News @ M-Media

Tag: Palestine

  • တရားမ၀င်ဂျူးများ၏ အကြမ်းဖက်မှုကို တားဆီးရန် အစ္စရေးအား အမေရိကန်တိုက်တွန်း

    တရားမ၀င်ဂျူးများ၏ အကြမ်းဖက်မှုကို တားဆီးရန် အစ္စရေးအား အမေရိကန်တိုက်တွန်း

    နို၀င်ဘာ ၁၇၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက်တွင် လက်နက်များနှင့်အတူ တွေ့ရသည့် တရားမ၀င်အခြေချ ဂျူးများ)

    -ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းမှာ တရားမ၀င် အခြေချနေထိုင်နေတဲ့ ဂျူးတွေရဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ရေး ဆောင်ရွက်ဖို့ အစ္စရေးကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။ 

    အစ္စရေး စစ်ကောင်စီအဖွဲ့၀င်တစ်ဦးဖြစ်တဲ့ ဘန်နီဂန့်ဇ်နဲ့ မနေ့က ဖုန်းပြောဆိုမှုအတွင်း တရားမ၀င်ဂျူးတွေတဲ့ အကြမ်းဖက်မှု အပါအ၀င် အနောက်ဖက်ကမ်းမှာ မြင့်တက်လာတဲ့ တင်းမာမှုတွေကို လျှော့ချရေး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ချက်ခြင်း လိုအပ်နေတဲ့အကြောင်း အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

    ဟားမက်စ်ရဲ့ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက တိုက်ခိုက်သတ်ဖြတ်နေတဲ့အချိန် အနောက်ဖက်ကမ်းမှာလည်း ပါလက်စတိုင်းတွေ သတ်ဖြတ်ခံရမှု တိုးလာပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့မတိုင်ခင်က အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ တရားမ၀င်ဂျူးတွေရဲ့ တိုက်ခိုက်မှုဟာ ပျမ်းမျှ တစ်ရက်ကို ၃ ခု ရှိနေရာကနေ၊ နောက်ပိုင်းမှာ တစ်ရက်ကို ၇ ခုအထိ မြင့်တက်လာခဲ့ပါတယ်။ 

    ပါလက်စတိုင်းတွေရဲ့ နယ်မြေကို တရားမ၀င်ဂျူးတွေက အကြမ်းဖက် သိမ်းယူမှုတွေလည်း မြင့်တက်လာပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့နဲ့ တရားမ၀င်ဂျူးတွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ရာနဲ့ချီ ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာတွင် ဗလီ ၆၀ ကျော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထား

    ဂါဇာတွင် ဗလီ ၆၀ ကျော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထား

    နို၀င်ဘာ ၁၃၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ- အစ္စရေးက အကြမ်းဖက်ဖျက်ဆီးထားသည့် ဗလီ၀တ်ကျောင်းတော်တစ်လုံး)

    -အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြှောင်ကို ကျူးကျော်တိုက်ခိုက်မှုမှာ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ 

    မနေ့က ဂါဇာစီးတီးမှာရှိတဲ့ အလ်-ဆလမ် ဗလီ၀တ်ကျောင်းတော်ကို အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ တစ်လကျော်အတွင်း အစ္စရေးဖျက်ဆီးခဲ့တဲ့ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ရာမှာ ပါလက်စတိုင်း ပြည်သူလူထုအပေါ် အဓိက အကြမ်းဖက်နေတာ ဖြစ်ပါတယ်။ 

    လူနေအိမ်၊ ဆေးရုံတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေ၊ ဒုက္ခသည်စခန်း၊ အကူအညီပေးရေး ယာဥ်မကျန် အစ္စရေးက တိုက်ခိုက်နေတာပါ။ 

    အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦး သေဆုံးပြီး အများစုက ကလေးငယ်နဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေး၏ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ဂါဇာရှိ အဓိက ဆေးရုံနှစ်ခု ရပ်တန့်

    အစ္စရေး၏ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ဂါဇာရှိ အဓိက ဆေးရုံနှစ်ခု ရပ်တန့်

    နို၀င်ဘာ ၁၃၊ ၂၀၂၃

    M-Media  


    (ဓာတ်ပုံ- အလ်ရှီဖာဆေးရုံမြင်ကွင်း)

    -အစ္စရေးက ပိတ်ဆို့မှုတွေနဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဂါဇာကမ်းမြှောင်က အဓိက ဆေးရုံနှစ်ခုဟာ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ 

    အလ်ရှီဖာနဲ့ အလ်ကွဒ်စ်တို့ဖြစ်ပြီး ဂါဇာကမ်းမြှောင်က အကြီးဆုံး ဆေးရုံတွေပါ။ 

    အစ္စရေးက ဂါဇာကမ်းမြှောင်ကို အစာဖြတ်၊ ရေဖြတ်၊ လောင်စာဖြတ်၊ မီးဖြတ်စနစ် လုပ်ဆောင်ထားတာကြောင့် ဆေးရုံတွေ မလည်ပတ်နိုင်တော့တာဖြစ်ပါတယ်။ 

    ဆေးရုံကို တင့်ကားတွေ စနိုက်ပါတွေနဲ့ ၀ိုင်းထားပြီး တိုက်ခိုက်သတ်ဖြတ်မှုတွေကိုလည် အစ္စရေးက တိုးမြှင့် လုပ်ဆောင်နေပါတယ်။ 

    ဆေးရုံက လူနာတွေ၊ ၀န်ထမ်းတွေနဲ့ စစ်ဘေးရှောင်တွေဟာ လျှပ်စစ်မီး၊ ရေနဲ့ ထွက်ပြေးနိုင်မယ့် လမ်းကြောင်းတွေ လိုအပ်နေတယ်လို့ အလ်ရှီဖာဆေးရုံက ဆရာ၀န် နီဒါလ် အဘူ ဟဒ်ရက်ဇ်က ပြောပါတယ်။ 

    “ဒီလို အကြာကြီးဖြစ်နေလို့ မရပါဘူး။ ၀န်ထမ်းတွေနဲ့ လူနာတွေကို ချက်ခြင်းကယ်ထုတ်ဖို့ လိုအပ်ပါတယ်” 

    အလ်ရှီဖာဆေးရုံကို အစ္စရေးက အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း သူနာပြု ၃ ဦး သေဆုံးခဲ့ပါတယ်။ 

    ဂါဇာမြောက်ပိုင်းက ကမာလ် အဒ်၀မ် ဆေးရုံလည်း မီးစက်နှိုးစရာ ဆီမရှိတော့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ 

    ဂါဇာကမ်းမြှောင်မှာ ဆေးရုံ ၃၅ လုံးရှိပြီး အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ထက်၀က်ကျော်လောက် ပျက်ဆီးခဲ့ပါတယ်။ 

    တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦးကို အစ္စရေးက သတ်ဖြတ်ထားပြီး ထက်၀က်နီးပါးဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးသံအမတ်ကို မောင်းထုတ်ရန် အိုင်ယာလန် စီစဥ်နေ

    အစ္စရေးသံအမတ်ကို မောင်းထုတ်ရန် အိုင်ယာလန် စီစဥ်နေ

    နို၀င်ဘာ ၁၂၊ ၂၀၂၃


    M-Media 

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ အစ္စရေးသံအမတ်ကို မောင်းထုတ်ဖို့ အိုင်ယာလန်နိုင်ငံက စီစဥ်နေပါတယ်။ 

    သံအမတ် ဒါနာ အာရ်လစ်ချ်ကို တိုင်းပြည်ကနေ မောင်းထုတ်ရေးအတွက် လက်၀ဲယိမ်း ဆိုရှယ်ဒီမိုကရက် အမတ်တွေက လာမယ့် ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်အတွင်း အဆိုတင်သွင်း မဲခွဲမှာ ဖြစ်ပါတယ်။ 

    အရပ်သားတွေ၊ ဂျာနယ်လစ်တွေ၊ ကုလ၀န်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေကို တမင်သက်သက် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အခုလို မောင်းထုတ်ဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုရှယ်ဒီမိုကရက်အမတ်တွေက ပြောပါတယ်။ 

    လွှတ်တော်အတွင်းက လက်၀ဲနိုင်ငံရေးပါတီတွေ၊ လွှတ်တော်က အကြီးဆုံးပါတီ Sinn Fein၊ လက်ယာပါတီ Fianna Fail တို့ကလည်း အစ္စရေးသံအမတ်ကို မောင်းထုတ်ရေး ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဗြိတိန်ထံကနေ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ သမိုင်းရှိတဲ့ အိုင်ယာလန်နိုင်ငံဟာ ပါလက်စတိုင်းလွတ်မြောက်ရေးကို အပြည့်အ၀ ထောက်ခံတဲ့နိုင်ငံဖြစ်ပြီး အခြားဥရောပနိုင်ငံတွေနဲ့မတူဘဲ အစ္စရေးနဲ့ ဆက်ဆံရေး အဖုအထစ်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးကို ဆန့်ကျင်ရှုတ်ချမှုကလွဲ၍ ဘာမှ မတတ်နိုင်သည့် အာရပ်နိုင်ငံများ

    အစ္စရေးကို ဆန့်ကျင်ရှုတ်ချမှုကလွဲ၍ ဘာမှ မတတ်နိုင်သည့် အာရပ်နိုင်ငံများ

    နို၀င်ဘာ ၁၂၊ ၂၀၂၃

    M-Media 


    -ဂါဇာက တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုလို့ အစ္စရေးရဲ့ ပြောဆိုမှုကို လက်မခံဘူးလို့ အာရပ်နိုင်ငံတွေက ပြောကြားလိုက်ပါတယ်။ 

    အာရပ်နဲ့ အခြား အစ္စလာမ့်မစ် နိုင်ငံတွေဟာ နို၀င်ဘာ ၁၁ ရက်နေ့က ဆော်ဒီအာရေဗျမှာ ထိပ်သီးအစည်းအ၀ေးတစ်ခု ကျင်းပကာ ဂါဇာကမ်းမြှောင်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ 

    ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက်ပြီး၊ လူမဆန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ အစည်းအ၀ေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးက ဂါဇာကို ပိတ်ဆို့ထားမှု အဆုံးသတ်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ခွင့်ပေးရေး၊ အစ္စရေးကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး အစည်းအ၀ေးမှာ တောင်းဆိုခဲ့သလို၊ ဂါဇာမှာ အစ္စရေးရဲ့ ကျူးကျော်သတ်ဖြတ်မှုတွေကို တားဆီးရေးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာနိုင်ရေး ကုလလုံခြုံရေးကောင်စီက ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

    အစည်းအ၀ေးကို အာရပ် ၂၂ နိုင်ငံနဲ့ အိုအိုင်စီအဖွဲ့၀င်နိုင်ငံတစ်ချို့ တက်ရောက်ခဲ့ကြပါတယ်။ 

    Ref: Aljazeera