News @ M-Media

Tag: Palestine

  • ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတဲ့ တောင်အမေရိက နိုင်ငံများ

    ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတဲ့ တောင်အမေရိက နိုင်ငံများ

    နို၀င်ဘာ ၁၊ ၂၀၂၃

    M-Media 


    -ဟားမက်စ်ကိုပစ်မှတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အစ္စရေးကို လက်တင်အမေရိက နိုင်ငံတွေက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရှုတ်ချလာပါတယ်။ 

    အစ္စရေးဟာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်နေတာလို့လည်း ၀ေဖန်ခဲ့ပါတယ်။ 

    ဘိုလီဗီယားနိုင်ငံဟာ အခုသီတင်းပတ်အတွင်း အစ္စရေးနဲ့ သံအဆက်အသွယ် ဖြတ်တောက်ကြောင်း ကြေငြာခဲ့ပြီး ကုလဆိုင်ရာ ဘိုလီဗီးယားသံအမတ် ဒီယေဂို ပါရီက အင်္ဂါနေ့ ကုလအစည်းအ၀ေးမှာ သူတို့ရဲ့ ရပ်တည်ချက်ကို ထပ်ပြောခဲ့ပါတယ်။ 

    “ပါလက်စတိုင်းလွတ်မြောက်ရေးဟာ ပါလက်စတိုင်းပြည်သူတွေအတွက်ပဲမဟုတ်ပါဘူး။ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကမ္ဘာကြီးကို မေးခွန်းထုတ်တာဖြစ်ပါတယ်။ (ပါလက်စတိုင်းပြည်သူတွေကို) ထပ်ပြောချင်တာက ခင်ဗျားတို့ကို ပစ်မထားပါဘူး။ ဘိုလီဗီယားနဲ့ ကမ္ဘာ့လူထုဟာ ခင်ဗျားတို့နဲ့အတူ ရပ်တည်နေပါတယ်”

    ကိုလံဘီယာနိုင်ငံကလည်း အစ္စရေးဆိုင်ရာ သူတို့ရဲ့ သံအမတ်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြန်ခေါ်ခဲ့ပါတယ်။ 

    “ပါလက်စတိုင်းတွေအပေါ် အစုလိုအပြုံလိုက် သတ်ဖြတ်မှုကို အစ္စရေးက မရပ်တန့်သ၍ ငါတို့လည်း အစ္စရေးမှာ ရှိနေလို့ မရဘူး” လို့ သမ္မတ ဂူစတာဗို ပက်ထရိုက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ် 

    ဂါဇာကမ်းမြှောင်မှာ အစ္စရေးက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာကို တွေ့ရတဲ့အတွက် အစ္စရေးဆိုင်ရာ သံအမတ် ဂျော်ဂျီ ကာဗာဂျယ်ကို ပြန်ခေါ်သွားမယ်လို့ ချီလီသမ္မတ ဂါဘရီယဲလ် ဘောရစ်က အောက်တိုဘာ ၃၁ ရက်နေ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    “အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ပါလက်စတိုင်းပြည်သူ တစ်ခုလုံးအပေါ် အစုလိုအပြုံလိုက် ပြစ်ဒဏ်ပေးသလို ဖြစ်နေပါတယ်” 

    Ref: Aljazeera 

  • ဂါဇာရှိ ဒုက္ခသည်စခန်းများကို အစ္စရေးက ဗုံးထပ်ကြဲ

    ဂါဇာရှိ ဒုက္ခသည်စခန်းများကို အစ္စရေးက ဗုံးထပ်ကြဲ

    နို၀င်ဘာ ၁၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်က ဂျာဘာလီယာ၊ အလ်ရှာတီနဲ့ နူစီရတ် ဒုက္ခသည်စခန်းတွေကို အစ္စရေးက အောက်တိုဘာ ၃၁ ရက်နေ့မှာ ဗုံးထပ်ကြဲခဲ့ပြီး အနည်းဆုံး လူ ၅၀ လောက် သေဆုံးသွားပါတယ်။ 

    ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေက ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ အစ္စရေးနိုင်ငံ ထူထောင်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေ ဒီဒုက္ခသည်စခန်းမှာ နေထိုင်နေတာဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ ဂါဇာကို တိုက်ခိုက်မှုမှာ ဒုက္ခသည်စခန်းတွေဟာ အကြိမ်ကြိမ် ပစ်မှတ်ထားခံခဲ့ရတာပါ။ 

    မနေ့က ဂျာဘာလီယာ ဒုက္ခသည်စခန်းကို တိုက်ခိုက်မှုကြောင့် လူ ၅၀ လောက် သေဆုံးခဲ့ပြီး၊ နေအိမ်အများအပြားလည်း ပြိုကျ ပျက်ဆီးသွားပါတယ်။ အပျက်အဆီးတွေအကြား ပိတ်မိနေသူတွေလည်း ရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ကျန်းမာရေး တာ၀န်ရှိသူတွေက ပြောပါတယ်။

    တိုက်ခိုက်မှုအတွင်းဒဏ်ရာရသူက ၄၀၀ လောက် ရှိပါတယ်။ 

    နိုင်ငံတကာအသိုင်းအ၀ိုင်းက အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုမို ၀ေဖန်လာကြပါတယ်။  

    “(ဂျာဘာလီယာ ဒုက္ခသည်စခန်းကို) တိုက်ခိုက်မှုဟာ နောက်ထပ် စိတ်ပျက်စရာတစ်ခုဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေ နိုးထရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေကို လိုက်နာပါဆိုတဲ့ သူတို့ရဲ့ ၀တ်ကျေတန်းကျေ ပြောကြားမှုကို အစ္စရေးက လုံး၀ ဂရုမစိုက်တဲ့အပြင် မြင်မြင်သမျှ တိုက်ခိုက်သတ်ဖြတ်တဲ့ ရက်စက်ယုတ်မာမှုတွေကိုသာ ပိုလုပ်လာပါတယ်” လို့ အကျိုးအမြတ်မယူတဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ Medical Aid for Palestinians (MAP) က ထုတ်ပြန်ပါတယ်။ 

    နယ်စည်းမခြား ဆရာ၀န်များအဖွဲ့ MSF ကလည်း ဒီလိုအကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း၊ ဂါဇာကမ်းမြှောင်မှာ ချက်ခြင်းအပစ်ရပ်ဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။ 

    အလ်ရှာတီနဲ့ နူစီရတ်ဒုက္ခသည်စခန်းတွေလည်း မနေ့က တိုက်ခိုက်ခံခဲ့ရပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဆေးရုံဆေးခန်းနှင့် ကျန်းမာရေး၀န်ထမ်းများအပေါ် အစ္စရေးက တိုက်ခိုက်မှုကို  WHO က စာရင်းပြုစုထား

    ဆေးရုံဆေးခန်းနှင့် ကျန်းမာရေး၀န်ထမ်းများအပေါ် အစ္စရေးက တိုက်ခိုက်မှုကို WHO က စာရင်းပြုစုထား

    အောက်တိုဘာ ၃၁၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ဂါဇာစီးတီးမှ အလ် အဟ်လီ အာရပ် ဆေးရုံကို အစ္စရေးက တိုက်ခိုက်မှုအပြီး တွေ့ရစဥ်)

    -ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး တိုက်ခိုက်ရာမှာ ကျန်းမာရေးဆိုင်ရာ ပစ်မှတ် အများအပြားကို ဖျက်ဆီးခဲ့ပါတယ်။ 

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အစ္စရေးရဲ့ ဒီစစ်ရာဇ၀တ်မှုတွေကို စာရင်းပြုစုထားပြီး အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    အနောက်ဖက်ကမ်း

    ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့တွေဟာ လူနာတင်ကားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၉၉ ကြိမ်ရှိခဲ့ပြီး၊ ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းကို နှောက်ယှက်တိုက်ခိုက်မှု ၆၇ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ WHO က ပြောပါတယ်။ 

    အစ္စရေးဟာ ကျန်းမာရေး၀န်ထမ်းတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၆၁ ခု၊ ကျန်းမာရေး၀န်ထမ်းနဲ့ လူနာတင်ကား ဖမ်းဆီးမှု ၁၉ ခု၊ ဆေးရုံဆေးခန်းတွေမှာ လက်နက်ကိုင်ကာ အတင်း၀င်ရောက်ရှာဖွေမှု ၁၂ ခု ကျူးလွန်ခဲ့ပါတယ်။ 

    ဂါဇာကမ်းမြှောင်

    ဂါဇာကမ်းမြှောင်မှာတော့ အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ကျန်းမာရေး၀န်ထမ်း ၁၂၄ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။

    အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့ ကျန်းမာရေး၀န်ထမ်း ၁၀၀ ကျော်ရှိပြီး၊ လူနာတင်ကား ၅၀ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီအထဲက ၂၅ စီးဟာ လုံး၀ပျက်ဆီးသွားပါတယ်။ 

    ဂါဇာမှာ ဆေးရုံ ၃၅ ရုံရှိပြီး အစ္စရေးရဲ့ ဗုံးကြဲမှုတွေ၊ ဖြတ်လေးဖြတ် ပိတ်ပင်ရေးစနစ်တွေကြောင့် ၁၂ ခုကို ပိတ်ထားလိုက်ရပြီဖြစ်ပါတယ်။ ဆေးခန်း ၇၂ ခုမှာလည်း ၄၆ ခုက အစ္စရေးရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပိတ်ထားလိုက်ရပါတယ်။ 

    အစ္စရေးဟာ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေပြီး အောက်တိုဘာ ၃၀ နေ့က ဂါဇာစီးတီးမှာရှိတဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေး ဆေးရုံကို ဒုံးကျည်နဲ့ ပစ်ခဲ့ပါတယ်။ 

  • ဂါဇာရှိ ကင်ဆာဆေးရုံကို အစ္စရေးက တိုက်ခိုက်

    ဂါဇာရှိ ကင်ဆာဆေးရုံကို အစ္စရေးက တိုက်ခိုက်

    အောက်တိုဘာ ၃၁၊ ၂၀၂၃ 

    M-Media 

    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ဂါဇာစီးတီးမှာရှိတဲ့ တူရကီ-ပါလက်စတိုင်း ချစ်ကြည်ရေး ကင်ဆာဆေးရုံကို အစ္စရေးက တနင်္လာနေ့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့ပါတယ်။ 

    တနင်္လာနေ့ တစ်နေ့လုံး ဆေးရုံပတ်၀န်းကျင်ကို တိုက်ခိုက်ခဲ့ရာကနေ ညနေ ၅ နာရီခွဲလောက်မှာ မေ့ဆေးဌာနရှိရာ ဆေးရုံရဲ့ တတိယထပ်ကို ဒုံးကျည်နဲ့ အစ္စရေးက ပစ်ခတ်ခဲ့တာပါ။

    နံရံတွေ ပြိုကျသွားခဲ့ပြီး အောက်ဆီဂျင်လိုင်း၊ ရေလိုင်းနဲ့ ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားခဲ့တယ်လို့ ဆေးရုံဒါရိုက်တာ ဆိုဘီ ရှိခ်က ပြောပါတယ်။ 

    ကံကောင်းစွာနဲ့ လူနာတွေ ထိခိုက်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

    ဂါဇာမှာ ကင်ဆာလူနာ တစ်သောင်းလောက်ရှိပြီး တူရကီ-ပါလက်စတိုင်း ဆေးရုံဟာ ကုတင် ၁၅၆ ခုသာဆန့်တဲ့ တစ်ခုတည်းသော ကင်ဆာဆေးရုံ ဖြစ်ပါတယ်။ 

    တူရကီက အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ပြန်ပါတယ်။

    တူရကီနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆေးရုံကို တိုက်ခိုက်မှုတွေ မရှိစေဖို့အတွက် နေရာအတိအကျအပါအ၀င် ဆေးရုံအချက်အလက်အားလုံးကို အစ္စရေးထံ ပေးထားပြီးသားလို့ ဖော်ပြထားပါတယ်။ 

    “ဂါဇာက ပါလက်စတိုင်းပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ပျက်ဆီးအောင် ရည်ရွယ်တဲ့ လူမဆန်တဲ့ တိုက်ခိုက်မှုတွေ၊ ပိတ်ဆို့ထားမှုတွေဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဂါဇာမှာ သေဆုံးသူအရေအတွက် ၈ ထောင်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာရှိ အဓိကဆေးရုံကို ဗုံးကြဲမည်ဟု အစ္စရေးက ရာဇသံပေး

    ဂါဇာရှိ အဓိကဆေးရုံကို ဗုံးကြဲမည်ဟု အစ္စရေးက ရာဇသံပေး

    အောက်တိုဘာ ၂၉၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ- ပါလက်စတိုင်းလခြမ်းနီအဖွဲ့၏ ထုတ်ပြန်ချက်)

    -ဂါဇာကမ်းမြှောင်က အဓိက ဆေးရုံတစ်ခုဖြစ်တဲ့ အလ်-ကွဒ်စ် ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မယ်လို့ အစ္စရေးတပ်ဖွဲ့က ခြိမ်းခြောက်ခဲ့ပြီး ချက်ခြင်းပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ဂါဇာစီးတီးမှာ ရှိတဲ့ ဒီဆေးရုံဟာ အစ္စရေးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို အဓိက ကုသပေးနေတဲ့ နေရာဖြစ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ အများအပြားကိုလည်း ခိုလှုံခွင့်ပေးထားပါတယ်။ 

    တနင်္ဂနွေနေနေ့ မနက်ပိုင်းကစပြီး ဆေးရုံရဲ့ မီတာ ၅၀ အကွာမှာ အစ္စရေးလေယာဥ်တွေက ဗုံးအလုံးပေါင်းများစွာ လာကြဲချနေတယ်လို့လည်း ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ဆိုရှယ်မီဒီယာမှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

    ဂါဇာ အဓိကဆေးရုံတစ်ခုဖြစ်တဲ့ အလ်-အဟ်လီ အာရပ်ဆေးရုံဟာ အောက်တိုဘာ ၁၉ ရက်နေ့က အစ္စရေးရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒဏ်ရာရသူတွေနဲ့ စစ်ဘေးရှောင်တွေ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera