခံမှုတွေ ဆုံးရှုံးလာနိုင်ပါတယ်”

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူ ၁၈၀၀၀ ကျော်လာခဲ့ပြီး အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    ဂျူးအစွန်းရောက်တွေ ကြီးစိုးနေတဲ့ အစ္စရေးအစိုးရကိုလည်း ဘိုင်ဒန်က ၀ေဖန်ခဲ့ပါတယ်။ 

    “အစ္စရေးသမိုင်းမှာ လက်ရှိအစိုးရဟာ ရှေးရိုးအစွဲဆုံး အစိုးရဖြစ်ပါတယ်။ သူ့(နေတန်ယာဟု) အနေနဲ့ ဒီအစိုးရကို ပြောင်းလဲပစ်ရမယ်။ ဒီအစိုးရဟာ အခြေအနေတွေကို ခက်ခဲအောင် လုပ်ဆောင်နေပါတယ်။

    ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အစ္စရေးက လက်မခံလို့မရဘူးလို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera