News @ M-Media

Tag: Palestine

  • အစ္စရေး၏ ဂါဇာလူသတ်ပွဲတွင် သေဆုံးသူ တစ်သောင်းကျော်ပြီ

    အစ္စရေး၏ ဂါဇာလူသတ်ပွဲတွင် သေဆုံးသူ တစ်သောင်းကျော်ပြီ

    နို၀င်ဘာ ၆၊ ၂၀၂၃

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြှောင် တိုက်ခိုက်သတ်ဖြတ်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ တစ်သောင်းကျော်လာပြီ ဖြစ်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်လို့ အစ္စရေးက ခေါင်းစဥ်တပ်ထားပေမယ့် ဂါဇာပြည်သူတွေကို အဓိက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

    လူနေအိမ်တွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဒုက္ခသည်စခန်း၊ စစ်ရှောင်စခန်း စတဲ့ အရပ်သားနေရာတွေကို အစ္စရေးက တိုက်ခိုက်နေပြီး သေဆုံးသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    နို၀င်ဘာ ၅ ရက်နေ့အထိ ဂါဇာမှာ သေဆုံးသူ အရေအတွက် ၁၀၀၂၂ ဦးရှိပြီး၊ အဲဒီအထဲက ၄၁၀၄ ဦးဟာ ကလေးငယ်တွေပါ။ တိုက်ခိုက်မှုကြောင့် ပျက်ဆီး ပြိုကျသွားတဲ့ အဆောက်အဦးအောက်မှာ ပိတ်မိနေသူတွေ ရှိတာကြောင့် သေဆုံးသူအရေအတွက် ပိုမို များပြားလာနိုင်ပါတယ်။ 

    အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူဟာ ၂၅၀၀ ကျော်လာပြီး၊ လူဦးရေ ၂ သန်းသာရှိတဲ့ ဂါဇာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် ၁ ဒဿမ ၅ သန်းကျော် ရှိနေပါတယ်။

    Ref: Aljazeera 

  • ဂါဇာရှိ မဂ်ဟာဇီ ဒုက္ခသည်စခန်းကို အစ္စရေးက ဗုံးကြဲ

    ဂါဇာရှိ မဂ်ဟာဇီ ဒုက္ခသည်စခန်းကို အစ္စရေးက ဗုံးကြဲ

    နို၀င်ဘာ ၅၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်က မဂ်ဟာဇီ ဒုက္ခသည်စခန်းကို အစ္စရေးက စနေနေ့ညမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၃၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ 

    သေဆုံး ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    အစ္စရေးဟာ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်တွေ ခိုလှုံရာနေရာတွေကို အဓိက တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

    အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ဂျဘာလီယာကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း အနည်းဆုံး ၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး ၂၀၀ နီးပါသေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ဂါဇာမှာ ပါလက်စတိုင်း ဒုက္ခသည်စခန်း အများအပြား ရှိနေပါတယ်။ ၁၉၄၈ ခုနှစ် ဂျူးအစွန်းရောက် စစ်သွေးကြွအဖွဲ့တွေက ပါလက််စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ် နယ်မြေလုကာ အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေဟာ အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာကို အရင်ကလည်း အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ သတ်ဖြတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ တစ်သောင်းနီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေးဆိုင်ရာ သံအမတ်ကို တူရကီ ပြန်လည်ခေါ်ယူ

    အစ္စရေးဆိုင်ရာ သံအမတ်ကို တူရကီ ပြန်လည်ခေါ်ယူ

    အောက်တိုဘာ ၅၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း ပြည်သူတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ တူရကီက အစ္စရေးဆိုင်ရာ သူတို့ရဲ့ သံအမတ်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးက ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ သေဆုံးသူ တစ်သောင်းနီးပါး ရှိလာပြီး ၃၉၀၀ က ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    တူရကီနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ အစ္စရေးက အရပ်သားတွေအပေါ် တိုက်ခိုက်နေမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖြစ်ဆိုးတွေ၊ အစ္စရေးက အပစ်ရပ်ရေး ငြင်းဆန်မှုတွေကို ပြန်လည်သုံးသပ်သွားဖို့အတွက် အစ္စရေးဆိုင်ရာ တူရကီသံအမတ် ဆာကီရ် အိုဇ်ကန် တိုရွန်လာကို ပြန်လည်ခေါ်ယူခဲ့တာလို့ ဖော်ပြထားပါတယ်။

    တူရကီခေါင်းဆောင်ပိုင်းဟာ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက် သတ်ဖြတ်မှုတွေအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြင်းပြင်းထန်ထန် ၀ေဖန်လာခဲ့တာဖြစ်ပါတယ်။ 

    သမ္မတအာဒိုဂန်က အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ကြောင်း သောကြာနေ့မှာ ပြောကြားခဲ့ပြီး နေတန်ယာဟုဟာ ဆွေးနွေးပြောဆိုလို့ ရသူမဟုတ်သူလို့ ၀ေဖန်ခဲ့ပါတယ်။ 

    နိုင်ငံတကာက လက်ခံသတ်မှတ်ထားတဲ့ နယ်နမိတ်အတိုင်း အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်တဲ့ ငြိမ်းချမ်းတဲ့ ပါလက်စတိုင်းနိုင်ငံကို တူရကီက မြင်ချင်တယ်လို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို အစ္စရေးက ဗုံးကြဲ

    စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို အစ္စရေးက ဗုံးကြဲ

    နို၀င်ဘာ ၄၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – စစ်ရှောင်များခိုလှုံရာ ကုလ စာသင်ကျောင်းတစ်ခု)

    -ဂါဇာမြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းက အလ် ဖက္ကဟူရာ စာသင်ကျောင်းကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။ 

    စာသင်ကျောင်းကို ကုလသမဂ္ဂက စီမံနေတာဖြစ်ပြီး စစ်ရှောင်တွေ အဓိက ခိုလှုံရာနေရာပါ။ တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    “အမျိုးသမီးတွေနဲ့ ကလေးတွေ စာသင်ကျောင်း ရင်ပြင်မှာ ထိုင်နေတဲ့အချိန် ပစ်ခံလိုက်ရတာပါ။ သေဆုံးသူတွေဟာ အရိုး၊ အသား တစ်စစီဖြစ်သွားပြီး ပလက်စတစ်အိတ်နဲ့ လိုက်ကောက်ထည့်ခဲ့ ရပါတယ်”လို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အလ်ကွဒ်ရာက ပြောပါတယ်။ 

    သောကြာနေ့တစ်ရက်တည်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၂၃၁ ဦး သေဆုံးခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်း ဂါဖာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူ စုစုပေါင်း ၉၄၈၈ ဦး ရှိလာပြီ ဖြစ်ပါတယ်။ 

    အဲဒီအထဲက ၃၉၀၀ ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • လူနာတင်ယာဥ်တန်းကို ဒုံးကျည်နဲ့ပစ်ကာ စစ်ရာဇ၀တ်မှု ထပ်ကျူးလွန်လိုက်တဲ့ အစ္စရေး

    လူနာတင်ယာဥ်တန်းကို ဒုံးကျည်နဲ့ပစ်ကာ စစ်ရာဇ၀တ်မှု ထပ်ကျူးလွန်လိုက်တဲ့ အစ္စရေး

    နို၀င်ဘာ ၄၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင် အလ်ရှီဖာ ဆေးရုံအနီးမှာ လူနာတင်ယာဥ်တန်းကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၅ ဦးသေဆုံးကာ ၆၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

    တိုက်ခိိုက်မှုဟာ သောကြာနေ့မှာ ဖြစ်ပွားခဲ့တာပါ။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရနေတဲ့သူတွေ အီဂျစ်မှာ ဆေးကုဖို့ အလ်ရှီဖာ ဆေးရုံကနေ ရာဖာနယ်ခြားကို သွားပို့မယ့် လူနာတင်ကား ယာဥ်တန်းကို အစ္စရေးက ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ 

    ကြက်ခြေနီ၊ လခြမ်းနီအဖွဲ့နဲ့ ကမ္ဘာကြီးကို အသိပေးလိုတာက လူနာတင်ယာဥ်တန်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေဟာ လူနာတင်ယာဥ်မှာ တန်းစီထိုင်နေကြသူတွေပါ။ ဒီယာဥ်တန်းဟာ ဆေးဖက်ဆိုင်ရာယာဥ်တန်းဖြစ်ပါတယ် လို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အလ်ကွဒ်ရာက ပြောပါတယ်။

    ပါလက်စတိုင်း လခြမ်းနီအဖွဲ့ကလည်း အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ 

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီအကဲ တက်ဒရို အဒ်ဟာနွမ်က ဒဏ်ရာရသူတွေကို ကယ်ထုတ်တဲ့ လူနာတင်ယာဥ်တန်းကို တိုက်ခိုက်တယ်ဆိုတဲ့သတင်းကြောင့် အလွန်အမင်း တုန်လှုပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    လူနာတွေ၊ ကျန်းမာရေး၀န်ထမ်းတွေ၊ ကျန်းမာရေးအဆောက်အအုံတွေ၊ ဆေးရုံကားတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကာကွယ်ပေးရမယ်ဆိုတာ ထပ်လောင်းပြောကြားလိုပါတယ် 

    အလ်ရှီဖာဆေးရုံဟာ သတ်မှတ်ပမာဏထပ်ပိုပြီး လူနာတွေကို လက်ခံကုသပေးနေရတဲ့ ဆေးရုံပါ။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေကိုလည်း ဆေးရုံမှာ လက်ခံထားရပါတယ်။ 

    အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ လောင်စာမရှိမှုတွေကြောင့် ဂါဇာက ဆေးရုံ ၁၆ ခု မလည်ပတ်နိုင်တော့ဘူးလို့ WHO က ပြောပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်ဟာ ၉၂၀၀ ကျော်လာခဲ့ပြီး ဒဏ်ရာရသူက ၃၂၀၀၀ ကျော် ရှိနေပါတယ်။ 

    Ref: Aljazeera