News @ M-Media

Tag: Palestine

  • အစ္စရေးရန်ကြောင့် ဆေး၀ါးပစ္စည်းများ နေရာရွှေ့လိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

    အစ္စရေးရန်ကြောင့် ဆေး၀ါးပစ္စည်းများ နေရာရွှေ့လိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

    ဒီဇင်ဘာ ၆၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ တိုက်ခိုက်ဖျက်ဆီးမှုကို ခံထားရသည့် ဂါဇာမှ ဆေးရုံတစ်ခု)

    -ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ဂါဇာမှာရှိတဲ့ သူတို့ရဲ့ ဆေး၀ါးပစ္စည်းဂိုထောင်ကို အစ္စရေးရန်ကြောင့် တစ်ခြားနေရာကို ရွှေ့လိုက်ရပါတယ်။ 

    ခန်ယူနစ်မြို့မှာရှိတဲ့ အဲဒီဆေး၀ါးဂိုထောင်ကို မရွှေ့ရင် ဖျက်ဆီးပစ်မယ်လို့ အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ 

    ဒီဂိုထောင်ဟာ ဂါဇာတောင်ပိုင်းက ဆေးရုံတွေကို ဆေး၀ါးပစ္စည်း ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ 

    ခန်ယူနစ်ထက်ပိုသေးတဲ့ ရာဖာမြို့ရွှေ့ခဲ့တာဖြစ်ပြီး အစ္စရေးရန်ကြောင့် အလျင်အမြန်လုပ်ဆောင်ခဲ့ရတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်လို့ WHO က ထုတ်ပြန်ပါတယ်။ 

    ဒီလိုရွှေ့ပြောင်းမှုကြောင့် နယ်စည်းမခြား ဆရာ၀န်များအဖွဲ့နဲ့ ကုလရဲ့ ဆေးခန်းတွေကို ဆေး၀ါးပစ္စည်း အချိန်မီ မပို့ပေးနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ 

    “ဒီလိုရွှေ့ပြောင်းရမှုကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ပြီး တိုက်ခိုက်မှုတွေဖြစ်ပွားကာ၊ ၀န်ထမ်းမလုံမလောက် ဖြစ်နေတဲ့အချိန် ဂါဇာက ဆေးရုံတွေထံ ဆေး၀ါးပစ္စည်းတွေ ပေးအပ်နိုင်ရေး စိန်ခေါ်မှုတွေ ဆက်ရှိနေပါတယ်” လို့ WHO အကြီးအကဲ တက်ဒ်ရို့စ် အဒါနွမ်က ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဂျီနိုဆိုက်ကျူးလွန်နေသည့် အစ္စရေးဟု ကာတာ ၀ေဖန်

    ဂျီနိုဆိုက်ကျူးလွန်နေသည့် အစ္စရေးဟု ကာတာ ၀ေဖန်

    ဒီဇင်ဘာ ၅၊ ၂၀၂၃

    M-Media 


    -ဒီကနေ့ စတင်ကျင်းပတဲ့ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ GCC အစည်းအ၀ေးမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက အစ္စရေးကို ပြင်းပြင်းထန်ထန် ၀ေဖန်ပြောဆိုလိုက်ပါတယ်။ 

    အစည်းအ၀ေး အဖွင့်မိန့်ခွန်းမှာ အလ်သာနီက အစ္စရေးဟာ နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှု တန်ဖိုးတွေ၊ ကျင့်၀တ်တွေအားလုံးကို ချိုးဖောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

    “အပြစ်မဲ့၊ လက်နက်မဲ့ အရပ်သားတွေကို အစီစဥ်ချပြီး၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတဲ့ အစ္စရေးရဲ့ စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ခွင့်ပြုနေတာဟာ ဂုဏ်သိက္ခာမဲ့ရာ ကြပါတယ်။ အစ္စရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်ပါတယ်” 

    ပါလက်စတိုင်းတွေကိုတော့ အလ်သာနီက ချီးကျူးပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ တရားသော ကြိုးပမ်းမှုအပေါ် မမှိတ်မသုန် ရပ်တည်နေနိုင်တာကို ချီးကျူးရမှာဖြစ်ပြီး၊ ရေရှည်တည်တံ့မယ့် ပြည့်၀တဲ့ အပစ်ရပ်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ကာတာခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    GCC အစည်းအ၀ေးကို ပင်လယ်ကွေ့နိုင်ငံက ခေါင်းဆောင်တွေအပြင် တူရကီသမ္မတ အာဒိုဂန်လည်း တက်ရောက်နေပါတယ်။  

    Ref: Aljazeera 

  • ဂါဇာတွင် ဂျာနယ်လစ် ၆၃ ဦးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဂါဇာတွင် ဂျာနယ်လစ် ၆၃ ဦးကို သတ်ဖြတ်ထားသည့် အစ္စရေး

    ဒီဇင်ဘာ ၅၊ ၂၀၂၃


    M-Media 

    -အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ဂျာနယ်လစ်ဟာ စုစုပေါင်း ၆၃ ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

    ပါလက်စတိုင်းဂျာနယ်လစ် ၅၆ ဦး၊ အစ္စရေး ဂျာနယ်လစ် ၄ ဦးနဲ့ လက်ဘနွန်ဂျာနယ်လစ် ၃ ဦးတို့ ဖြစ်ပါတယ်။ 

    နောက်ဆုံး အသတ်ခံရတဲ့ ဂျာနယ်လစ်တွေက Al-Quds TV က ဟာဆန် ဖာဂျာရက်လာ၊ Al-Majedat မီဒီယာက ရှီမာ အလ်ဂါဇာတို့ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ အသတ်ခံခဲ့ရတာပါ။ 

    ရှီမာအလ်ဂါဇာနဲ့ သူမရဲ့ မိသာစုတစ်ခုလုံးကို အစ္စရေးက သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

    ဂျာနယ်လစ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Committee to Protect Journalists က အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချပြောဆိုခဲ့ပါတယ်။ 

    “နာကျင်၀မ်းနည်းဖွယ်ကောင်းတဲ့ ဒီပဋိပက္ခမှာ ဒေသတွင်း ဂျာနယ်လစ်တွေဟာ စွန့်လွှတ်စွန့်စားပြီး သတင်းယူ ဖော်ပြနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ဂါဇာက ဂျာနယ်လစ်တွေဟာ အသက်တွေ စတေးခဲ့ကြ၊ ဆက်လက် စတေးနေကြရကာ၊ မကြုံစဖူး သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုတွေကိုလည်း ခံနေကြရပါတယ်”

    Ref: Aljazeera 

  • ဂါဇာတွင် ၂၄ နာရီအတွင်း လူ ၁၈၀ ကျော် အသတ်ခံရ

    ဂါဇာတွင် ၂၄ နာရီအတွင်း လူ ၁၈၀ ကျော် အသတ်ခံရ

    ဒီဇင်ဘာ ၂၊ ၂၀၂၃

    M-Media 


    -ဂါဇာတောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးရဲ့ တိုက်ခိုက်တိုက်သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၈၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

    ဂါဇာမှာ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၅၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ဟားမက်စ်ကို ပစ်မှတ်ထားတယ်လို့ ပြောပေမယ့် သေဆုံးသူအများစုဟာ အပြစ်မဲ့ အရပ်သားတွေ ဖြစ်ပါတယ်။ 

    ၇ ရက်တာ အပစ်ရပ်ရေး အဆုံးသတ်သွားတဲ့ သောကြာနေမနက်ပိုင်းကစလို့ အစ္စရေးဟာ ဂါဇာမှာ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

    အထူးသဖြင့် အီဂျစ်နဲ့ ကပ်နေတဲ့ တောင်ပိုင်းကို အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ လုပ်မယ့်အတွက် ပါလက်စတိုင်းတွေ တောင်ဖက်ကိုရွှေ့ဖို့ အစ္စရေးက အစောပိုင်းမှာ အမိန့်ထုတ်ခဲ့ပြီး အခု တောင်ပိုင်းမှာ လူတွေစုလာတဲ့အချိန် တိုက်ခိုက်မှု လုပ်တာ ဖြစ်ပါတယ်။ 

    လက်ရှိအချိန်မှာလည်း အစ္စရေးက ဂါဇာပြည်သူတွေကို တောင်ဘက်အစွန်းပိုင်းကို ထပ်မံရွှေ့ခိုင်းနေပါတယ်။ 

    Ref: Aljazeera

  • ပါလက်စတိုင်းပြည်သူများအား အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုအကြောင်း စပိန်က ထုတ်ပြောလာ

    ပါလက်စတိုင်းပြည်သူများအား အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုအကြောင်း စပိန်က ထုတ်ပြောလာ

    ဒီဇင်ဘာ ၁၊ ၂၀၂၃

    M-Media



    -အစ္စရေးဟာ မိမိတို့မိတ်ဖက် ဖြစ်နေပေမယ့်လည်း ဂါဇာမှာ အရပ်သားတွေအပေါ် အစုလိုအပြုံလိုက် သတ်ဖြတ်နေတာကို မိမိတို့ လက်သင့်မခံနိုင်ဘူးလို့ စပိန်၀န်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြောပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်တွေကို အစ္စရေးက သတ်ဖြတ်လာတာ ၂ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ 

    စုစုပေါင်း အသတ်ခံရသူ ၁၅၀၀၀ ကျော် ရှိလာခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    အစ္စရေးရဲ့ ဒီလို အကြမ်းဖက်မှုကို မိတ်ဖက်နိုင်ငံတစ်ခုဖြစ်တဲ့ စပိန်က ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ လူသိရှင်ကြား ထုတ်ဖော်ကန့်ကွက်လာပါတယ်။ 

    အစ္စရေးစစ်ရုံး တာ၀န်ရှိသူတစ်ဦးနဲ့ ဒီကနေ့ ဖုန်းပြောဆိုမှုအတွင်း ဒီသဘောထားကို ထည့်ပြောခဲ့တယ်လို့ ဆန်းချက်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    “အကြမ်းဖက်တိုက်ခိုက်မှုအတွက် အစ္စရေးမှာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဂါဇာမှာ အရပ်သားတွေ သေဆုံးတာကိုတော့ စပိန်က လက်သင့်မခံပါဘူး။ အစ္စရေးဟာ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ လိုပါတယ်” 

    ကြာသာပတေးနေ့က အင်တာဗျူးတစ်ခုမှာလည်း ဆန်းချက်ဇ်က ဂါဇာမှာ သေဆုံးမှုအရေအတွက် အလွန်မြင့်မားတာကြောင့် အစ္စရေးဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာရဲ့လားဆိုတာ သံသယဖြစ်စရာ ကောင်းနေတယ်လို့ ဖြေကြားခဲ့ပါတယ်။ 

    ဒီမှတ်ချက်ကြောင့် အစ္စရေးက စပိန်သံအမတ်ကို ဆင့်ခေါ်ကာ မကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera